မှန်ထောင်ကဝေမ အပိုင်း(၅)
ဆရာကြီးရော ကျုပ်ရော ဆရာနွံဖပြောတဲ့ နေရာကို
လှမ်းကြည့်လိုက်မိတယ်ဗျို့။ဟာ ဟုတ်ပါရဲ့ဗျာ။
စောစောက ဒါကို ကျုပ်တို့ မတွေ့ဘူးဗျ။
လူတစ်ရပ်လောက်မြင့်တဲ့ မှန်ချပ်ကြီးဗျို့။
ဘေးမှာ ကနုတ်ပန်းတွေ ဖော်ထားတဲ့ ဘောင်ခွေနဲ့ဗျ။
ကြည့်ရတာတော့ တော်တော်ကို ရှေးကျတဲ့ လက်ရာလို့
တာတေ ထင်တယ်။မှန်ပေါ်မှာ ပိတ်စအနက်တစ်စနဲ့
ဖုံးထားတာဗျ။မှန်ရဲ့ဗျက်ကတော့ ၂ပေလောက်။
၂ပေခွဲလောက် ရှိမယ် ထင်တယ်။
"ဟာ ဟုတ်သားပဲကွ။ အဲဒါ ကဝေကြေးမုံလို့ခေါ်တဲ့
မှန်ချပ်ကြီးပဲဟေ့ ။ အဲဒါကြီးနဲ့ လူသတ်တာကွ။
ဒါကြောင့် မှန်ထောင်ကဝေလို့ ခေါ်ကြတာပေါ့။
မန္တန်ရွတ်ပြီး မှန်ကို အာရုံစိုက်ကြည့်လိုက်တာနဲ့
သူ့သတ်မဲ့လူရဲ့ပုံက ဒီမှန်ကြီးပေါ်မှာ ခပ်ဝါးဝါး
ပေါ်လာတာတဲ့ကွ။သူ့ရှေ့မှာ ပန်းကန်တစ်ချပ်နဲ့
နှင်းဆီပန်းတစ်ပွင့် ထည့်ထားတယ်ဆိုပဲ။
အဲဒီပန်းကလည်း သေသေချာချာ စီရင်ထားတဲ့
ပန်းပေါ့။မှန်ကို စိုက်ကြည့်နေတုန်းမှာ ခပ်ဝါးဝါး
မြင်နေရတဲ့ လူပုံစံဟာ တစ်ချက်မှာ ထင်ထင်ရှားရှား
ပေါ်လာရောတဲ့ကွ။အဲဒီအချိန်မှာ ပန်းကန်ထဲက
ပန်းကို ယူပြီး မှန်ကို ပေါက်လိုက်ရုံပဲတဲ့ဟေ့။
အဲဒီပန်းခြောက်နွမ်းပြီး ကြွေကျသွားချိန်မှာ
မှန်ထဲမှာ ပေါ်လာတဲ့ လူလည်း သေတာပဲတဲ့။
လုပ်ကြံချင်တဲ့လူက သူတို့ကို ရွှေဒင်္ဂါးပြားတွေ
ပေးရတာတဲ့ဗျာ။ဒါကြောင့် ဒီကဝေမကြီးက
မောင်အုန်းကို ရွှေဒင်္ဂါးပြားတွေ ပေးလိုက်တာပေါ့ကွာ။
မှန်ထောင်ကဝေဆိုတာ အင်မတန်ကို
ကြောက်စရာကောင်းတာဟေ့"
"ဆရာကြီး ပြောတာနဲ့တင် ကျုပ်တော့
ကျောချမ်းလာပါပြီ ဆရာကြီးရယ်"
"ဘာကြောက်စရာရှိလဲ မောင်တာတေ။
ဆရာကြီးတို့ကတော့ ဒင်းကို ရှင်းပစ်ရမှာပဲပေါ့။
ဒီလိုမှမရှင်းရင် အသက်ရာချီပြီး ရှည်တဲ့
ဒီကဝေမကြီးက လူတွေ အများကြီးကို
ထပ်ပြီး သတ်နေဦးမှာ မဟုတ်လား"
"ဟုတ်ပါတယ် ဆရာကြီး ။ ကျုပ် ဘာကူညီရမယ်ဆိုတာသာ
ပြောပါ "
ကျုပ်က ပြောလိုက်တော့ ဆရာကြီးက ခေါင်းညိတ်ပြီး …
"ကဲ နွံဖနဲ့ မောင်တာတေ။ ခဏလောက်
နောက်ဆုတ်နေကြပေတော့"
ဆရာကြီးရဲ့စကားဆုံးတာနဲ့ ကျုပ်နဲ့ ဆရာနွံဖက
နောက်ကိုဆုတ်ပြီး တဲရဲ့ တခြားထရံဘက်ကို
သွားကပ်ရက်နေကြတယ်ဗျ။
ဆရာကြီးက သူ့လွယ်အိတ်ထဲက မြေဖြူခဲတစ်ချောင်းကို
ထုတ်ယူလိုက်ပြီး စန့်စန့်ကြီး ဖြစ်နေတဲ့ ကဝေမကြီးကို
စက်ဝိုင်းပုံစံဝိုင်းပြီး စည်းချလိုက်တယ်ဗျ။ ပြီးတော့
ဝါးကပ်ကြမ်းခင်းပေါ်မှာပဲ အင်းကွက်တွေချပြီး
မန္တန်တွေရွတ်တယ်။
အဲဒီလို ဆရာကြီး မန္တန်တွေ ရွတ်နေတဲ့အချိန်မှာ
ကြမ်းပြင်မှာ မြေဖြူနဲ့ ဆွဲထားတဲ့ အင်းတွေက
အရောင်တွေ လက်သွားလိုပဲဗျ။ကျုပ် မြင်လိုက်တာကို
