မှန်ထောင်ကဝေမ အပိုင်း(၆)



ဆရာကြီးက ပြောရင်းဆိုရင်း တဲအပြင်ကို
ထွက်တယ်။ ကျုပ်နဲ့ ဆရာနွံဖလည်း နောက်က
လိုက်ခဲ့ကြတယ်။ ကဝေကြီးရဲ့ တဲတောင်ဘက်မှာ
မြက်ခင်းတစ်ခု ရှိတယ်ဗျ။ ဆရာကြီးက အဲဒီနေရာကို
ရွေးလိုက်တယ်။ ပြီးတော့ မြက်ခင်းရဲ့ဘေးက
သရက်ပင်ကြီးတွေ နောက်ဘက်ကို ဝင်နေလိုက်ကြတယ်။

ကျုပ်တို့ ဆရာတပည့်တွေ စောင့်နေလိုက်ကြတာ
သိမ်ကုန်း ရွာဘက်က သန်းခေါင်ကြက်တွန်သံ
သဲ့သဲ့ကလေးကိုတောင် ကြားနေရတယ်ဗျ။

ကျုပ်စိတ်ထင် ပြောရရင်တော့ သန်းခေါင်ကျော်ပြီး
တစ်နာရီလောက်အကြာ ညနာရီပြန်တစ်ချက်လောက်ပေါ့ဗျာ။
ကျုပ်လည်း ဟိုကြည့် သည်ကြည့်နဲ့ ကြည့်နေရတာပေါ့။

"ဟော မီးလုံးကြီး ရောက်လာပြီဗျို့"

တာတေက လေသံကလေးနဲ့ ပြောလိုက်တာဗျ။
ဆရာကြီးရော ဆရာနွံဖပါ တာတေ လက်ညှိုးထိုးပြတဲ့
နေရာကို ကြည့်ကြတာပေါ့ဗျာ။

"အေး ဟုတ်တယ်ဟေ့ မောင်တာတေရေ။
အဆင်သင့်ပြင်ပေတော့ဟေ့ ။ နွံဖက အင်းတွေ
ပြင်ထားပေးတော့"

ဆရာကောင်းတပည့် ပီသလှတဲ့ ဆရာနွံဖကတော့
ဘာမဆို တစ်ခွန်းပါပဲ။ အလွန်စိတ်ချရတဲ့ ဆရာကြီးရဲ့
တပည့်ပါပဲဗျာ။ ဟော ဟော ကဝေမီးလုံးကြီးက
သစ်ပင်တွေအပေါ်မှာ မြူးတူးပြီး ဝဲနေတာဗျို့။

နိမ့်ဆင်းလိုက် ။ အပေါ်ကို မြင့်တက်သွားလိုက်
အနောက်ဘက်ကို ပျံထွက်သွားလိုက် ။ အရှေ့ဘက်ကို
ပျံထွက်သွားလိုက်နဲ့ဗျ။

တာတေဆိုတဲ့ ကျုပ်ကလည်း အရေးပေါ်ပြီဆိုရင်
ကြက်သီးက တဖျန်းဖျန်းပဲဗျို့။ဟာ ဟာ ကဝေမီးလုံးကြီး
ကျုပ်တို့ဘက်ကို ပျံလာပြီဗျို့။

ဆရာကြီးရော ကျုပ်တို့အားလုံး သရက်ပင်ကြီးတွေနောက်မှာ
ငြိမ်နေကြရတာဗျို့။ဟော ပျံထွက်သွားပြီဗျ။
ဟာ ဒီတစ်ခါတော့ တဲခေါင်မိုးပေါ်မှာကပ်ပြီး ဝဲနေတာဗျို့။
ဟော ငြိမ်သွားပြီ ။ ငြိမ်သွားပြီ။ ခေါင်မိုးပေါ်မှာ
ကပ်ပြီး ငြိမ်နေတယ်ဗျို့။

