“ ည မအိပ်ရ ” အပိုင်း(၄)



အလုပ်ပင်ပန်းမှုနှင့် ညစဉ်ရက်ဆက်
အိပ်ရေးပျက်လာကြသူများမို့
တစ်ဦးပြီးတစ်ဦး တိုက်ပွဲကျကုန်သည့်အချိန်
ဦးကျော်သာကတော့ သူများတွေထက်နောက်ကျမှ
အိပ်ဖြစ်ခဲ့သည် ၊ အိပ်ပျော်ခါနီးအချိန်လေး မထင်ထားပဲ
ဦးညိုထွေးရဲ့အလောင်းနေရာကိုကြည့်လိုက်မိလေသည် ။

ထူးခြားဆန်းကြယ်စွာ အလောင်းကောင်မှာ
လူးလာလှုပ်ရှားနေလေသည် ။

ဦးကျော်သာလည်း အံသြကြီးသွားပြီး
မျက်စိလေးကို မှိတ်ချင်ယောင်ဆောင်ထားရင်း
ဂွမ်းစောင်ကြားထဲမှ အလောင်းကောင်အား
ခိုးကြည့်နေမိရာ အလောင်းကောင်ကြီးမှာ
မတ်တပ်ပင်ရပ်နေချေပြီ ။

ဦးကျော်သာ တစ်ယောက် ခေါင်းနပန်းတွေကြီးသွားပြီး
အသက်ပင်ခပ်ပြင်းပြင်းမရှုရဲတော့.. ၊ ဆောင်းတွင်းကာလာ
ခိုက်ခိုက်တုန်နေကြချိန် ဖြစ်သော်လည်း…. ဦးကျော်သာ
တစ်ကိုယ်လုံး ချွေးတွေသံတွေနှင့် ရွှဲနေချေသည် ။

ဦးညိုထွေးအလောင်းကောင်ကြီးမှာ 
အလောင်းပြင်ထားသည့်အတိုင်း အကျီ င်္အ၀တ်အစား
ပြောင်းပြန်ကြီးနှင့် မတ်တပ်ရပ်လျှက်သားကြီး
သူ့တဲထဲမှာ အိပ်မောကျနေကြတဲ့ ဦးကျော်သာ တို့လူစု
တစ်ဦးချင်းစီကို သေသေချာချာလိုက်ကြည့်နေပြန်ရာ
ဦးကျော်သာတစ်ယောက် ကြောက်စိတ်ကို ကြိုးစားထိန်းရင်း
မျက်စိမှိတ်ထားလိုက်မိသည် ၊ အချိန်ခဏမျှအကြာ
အလောင်းကောင်ကြီး ဘာဖြစ်နေသည်ကို သိချင်ဇောနှင့် 
ဦးကျော်သာ မျက်စိကိုမသိမသာ နည်းနည်းလေး
ဖွင့်ကြည့်ရာ မမျှော်လင့်ထားသည့် မြင်ကွင်းကသူ့အား
စောင့်ကြိုနေလေပြီ…. ၊ ထိုအရာမှာ အခြားမဟုတ်
သွေးမရှိ ဖြုဖတ်ဖြူလျှော်ဖြစ်နေသည့် သေဆုံးပြီးသားသူ
ဦးညိုထွေး၏ အသက်မပါသည့်မျက်နာကြီးနှင့် 
မျက်စံမပါသည့် မျက်လုံးအဖြူကြီးပင် … ၊
ရုတ်တရက်ဆိုတော့ ဦးကျော်သာတစ်ယောက်
လန့်သွားပြီး ကြောက်စိတ်ကြောင့် ထအော်လိုက်ချင်ပေမယ့်
အလောင်းကောင်ကြီးက သူ့အားတစ်ခုခုခုပ်မယ်ကို
ပိုစိုးရိတ်သဖြင့် မျက်စိကိုအသာမှိတ်ရင်း
အသံလုံး၀မထွက်အောင် အသက်အောင့်ထားမိရင်း
အိပ်ချင်ယောင်ပြန်ဆောင်နေလိုက်သည် . … ။

မကြာခင်မှာပင် သူ၏နားထဲ ကြမ်းခင်းအား လူတစ်ယောက်
နင်းသွားသည့်အသံကြားလိုက်ရသဖြင့် အရဲစွန့်ပြီး
ခိုးကြည့်မိရာ သူ့အား အိပ်မအိပ် လာကြည့်သည့်
ဖုတ်၀င်နေသော ဦးညိုထွေး၏ အလောင်းနေရာမှာ 
မရှိတော့ပေ… ၊ မည်သည့်နေရာရောက်သွာသည်ကို
သိလိုဇောနှင့် ဟိုဘက်ဒီဘက် ပျင်းကြောဆွဲသလိုဟန်လုပ်ကာ
ကိုယ်လုံးကို တစ်ဘက်သို့လှိမ့်လိုက်ပြီး တဲအပြင်ဘက်အား
အကဲခတ်လိုက်ရာ ဦးညိုထွေးအလောင်းကောင်ကြီးမှာ
သူမသေခင်က စိုက်ပျိုးထားသည့် ဂေါ်ဖီခင်းများအား အလောင်းကြီးအတိုင်း
တောင့်တောင်ကြီးနှင့် သူ့စိုက်ခင်းများအားတစ်ခုပြီးတစ်ခု
စိတ်မချသလိုနှင့် သေသေချာချာ ပတ်ကြည့်ကြည့်နေသည်ကို
အတိုင်းသားမြင်လိုက်ရသည် ၊ ထိုသို့အလောင်းကောင်ကြီးမှာ
လျှောက်သွားနေရင်းမှ သူ၏တဲနေရာလေးအားလည်း
တစ်ချက်တစ်ချက်လှမ်းကြည့်သေးသည် ၊ သူကကြည့်ရတာ
ဦးကျော်သာတို့ နိုးသွားမှာကိုလည်း စိုးရိမ်နေပုံရသည် ။

