ဓားစကြာ အပိုင်း(၂)



"မဟုတ်ဘူး မောင်တာတေ၊ ကျုပ်က ဝါသနာလည်း မပါဘူး။ လိုက်လည်းမကြည့်ဘူး၊ လိုက်မကြည့်ဘဲနဲ့ကို မြင်ခဲ့တာပေါ့ကွယ်"

"ဗျာ လိုက်မကြည့်ဘဲနဲ့ မြင်တာဟုတ်လား ဆရာကြီး"

ဆရာကြီးဒေါက်တာဘညိုက အသားဖြူဖြူ လူရည်သန့်သန့်ဗျ။ ရုပ်ရည်ကလည်းအင်မတန်မှတည်ကြည်ပြီး ကြည်လင်တဲ့မျက်နှာပါဗျာ။ ဆရာကြိီးကိုကြည့်လိုက်ရင်အမြဲတည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးပုံက ပေါ်နေတာဗျ။ အရပ်ကမြင့်မြင့် ၊ ကိုယ်လုံးကထွားထွားဗျ။ အသက်ကတော့ခြောက်ဆယ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ 

"ဟုတ်တယ်မောင်တာတေ၊ ကျုပ်က ၁၉၁၅ မှာမွေးတာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တစ်နှစ်တည်းမွေးတွေပေါ့ကွယ်၊ အခု ၁၉၇၅ ခုဆိုတော့ ကျုပ်အသက်ကခြောက်ဆယ်ပေါ့၊ နောက်တစ်လဆိုရင် ကျုပ်ပင်စင်ယူရတော့မယ်။ဘပင်စင်ယူပြီးရင်ကျုပ်က ရဟန်းဘောင်ဝင်တော့မှာ၊ ကျုပ်ကအိမ်ထောင်မရှိဘူးမောင်တာတေရဲ့၊ တစ်သက်လုံးလူပျိုကြိီးဘဝနဲ့ပဲနေခဲ့တာ၊ အေး ပြောရဦးမယ်၊ ကျုပ်အဖေကလည်း လူပျိုကြီးပဲကွဲ့"

"ဗျာ"

ကျုပ်တော်တော်အံ့သြသွားသဗျ။ ဒေါက်တာဘညိုက သူ့အဖေလူပျိုကြီးလို့ပြောတော့ ကျုပ်ဖြင့်ဘယ်လိုနားလည်ရမှန်းတောင်မသိတော့ဘူးပေါ့ဗျာ။ 

"ဪ ကျုပ်ပြောတာ မောင်တာတေ နားရှုပ်သွားပြီထင်တယ်၊ ကျုပ်ကစကားပြောတာနည်းနည်းလောသွားလို့ပါ၊ ဒီလို ဒီလို ကျုပ်ကိုမွေးစားတဲ့အဖေက လူပျိုကြီးလို့ပြောတာကွဲ့၊ ခုချိန်ထိကျုပ်ရဲ့မိဘတွေက ဘယ်သူတွေဆိုတာမသိခဲ့ရဘူး၊ ပြီးတော့ကျုပ်ရဲ့မွေးရပ်ဇာတိကဘယ်မှာဆိုတာလည်းကျုပ်ခုထိမသိခဲ့ဖူးဘူး၊ ကျုပ်ရဲ့မွေးစားအဖေကလည်းမြန်မာမဟုတ်ဘူးကွဲ့၊ အိန်ဒိယ လူမျိုးတစ်ယောက်၊ သူကိုယ်တိုင်လည်းကျုပ်ရဲ့ ဇာတိဇစ်မြစ်ကိုမသိခဲ့ဘူး၊ ကျုပ်ကိုချောင်းထဲမှာမျှောလာတဲ့ ဒိုက်ပုံကြီးတစ်ခုပေါ်မှာပါလာတာတွေ့လို့ ရေထဲမှာလိုက်ဆယ်ယူပြီး မွေးစားခဲ့တာလို့ပြောတယ်"

