"သားပျောက် ” အပိုင်း(၁)



လင်ဆိုးမယား တဖားဖား ဆိုတဲ့ စကားကို မိချိုတစ်ယောက်
အခုတော့ သေချာသိလိုက်ရပြီ… ၊ သိလိုက်ရတဲ့အချိန်မှာ နောက်ဆုတ်ရခတ်
ဖြစ်နေပြန်တယ်… ၊ အိမ်ထောင်မှုဆိုတာလည်း ဘုရားတည် ၊ ဆေးမှင်ထိုးသလိုမျိုးလို့
ရှေးလူတွေ ဆိုခဲ့ကြတာ သွေးထွက်အောင်မှန်လွန်းတယ်… ၊ ရိုးသားတဲ့ တောသူပီပီ
အိမ်ထောင်ရေးမှာ အများကြီးမစဉ်းစားမိခဲ့ဘူး… ၊ အရှက်အကြောက်ကြီးသူမို့
ရည်းစားတွေဘာတွေမထားဘူးတော့ အတွေ့အကြုံမရှိတာရယ် သွန်သင်လမ်းပြပေးမယ့်သူထက်
အပေါင်းအသင်းထဲမှာ မြှောက်ပေးကြတဲ့သူကများနေတော့ မိချို…ကိုသက်ဖေနဲ့ အကြောင်းပါခဲ့ရတယ် ၊
ကိုသက်ဖေဆိုတာ ရွာထဲမှာ အော်ကြောလန် … သူမူးလာပြီဆို ဘယ်သူမှလူမထင်အောင်
ရိုင်းဆိုင်းခတ်ထန်တဲ့သူ ၊ မိချိုနဲ့သူတို့ဘယ်လိုညားကြလဲဆိုတာ စဉ်းစားစရာရှိတယ်… ၊
ကိုသက်ဖေက ရွာထဲမှာ လူချမ်းသာမဟုတ်ပေမယ့် လက်လုပ်လက်စား လူလတ်တန်းစားထဲမှာတော့ပါတယ် ၊
တံငါရွာလေးဆိုတော့ ငါးဖမ်း ၊ ပုစွန်ရှာ အလုပ်နဲ့အသက်မွေးကြတဲ့သူတွေပေါ့… ကိုသက်ဖေမှာတော့
ကိုယ်ပိုင် လှေလေးနဲ့ ၊ ရွာထဲက လူတစ်၀က်ကျော်လောက်က ကိုယ်ပိုင်လှေမရှိကြလို့
ဘေးချင်းကပ်လျက်ရွာကနေ လှေအငှားယူရတယ်လေ… ၊ မိချိုတို့မိဘတွေကလည်း
ထိုနည်းတူစွ… ၊ မိချိုလို ရုပ်ဆိုးပေမယ့် လုံးကြီးပေါက်လှကိုယ်လုံးလေးနဲ့ မိန်းမပျိုကို
ကိုသက်ဖေ တက်မက်မိတာအမှန်ပဲ… ၊ တစ်ရွာတည်းအတူနေတာလည်းဖြစ်
နေ့တိုင်းလိုလိုလည်းမြင်မြင်နေရပြန် .. သူကလည်းအပျို ကိုယ်ကလည်း လူပျိုဆိုတော့
အိုးချင်းထား အိုးချင်းထိသွားတဲ့သဘောနဲ့ သူတို့ အကြောင်းပါခဲ့ကြတယ်ထင်ရဲ့လေ… ၊
တစ်ခြားကြားဖူးနေကြ ဇာတ်လမ်းတွေလို အချစ်ရုပ်ရှင်မဆန်ဘဲ အိမ်ထောင်ပြုဖြစ်ကြသူတွေပေါ့… ၊
အခုတော့ မိချိုတစ်ယောက် သားဦးလေးကို လွယ်ထားပြီးကာမှ နေ့တိုင်းလိုလို
ကိုသက်ဖေရဲ့ အနိုင်ကျင့်တာကို ခံနေရတယ်.. ၊ ငါးရှာအရနည်းပြီးပြန်လာရင်လည်း
မိန်းမဖြစ်တဲ့ မိချိုကို မဲတယ် ၊ ငွေကြေးအဆင်မပြေလည်း မဲ ၊ စိတ်အခတ်မသင့်လည်း မဲ ၊
အရက်မူးလာရင်လည်း မဲတော့တာပဲ…ပိုဆိုးတာက ကိုသက်ဖေက အရင်ကတည်းက
အရက်ကို ရေလိုသောက်တတ်တဲ့သူကြီးမို့….မိချိုအတွက် ယောကျာ်းဖြစ်သူ အိမ်ပြန်လာတဲ့
အချိန်တိုင်း နေ့ရက်တိုင်းက ငရဲခန်းပဲ…..။