တစ်ညလုံး ဦးကျော်သာ လည်းမအိပ်ရဲ ၊
ဘေးကလူတွေကို နှိုးလိုက်ရင် အလောင်းကောင်ကြီး
ထွက်ပြေးသွားမှ ပိုဆိုးမှာလည်းကြောက် …
သူ့ပြေးပေါက်ကိုလည်းကြိုကြည့်ထားနေမိသလို 
ဖုတ်၀င်နေသည့်ညိုထွေးအလောင်းကြီးမှာလည်း
သူမသေခင်ကစိုက်ပျိုးထားသည့် ဂေါ်ဖီခင်းများကိုသာ
လိုက်ကြည့်နေရင်း နံနက်အာရုဏ်တက်ချိန်မတိုင်ခင်အချိန်လေးမှာ
အလောင်းကောင်ကြီးက တဲလေးဆီကို ပြန်လာပြီးနောက်
အိပ်နေသည့် ဦးကျော်သာတို့လူစုကို တစ်ချက်အကဲခတ်ရင်း
သူ့အလောင်းပြင်ထားသည့်နေရာမှာပင်
ပုံစံမပျက် ၀င်အိပ်ရင်း သူ့ဘာသာပင် အလောင်းအပေါ်ခြုံလွှာလေး
ပြန်ခြုံလိုက်သည်ကို ဦးကျော်သာ အတိုင်းသားမြင်ခဲ့ရလေသည် ။

ထိုအချိန်တိုင်အောင် ဦးကျော်သာ အသက်ကို၀၀ မရှူရဲသေး…
မြန်မြန်မိုးလင်းပါစေဟုသာ ဆုတောင်းနေရင်း နောက်ဆုံး
သူတိုကမွေးထားသည့် ကြက်များ တွန်သံကြားပြီး
လူတစ်ချို့ အပျင်းဆန့်သံကြားခါမှ ရုတ်တရက်
ထပြီး အိမ်သာနေရာသို့ ထွက်ပြေးဖြစ်ခဲ့သည် ။

ကျန်အပေါင်းအသင်းများမှာ ဦးကျော်သာ၏လုပ်ရက်ကို
အံသြနေကြတုန်း ဦးကျော်သာတစ်ယောက်
အိပ်သာမှ ပြန်လာသသည့်အခါ အပေါင်းအသင်းများအား
ညက သူမြင်ခဲ့ရသည့် အလောင်းကောင်
လမ်းထလျှောက်သည့် အကြောင်းများကို 
ပြန်ပြောပြလေသည် ၊ ထိုသို့ပြောပြရာ မည်သူမျှမယုံကြည်ကြချေ ။

“ ငါတကယ်ပြောနေတာကွ….
ငါကျိန်ရဲတယ် ”

“ ဟေ့ယောင် ကျော်သာ ငါတို့ကို ခြောက်မနေနဲ့
ညက အကုန်လုံးအိပ်နေတာ မင်းအိပ်မက်တွေမက်ပြီး
ကယောင်ကတန်းတွေပြောမနေနဲ့ ”

ဦးကျော်သာ မည်သို့ပင်ပြောပြော
တစ်ဦးမျှမယုံကြသည့်နောက်ဆုံး မကျေမနပ်ဖြင့်
ဦးကျော်သာ လည်း အလောင်းကောင်၏
ခြေထောက်ကို ပြလိုက်ရာ….အလောင်းကောင်၏
ခြေထောက်တွင် မြေမှုံ သံမှုံ ၊ ရွှံ့များကိုတွေ့ရသည့်အပြင် ၊
အလောင်း၏ အောက်ခြေပတ်ပတ်လည်တွင်လည်း
ဂေါ်ဖီထင်းများမှ ကပ်ညှိလာဟန်ရှိသည့် ဂေါ်ဖီပန်းသေးသေးလေးများ
ကပ်နေသည်ကို လည်းကောင်း … ဦးကျော်သာက
အလောင်းကောင်လမ်း လျှောက်ခဲ့သည့်နေရာများအား
လိုက်ပြခဲ့ရာ ခြေဗလာနှင့် တစ်စုံတစ်ယောက် လမ်းလျှောက်ခဲ့သည့်
ခြေရာများကိုလည်းကောင်းတွေ့လိုက်ကြရပြီး…
အားလုံး ဦးကျော်သာ၏ စကားကို ယုံသွားကြတော့သည် ။

လူတိုင်းခြောက်ခြားနေကြပြီး 
ထိုနေ့အလုပ်လည်းမလုပ်ကြတော့ပဲ
ဦးညိုထွေး၏ ဖုတ်၀င်နေသောအလောင်းနားတွင်ပင် ဝုိင်းစောင့်နေဖြစ်ကြသည် ။

အပိုင်း(၅)ဆက်ရန်....

မူရင်းရေးသားသူ = မိုးစွေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)