တတိယမျက်လုံး အပိုင်း(၆)
"ကျုပ်ကို တရုတ်ပြည်၊ ယိုးဒယားပြည်၊
ကမ်ပူးချာပြည်၊ အဲ ကမ်ပူးချာပြည် ဆိုတာက
မင်းတို့ အခုခေါ်နေတဲ့ ကမ္ဘာဒီးယာူပြည်ကို
ပြောတာကွယ့်။ ပြီးတော့ အိန္ဒိယပြည်တွေကို
လှည့်လည်ပြီး ဆေးကုခိုင်းတယ်။
လူတွေရဲ့ အနာဂတ်ကို ကြည့်ပြီး သတိပေး
သင့်တာ ပေးရတာပေါ့ကွယ်။
ကျုပ်က နောက်ပိုင်းမှာ တရုတ်စကား၊
ကုလားစကား၊ ယိုးဒယား စကားတွေပါ
တတ်သွားတာကွယ့် "
"အဘိုးကို အဲဒီအရပ်က လူတွေက
တော်တော်ရိုသေကြမှာပေါ့နော် "
"ရိုလည်း ရိုသေ၊ အားလည်းကိုးကြပါတယ်၊
ယိုးဒယားဘုရင်ရဲ့ ဆွေတော်မျိုးတော်တွေကအစ
အဘိုးကိုပင့်ပြီး ဆေးကုသကြတာကွယ့်။
အဘိုးကို ဆေးကိုယ်တော်လို့ ခေါ်ကြတယ်"
"အဘိုး စောစောက ပြောတဲ့အထဲမှာ
ဝိညာဉ်နဲ့ ခရီးသွားတာလို့ ပြောတယ်နော်
အဘိုး အဲဒါ ဘာကိုခေါ်တာတုံးဗျ"
"ကျုပ် ဆရာတော်ရဲ့ အမိန့်ကြောင့် တိဘက်
လာမာကြီးက ကျုပ်ကို သင်ပေးရတာကွယ့်။
ခန္ဓာကိုယ်ကြီးကနေ ဝိညာဉ်ခန္ဓာကို ခွာထုတ်
တာပေါ့ကွယ် "
"အဘိုး အဲဒါမျိုး ကျုပ် လုပ်တတ်တယ်ဗျ"
"ဟေ ဟုတ်လား မောင်တာတေ ဘယ်လိုတတ်တာတုံး"
"ကျုပ်မြို့မှာ ကျောင်းတက်တုန်းက ကျုပ်သူငယ်ချင်း
ဘချစ်ဆိုတဲ့ကောင် သင်ပေးတာဗျ။ သူ့ကိုတော့
သူ့ရဲ့မွေးစားဖအေ မွန်ဆရာတော်ကြီး
သင်ပေးတာလို့ ပြောတယ် "
"ဟေ ဟုတ်လား၊ အခု မောင်တာတေ အဲဒါ
လုပ်နေတာပဲလား"
"အခု မလုပ်တော့ဘူး အဘိုးရဲ့ "
"ဟေ ဘာဖြစ်လို့တုံးကွ "
"ဟိုတလောက ကျုပ် တောင်ပလဲကုန်းလို့
ခေါ်တဲ့ ကျတ်ရွာကြီးကို သွားသွားပြီး
အဲဒီကကောင်တွေရဲ့ ညဘက်ကစားတာ
အဘိုးရဲ့ ၊ ပြန်ရောက်မလာလို့ ကျုပ်ကို
ဆရာကြီးတစ်ယောက်က ပြန်ခေါ်ပေးရတာ၊
အဲဒီကတည်းက ကျုပ် မလုပ်ဝံ့တော့တာ
အဘိုးရဲ့ "
"ဟား၊ ဟား၊ ဟား၊ ဟား မောင်တာတေက
တော်တော်ဆော့တာပဲကိုး။ အေးလေ၊
ကလေးပဲ ဆော့မှာပေါ့"
"တာတေ၊ အဘိုးကို ထမင်းကျွေးရအောင်
ထမင်းဝိုင်း ပြင်ပြီးပြီ၊ ကဲ မင်းပါ အဘိုး
အဖော်ရအောင် တစ်ခါတည်း ဝင်စားလိုက်ကွာ"
ထမင်းဝိုင်းမှာ သူကြီးက ကြက်သားအစပ်ချက်
တစ်ခွက်၊ အရွက်စုံကြော် တစ်ခွက်၊ ငါးရံ့ခြောက်
မီးဖုတ်ပြီး ဆီနစ်အောင် စိမ်ထားတာက တစ်ခွက်ဗျ။
ပြီးတော့ ခရမ်းချဉ်သီးပန်ထွာဖျော်က တစ်ခွက်။
ဝင်းမှည့်နေတဲ့ ငှက်ပျောသီးဖီးကြမ်းတွေကို
ချွေပြီး ပန်းကန်နဲ့ ထည့်ထားသေးသဗျ။
သူကြီးအိမ်က အဘိုးထိန်ကို ကျွေးတဲ့
ထမင်းဝိုင်းက မြိုင်ပါ့ဗျာ။
ထမင်းစားတော့ ကျုပ်ကသာ ဆာဆာနဲ့
နှစ်ပန်းကန်လောက် စားတာဗျ။ အဘိုးက
စုစုပေါင်း ထမင်းကိုးလုပ်ပဲစားတာ။
ပြီးတော့မှ ငှက်ပျောသီးတစ်လုံး စားတယ်။
ထမင်းစားပြီးတာနဲ့ အကြမ်းဝိုင်းမှာ ထိုင်ပြီး
စကားဆက်ပြောတယ်။
"ဝိညာဉ်ခွာတာကို အဘိုးပြောပြမယ်၊
မောင်တာတေပြောတဲ့ ကိုယ်ပွားထုတ်တာပေါ့ကွယ်"