ဆရာနွံဖလည်း မြင်ပုံရတယ်။
"အဲဒါ အင်းနှိုးတာကွ တာတေရ။အင်းကို
အသက်သွင်းတာပေါ့ကွာ။အသက်ဝင်သွားလို့
အရောင်တွေ ပြိုးပြိုးပြက်ပြက် ဖြစ်သွားတာကွ။
အဲဒီမြေဖြူတောင့်ကလည်း ဆရာကြီး သေသေချာချာ
စီရင်ထားတာ ။ ရိုးရိုးမြေဖြူတောင့် မဟုတ်လားလေ"
"သြော် ဟုတ်လား ဆရာနွံဖ"
ဟော ကျုပ်နဲ့ ဆရာနွံဖ စကားပြောနေတုန်းမှာပဲ
ဆရာကြီးက ရှေးဟောင်းမှန်ချပ်ကြီးဆီကို သွားတယ်ဗျ။
ပြီးတော့ မှန်ပေါ်မှာ အင်းကွက်တွေ ချလိုက်တယ်။
အဝတ်နက်ကြီးကို ဆရာကြီး ဖယ်လိုက်တဲ့အချိန်မှာ
ကျုပ်ဖြင့် မှန်ကြီးကို ကြည့်တောင် မကြည့်ရဲဘူးဗျာ။
ဒါ လူသတ်တဲ့ မှန်ကြီးဗျ။ရိုးရိုးမှန် မဟုတ်ဘူးလေဗျာ။
ကဝေမှန်ကြီးလေ။ ကျုပ် ကြောက်နေတာကို ဆရာနွံဖက
တွေ့တော့ …
"မကြောက်နဲ့ တာတေ။ အခုအတိုင်းက ရိုးရိုးမှန်ပါပဲကွာ
မန္တန်သွင်းလိုက်မှ မှော်ဝင်သွားပြီး ကဝေမှန် ဖြစ်တော့တာကွ"
ဆရာကြီးက မှန်ပေါ်က အင်းတွေကိုလည်း မန္တန်ရွတ်ပြီး
အသက်သွင်းတယ်ဗျ။
"ကဲ နွံဖ မျက်ကွင်းဆေးတောင့်ထုတ်ပြီး သွေးပေတော့။
ပြီးရင် မောင်တာတေကို ဆေးကွင်းပေတော့။ ကဝေမကြီး
ပြန်လာရင် ကျုပ် ချထားတဲ့ အင်းတွေကြောင့် သူကိုယ်ထဲကို
ပြန်ဝင်လို့ ရမှာ မဟုတ်တော့ဘူးကွဲ့။ အဲဒီအတွက်ကြောင့်
ကျုပ်တို့က သူ့ရုပ်နုကို မြင်ရမှာ မဟုတ်ဘူးလေ။
ဒါကြောင့် မောင်တာတေက ကြည့်ပြီး သူဘယ်မှာ
ဘာလုပ်နေတယ်ဆိုတာကို ပြောပြရမယ်။
ကဝေမကြီးက သူကိုယ်ထဲကို ပြန်ဝင်လို့ မရတော့ရင်
ဒေါသတအားထွက်တော့မှာကွ။ သူရင်ဆိုင်ရမယ့်
ရန်သူရဲ့ အဆင့်ကိုလည်း ချက်ချင်းတွက်လို့ရသွားမှာ။
ကျုပ်ကိုလည်း နည်းနည်းမှ ညှာမှာမဟုတ်ဘူး။
ကျုပ်ကလည်း နည်းနည်းလေးမှကို နောက်ကျလို့
မရဘူးကွဲ့။ ဒီပွဲဟာ သူရော ကျုပ်ရော အသက်လုပွဲပေါ့ကွယ်။
ကဲ ကဲ နွံဖရော ။ မောင်တာတေပါ ဆေးတော်ကြီး
ကွင်းဖို့ လုပ်တော့ "
ဆရာနွံဖက မျက်ကွင်းဆေးတော်ကြီးကိုထုတ်ပြီး
ကျွမ်းကျွမ်းကျင်ကျင် သွေးတယ်။ ပြီးတော့
ကျုပ် မျက်လုံးနှစ်ဖက်စလုံးကို ဆေးကွင်းပေးတယ်ဗျ။
ဆေးကွင်းပြီးတော့ ဆရာကြီးက ပြောတယ်ဗျ။
"နွံဖ မောင်တာတေကို 'နတ်စက်ရောင်'အင်းတစ်ချပ်
တိုက်ထားလိုက်ကွဲ့။ဒါမှ ကဝေမကြီးက သူ့ကို
ကဝေမစက်တွေနဲ့ ပစ်ရင် ကာကွယ်နိုင်မှာ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
ဆရာနွံဖက အင်းတစ်ချပ်ကို ခပ်မြန်မြန်ထုတ်ပြီး
အင်းသောက်ပန်းကန်လုံးကလေးထဲမှာ ပြာချ။
ရေစင်ဘူးထဲက ရေစင်ထဲမွှေပြီး ကျုပ်ကို အင်းတိုက်တယ်။
"ကဲ အားလုံးပြီးရင် ကျုပ်တို့ အပြင်ထွက်ကြမယ်
ဒီကဝေမကြီး ဘယ်အချိန် ပြန်လာမယ်တော့
မသိဘူးကွဲ့"
အပိုင်း(၆)ဆက်ရန်..
မူရင်းရေးသူ =တာတေ

Comments
Post a Comment