ဟာ တဲထဲကို ခေါင်မိုးဖောက်ပြီး ဝင်သွားပြီဗျို့။

"ဝုန်း ဂလွမ်း ဒုန်း "

ဟာ ပြသာနာတော့ စပြီဗျို့။
ကဝေမကြီး တဲထဲမှာ ခုန်ပေါက်နေပြီ ထင်တယ်ဗျ။
ဆရာကြီး ချထားတဲ့အင်းတွေကြောင့် သူ့ကိုယ်ထဲကို
ပြန်ဝင်လို့ မရတော့ဘူးဗျို့။

"ဝုန်း  ဝုန်း "

ဟာ တဲထဲမှာ ဝုန်းဒိုင်းကြဲနေပြီဗျို့။ဟော ဟော
ထွက်လာပြီ ။ ထွက်လာပြီဗျို့။

"ဆရာကြီး ကဝေမကြီး တဲရှေ့ကို ထွက်လာပြီဗျ။
ဆံပင်ဖားလျားကြီးနဲ့ ။ထဘီက ပေါင်လယ်လောက်အထိ
တိုတိုကြီး ဝတ်လို့ဗျ။ ဟာ မျက်လုံးနီနီကြီးတွေနဲ့
လိုက်ကြည့်နေပြီဗျို့"

"အေး ဟုတ်ပါပြီ မောင်တာတေ။ မင်းမြင်သမျှကို
တစ်ခုမကျန် မြန်မြန်ပြောပေတော့ကွဲ့"

"ဟော ဟော တဲဟိုဘက်ကို ထွက်သွားပြီဗျ။
ဟာ ပြန်လာပြန်ပြီဗျို့။လိုက်ရှာနေတာ ဆရာကြီးရေ။
ကျုပ်တို့ဘက်ကို ခါးကြီးထောက်ပြီး ကြည့်နေတာဗျ။
ဆရာကြီးရော မြင်ရလား"

"ဟာ …ဘယ်မြင်ရမလဲ မောင်တာတေရဲ့။
သူကိုယ်ထဲကို ပြန်ဝင်လို့ မရတော့ ဝိညာဉ်အနေနဲ့ပဲ
လျှောက်သွားနေတာလေ။မင်းက မျက်ကွင်းဆေးတော်ကြောင့်
မြင်ရတာပေါ့။ ကဲ ကဲ မြင်သမျှသာ ပြောပေး"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟာ လာနေပြီ ဆရာကြီးရေ
ကျုပ်တို့ဘက်ကို လာနေပြီဗျို့။ မြက်ခင်းအလယ်
ရောက်နေပြီဗျ"

"အေး ဟုတ်ပြီ ကျုပ်တို့ ထွက်ကြမယ်
ဆယ်ပေလောက်အကွာရောက်ရင် ရပ်လို့ပြော။
 မောင်တာတေကမြင်ရတော့ ရပ်ရမယ့်နေရာကို
 သေသေချာချာ ပြနော် ။ ကဲ လာ ထွက်စို့"

ပြောပြောဆိုဆို ဆရာကြီးက ရှေ့က ထွက်တယ်
ကျုပ်က ကဝေမကြီး ရပ်နေတဲ့နေရာကို လက်ညှိုးထိုးပြတယ်
ဟုတ်ပြီ ။ သွား သွား ရောက်ပြီ

"ရပ်တော့ ဆရာကြီး"

ဆယ်ပေလောက်အကွာမှာ ကျုပ်က ရပ်ခိုင်းလိုက်တယ်။
ပြီးတော့ ကဝေမကြီးကို တည့်တည့်လက်ညှိုးထိုးပြလိုက်တယ်
ဒေါသ အရမ်းထွက်နေတဲ့ ကဝေမကြီးက မျက်လုံးနီကြီးနဲ့
ကြည့်နေတယ်ဗျ။