"ဟာ ဖြစ်ရလေ ဆရာကြီးရယ်"

ဒေါက်တာဘညိုက ကျုပ်ကုတင်ဘေးက ခုံတန်းလေးမှာ ထိုင်ပြီးပြောပြနေတာဗျ။ ဒေါက်တာဘညိုကသူ့ခေါင်းကိုတဆတ်ဆတ်ညိတ်ပြီးပြောတယ်ဗျ။ မာန်မာနအရှင်းမရှိတဲ့ဆရာဝန်ကြီးပါဗျာ။ 

"အင်း ကျုပ်အဖေက အိန်ဒိယလူမျိုးစစ်စစ်ကြီးကွဲ့၊ နာမည်က မစ်စတာ ဘာဘရာတဲ့၊ လူတွေကတော့ကျုပ်အဖေကို ဘာဘူလို့ခေါ်ကြတယ်၊ ကျုပ်ကတော့ ပါပါလို့ခေါ်တယ်၊ ပါပါကစိန်ကုန်သွယ်တစ်ယောက်ကွဲ့၊ ရုပ်ကလည်းတော်တော်ချောတာ၊ အိန်ဒိယသားဆိုပေမယ့်အသားမမဲဘူး၊ ဖြူဝင်းနေတာပဲ၊ ဝတ်တာစားတာကလည်း ဘိုတွေတောင်အရှုံးပေးရတာကွဲ့၊ ပြီးတော့ပါပါက အဂ်လိပ်အရာရှိတွေ ၊လူကုန်ထံတွေ၊ မျက်နှာဖြူကုန်သည်ကြီးတွေနဲ့ အတော်လေးကိုဖက်လှဲတကင်းရှိတာ၊ ကျုပ်ကိုလည်းပညာတတ်ဆရာဝန်တစ်ယောက်ဖြစ်လာအောင်ပညာသင်ပေးတာကွဲ့၊ ကျုပ်က အိန်ဒိယတို့ အဂ်လန်တို့မှာလည်း ဆေးပညာလိုက်စားဖူးတယ်မောင်တာတေရဲ့၊ ဒါတွေအားလုံးဟာ ပါပါ ကျေးဇူးတွေပေါ့ကွယ်"

ကျုပ်ကဆရာကြီးဒေါက်တာဘညိုပြောတဲ့ သူ့ရဲ့မွေးစားဖခင်ကြိီးအကြောင်းကို စိတ်ဝင်တစားနားထောင်နေမိတာဗျ။ 

"အင်း ပြောရဦးမယ် မောင်တာတေရေ၊ အဂ်လိပ်တွေထဲမှာလည်းခပ်ဆိုးဆိုးအရာရှိတွေ ရှိတယ်ကွဲ့၊ အဲ့ဒီအရာရှိတွေလည်းတစ်ယောက်ပြီးတစ်ယောက်သေတာပါပဲ မောင်တာတေရယ်"

"ဟင် ဘယ်လိုဖြစ်လို့တုံး ဆရာကြီးရဲ့"

"မကောင်းတဲ့လူတွေဆိုတော့ အကုသိုလ်အကျိုးပေးတာပေါ့ မောင်တာတေ"

ကျုပ်ကခေါင်းလေးတညိတ်ညိတ်နဲ့နားထောင်နေရတာပေါ့ဗျာ။ 

"ဒါပေမယ့် မောင်တာတေရေ တစ်နေ့တော့ ကျုပ်သိသွားတယ်ကွဲ့"

"ဗျာ ဘာကိုလဲ ဆရာကြီး"

"လူဆိုးလူယုတ် မျက်နှာဖြူကောင်တွေကို အကျိုးပေးတဲ့အကုသိုလ်ဟာ ကျုပ်တို့အိမ်ကြီးထဲကသွားတယ်ဆိုတာ မထင်မှတ်ဘဲကျုပ်သိသွားတာကွဲ့"