"ဟုတ်ကဲ့အဘိုး အမိန့်ရှိပါ "
"ကိုယ်ပွါးထုတ်ကြတဲ့ နေရာမှာ အီဂျစ်တွေ
လုပ်တာကတော့ သွားချင်တဲ့နေရာကို
အာရုံစူးစိုက်ပြီး ထားတာကွယ့်၊ စလေ့ကျင့်
ကာလစမှာ ဆရာသမားက အိပ်မွေ့ချပေးရတယ်။
ကိုယ်က စူးစိုက်ထားရတယ်။ အိပ်ပျော်တာနဲ့
တစ်ပြိုင်နက် ကိုယ်ပွားက စူးစိုက်ထားတဲ့
နေရာကို ရောက်သွားတော့တာပေါ့ကွယ်။
မောင်တာတေက အဲဒီလို လုပ်တာလားကွယ့်"
"ဟုတ်ပါတယ် အဘိုး၊ ဒါပေမဲ့ ကျုပ်က
ဆရာသမား မရှိတော့ ကိုယ်ဟာကိုယ်ပဲ
အိပ်ပျော်အောင် စိတ်ရော ရုပ်ရော
ဘာမှမတွေးဘဲ ငြိမ်ထားပြီး သွားမယ့်
နေရာကို စူးစိုက်ထားလိုက်ရတာပေါ့
အဘိုးရယ် "
"သြော် အေး အေး၊ ဒါဆိုရင် မောင်တာတေက
တစ်ဆင့်ကျော်လုပ်ရတာပေါ့၊ ဆရာ မရှိတော့
ချက်ချင်း ဘယ်ဖြစ်မှာတုံး"
"ဟုတ်တယ် အဘိုး၊ ကျုပ် လေ့ကျင့်တာ
သုံးလ လေးလလောက်ကြာမှ စဖြစ်တာဗျ"
"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ အေး အဘိုး
နောက်တစ်နည်း ပြောရဦးမယ်။ဒါကတော့
တိဘက်က လာမာကြီးတွေ နည်းပေါ့ကွယ်။
ဒါလည်း စစချင်းမှာ ဆရာလိုတာပဲကွယ့်။
ဆရာတွေက အိပ်မွေ့ချပေးပြီး
ကိုယ်ပွားကို ထွက်လာအောင်
အာရုံစိုက်ခိုင်းတာ ပက်လက်အိပ်နေတဲ့
အတိုင်း ကိုယ်ပွားက ထွက်လာတာ။
တော်တော်မြင့်သွားမှ အောက်ကို ငုံ့ကြည့်ရင်း
ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပြန်တွေ့ရတယ်။
ငွေရောင်ကြိုးမျှင်လေးတန်းလို့ကွယ့်၊
ဘယ်နေရာမဆို စိတ်ညွှတ်လိုက်တာနဲ့
ရောက်သွားနိုင်တယ်"
"ဟာ တိဘက်နည်းက တော်တော်ကောင်းပါလား
အဘိုးရဲ့"
"ဟာ ဒီလိုမဟုတ်ဘူး မောင်တာတေ၊
နှစ်မျိုးစလုံး အတူတူပဲကွယ့်၊ အစလေးသာ
ကွာတာ၊ နောက်ပိုင်း ကျွမ်းကျင်လာတော့
အတူတူပဲ စွမ်းဆောင်နိုင်တာပဲကွယ့် "
"အဘိုး ဝိညာဉ်ခွာတာ ကျွမ်းကျင်သွားတော့
ဘာဖြစ်နိုင်တုံး အဘိုးရဲ့ "
"ဟာ လူကလေးရဲ့၊ ဝိညာဉ်ခွာတဲ့ပညာရဲ့
အဆုံးက သေခြင်းရဲ့ ဟိုဘက်ကို ရောက်အောင်
သွားနိုင်တာပေါ့ကွယ့် "
"ဗျာ"
"ဟုတ်တယ် မောင်တာတေ၊ သေခြင်းရဲ့
ဟိုဘက်ကို သွားပြီး ပြန်လာနိုင်အောင်
ကျင့်ရတယ် "
"ဟာ ဒီလောက်အထိတောင်လား အဘိုးရဲ့"
"ဟုတ်တယ် မောင်တာတေ၊ အချိန်ကန့်သတ်ချက်တော့
ရှိတာပေါ့ကွယ်၊သိပ်ကြာသွားရင်တော့ ပြန်လာလို့
မရနိုင်တော့ဘူးပေါ့။ ကန့်သတ်ချက်အချိန်အတွင်း
ပြန်လာနိုင်ရင်တော့ "
"ဟင် ၊ ဘာ ဘာဖြစ်တုံး အဘိုး "
"နောက်တစ်ဘဝ ဆက်နေပေါ့ကွယ် "
"ဟာ ဒီလူက အိုမင်းမသွားတော့ဘူးလား အဘိုးရဲ့"
"မင်း သေခြင်းရဲ့ ဟိုဘက်ကိုသွားပြီး
ပြန်လာတဲ့အရွယ်ဟာ အသက်ငါးဆယ်ဆိုပါတော့၊
အဲဒါထက်ပိုပြီး မအိုတော့ဘူးလေ"
"ဒါဆိုရင် အဘိုး သေခြင်းရဲ့ ဟိုဘက်ကို
ဘယ်နှကြိမ် သွားပြီး ဘယ်နှကြိမ် ပြန်လာလို့ရတုံးဗျ"
အပိုင်း(၇)ဆက်ရန်.
မူရင်းရေးသူ =တာတေ

Comments
Post a Comment