"လက်နှစ်ဘက်ကို ကြက်ခြေခတ်ယှက်ထားတယ်ဗျ။
ပါးစပ်ကလည်း မန္တန်တွေ ရွတ်နေတယ်။ ဟာ လက်နှစ်ဘက်
ယှက်ထားတဲ့ နေရာက ကဝေစက်တွေ ထွက်လာပြီဗျို့"

"မြင်ရတယ် မောင်တာတေရဲ့ ။ အဲဒီစက်တွေကိုတော့
ဆရာကြီး မြင်ရတယ် ။ မင်း အသာနောက်ဆုတ်နေတော့"

ဆရာကြီးက ပြောပြောဆိုဆိုနဲ့ သူ့လက်နှစ်ဖက်ကို
ကြက်ခြေခတ်ယှက်လိုက်တယ်ဗျ။ လက်ကောက်ဝတ်နေရာမှာ
လက်နှစ်ဘက်ယှက်ထားတာ။ ပြီးတော့ မန္တန်ရွတ်တယ်ဗျို့။
ဟာ ဆရာကြီးရဲ့ လက်ကလည်း တလက်လက်နဲ့
အရောင်တွေ ထွက်လာတယ်ဗျို့။ 

အလို ကဝေစက်တွေနဲ့ ဆရာကြီးရဲ့ အလင်းရောင်တွေ
တွေ့တော့မယ်ဗျို့။ဟာ တွေ့ပြီဗျို့။တွေ့ပြီ။

"ဝုန်း ဝုန်း "

"လဲကျသွားပြီဗျို့။ ကဝေမကြီး ဖင်ထိုင်ရက်ကြီး 
ကျသွားပြီဗျ။ ဟော ပြန်ထလာပြီ ။ ဆရာကြီးရေ
ဟာ သူ့ပါးစပ်ကို အကျယ်ကြီး ဟထားတယ်ဗျို့"

"ဟင် ဟုတ်လား ။ ဒါဆို ကဝေမီးတောက်နဲ့
မှုတ်တော့မှာကွဲ့။ နွံဖ ပေးစမ်း ဆရာ့ကို 
ပထမံရေစင်အင်း"

ဆရာနွံဖက လွယ်အိတ်ထဲက အင်းတစ်ချပ်ကို
ကပျာကယာ ထုတ်ပေးလိုက်တယ်ဗျ။ဟာ 
ဟုတ်ပါရဲ့ဗျာ။ကဝေမကြီးရဲ့ ပါးစပ်ထဲက
မီးတောက်ကြီး ထွက်လာတယ်ဗျို့။

"ဟာ ဆရာကြီး မီးတောက်ကြီး"

"အေး တွေ့ရတယ် တွေ့ရတယ် မောင်တာတေ
မကြောက်နဲ့ဟေ့"

ဆရာကြီးက ပထမံရေစင်အင်းကို လက်ထဲမှာ
ဆလိုက်ရင်း ပတ်လိုက်ပြီဗျို့။ဟာ အင်းက
မီးတောက်တည့်တည့်ကို ဝင်သွားတာဗျာ။

"ဝုန်း ဝုန်း ဝီး ဝီး"

ဟာ ရေတွေ ပန်းထွက်လာတာဗျို့။ဆရာကြီး
ပစ်တဲ့အင်းက ထင်တယ်။ ရေတွေ ပန်းထွက်လာတာဗျ။
ဟော ကဝေမီးတောက်ကြီးနောက်ကို လွင့်ထွက်သွားပြီဗျို့။
ကဝေမကြီးက နောက်ဘက်ကို ခြေတစ်လှမ်းစာလောက်
ခုန်ထွက်သွားတယ်ဗျို့။ပြီးတော့ ကောင်းကင်ကို
မော့ကြည့်ပြီး မန္တန်ရွတ်တယ်ဗျို့။

အပိုင်း(၇)ဆက်ရန်...

မူရင်းရေးသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)