"ဗျာ ဘယ်လိုဖြစ်လို့လဲ ဆရာကြီးရဲ့"

"ကျုပ် မောင်တာတေလို လူငယ်တစ်ယောက်ကို ဒီအကြောင်းတွေ ပြောပြချင်လို့ကို လာခဲ့တာကွဲ့၊ မောင်တာတေလို ဒီလမ်းကြောင်းတွေနဲ့ နီးစပ်တဲ့လူငယ်တစ်ယောက်ကို ဗဟုသုတရစေချင်လို့ပေါ့လေ"

"ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျုပ်စိတ်ဝင်စားပါတယ်"

ဆရာကြီးဒေါက်တာဘညိုက အတိတ်ကာလကို ပြန်မြင်နေပုံပဲဗျ။ 
(ဆရာကြိီး ကျုပ်ကိုပြောတဲ့အတိုင်းပဲ ဖတ်လို့ကောင်းအောင် ပြန်ရေးပြလိုက်တာပါဗျာ)

ကျုပ် ဥပစာတန်း စတက်တဲ့နှစ်ဗျ။ ကျုပ်တို့အိမ်ကဗဟန်းမှာ။ ခြံဝန်းကျယ်ကြီးထဲကနှစ်ထပ်အိမ်မဲကြီး။ တစ်အိမ်လုံးကျွန်းနဲ့ဆောက်ထားတာ။ ရေနံမှမဲနေအောင်သုတ်ထားတာ။ ဒါပေမယ့် ပါပါ ပိုင်တာမဟုတ်ဘူးဗျ။ အိမ်ကြီးတစ်လုံးလုံးကိုငှားပြီးနေတာ။ အိမ်ရှင်တောင်းသလောက်စျေးကို ပါပါက မဆစ်ပဲငှားထားတာဗျ။ ကျုပ်စာကြည့်ပြီးတော့ညဆယ်နာရီထိုးပြီ။ အိမ်ပေါ်ထပ်ကိုလှမ်းကြည့်တော့မီးလုံးတွေမပိတ်သေးဘူးဗျ။ ဒါနဲ့ကျုပ်စိတ်ထဲမှာ ပါပါနေထိုင်မှကောင်းရဲ့လားလို့စိုးရိမ်သွားပြီးပြောင်လက်နေတဲ့ကျွန်းလှေကားကြီးအတိုင်းအိမ်ပေါ်ထပ်ကိုတက်လာခဲ့တယ်။ 

အပေါ်ထပ်မှာ ပါပါအိပ်တဲ့အိပ်ခန်း၊ ပါပါစာဖတ်တဲ့စာကြည့်ခန်း၊ ပြီးတော့တံခါးအမြဲပိတ်ထားတဲ့အခန်းလွတ်တစ်ခန်းရှိတယ်ဗျ။ အဲဒီအခန်းလွတ်ထဲမှာပါပါကဝင်ပြီး ပုတီးစိပ်တာတို့ တရားထိုင်တာတို့ လုပ်တတ်တယ်။ ပါပါကိုးကွယ်တာကတော့ ဟိန်ဒူလို့ ကျုပ်ထင်တယ်။ ဒီအကြောင်းကိုပါပါတစ်ခါမှပြောမပြဘူးဗျ။ ကျုပ်ကိုတော့ဘုန်းကြီးတစ်ပါးနဲ့အပ်ထည့်လိုက်ပြိီး နယ်ဘက်မှာကိုရင်စည်းခိုင်းဖူးတယ်။ သူတော့လိုက်မလာဘူးဗျ။ ကျုပ်ကတော့ ဗုဒ္ဓဘာသာပဲကိုးကွယ်တာပေါ့ဗျာ။ ပါပါကတော့ ဗုဒ္ဓဘာသာမဟုတ်တာသေချာတယ်။ စာကြည့်ခန်းမှာစာဖတ်တော့လည်းပါပါက

အပိုင်း(၃)ဆက်ရန်..

မူရင်းရေးသူ =တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)