“ ကိုသက်ဖေရယ် ကျွန်မ ရှင့်ကြီးခိုးပါတယ်… ရှင့်သားလေးကိုမွေးပြီးမှ
ကျွန်မကို ထုပါရိုက်ပါ သတ်ချင်လည်းသတ်ပါနော်…. အခု ကျွန်မ ကိုယ်လေးလက်၀န်ကြီးနဲ့
မို့လိုပါ….သနားပါဦးယောကျာ်းရယ်….အဟီး… ”

“ မလိုချင်ဘူး မိချို….ယောကျာ်းဖြစ်သူက တစ်နေကုန် နေပူထဲမှာ
ပင်ပင်ပန်းပန်း ငါးရှာထွက်ရတယ်…နင်ကတော့ အရိပ်ထဲမှာ…အိမ်ထဲနေတာတောင်
ကောင်းကောင်းမနေဘူး…ငါပြန်လာရင် အမောပြေ အရက်နဲ့ မြည်းဖို့
ဘာလေးတွေကြိုက်တတ်တယ်ဆိုတာ နင်သိလျက်သားနဲ့ မပြင်ပေးထားဘူး…
တစ်နေကုန် နင်ဘယ်လင်ငယ်အိမ်သွားနေလဲပြောစမ်း…နင့်ဗိုက်ထဲက
မသာလေးကရော ငါနဲ့ရတာလို့နင်ဘယ်လိုသက်သေပြမှာလဲ မိချို…
နင့်လင်ငယ်နဲ့ဖြစ်ချင်တိုင်းဖြစ်ပြီးမှ သက်ဖေကို နားဖားကြိုးလာထိုးချင်နေတာ
ကောင်မ …သေစမ်း…. ”

သွေးဆိုးတဲ့ ကိုသက်ဖေတစ်ယောက် ပါးစပ်ထဲရှိတဲ့
စကားတွေအကုန် မစဉ်းစားဘဲ ပြောလိုက်ရင်း ခေါင်းထဲမှာ
ရီးဝေနေတဲ့အရှိန်လေးနဲ့ သူတစသက်လုံးနိုင်ချင်တိုင်းနိုင်လို့ရတဲ့
မိန်းမမျက်နာကို လက်ပြန်နဲ့ ဖြတ်ရိုက်ပစ်လိုက်တယ်…

“ ဖြောင်း ”
“ အား…. ”

မိချို ပါးစပ်ထဲက သွေးစတစ်ချို့ကျလာတယ် ၊ သွေးစတွေနဲ့အတူ မျက်လုံးထဲက
တာကျိုးသလို ပြိုဆင်းလာတဲ့ မျက်ရည်တွေကလည်း မိတ်ဖက်လိုပါပဲ… ၊ သူတို့လင်မယား
ရန်ဖြစ်တယ်လို့ ပြောဖို့လည်းမဖြစ်နိုင်…တကယ်ဆို ကိုသက်ဖေအတွက် မိချိုက နှပ်စက်ခံဖို့
မွေးဖွားလာသူတစ်ယောက်လိုပါပဲ ၊ ပတ်၀န်းကျင်က မိချိုအပေါ် ဂရုဏာထားချင်ကြပေမယ့်
ယောကျာ်းဖြစ်သူကို ကြောက်ကြလို့…ရှောင်ကြတယ်…မိချိုအနှိတ်စက်ခံရလည်း
ဘယ်သူမှ၀င်မပါရဲကြဘူး…မိချိုမိဘတွေကအစ ရွာလူကြီးအဆုံးပေါ့…. ။

ချစ်လို့ကြိုက်လို့ ယူထားပြီးကာမှ ဒီလိုဖြစ်လာလိမ့်မယ်လို့
မိချို အိပ်မက်တောင်မက်ခဲ့ဖူးမယ်မထင်ဘူး… ၊ ကိုသက်ဖေနဲ့စတွေ့တုန်းက
ကိုသက်ဖေက မိချိုအတွက် အားကိုးစရာကောင်းလောက်တဲ့ ယောကျာ်းပီသသူကြီးပေါ့ ၊
လူတစ်ယောက်ကို သစ်သီးတွေလို အခွံလေးလှတာကို မြင်ပြီး ရွေးချယ်မိခဲ့တဲ့
ကိုယ့်ဘာကိုယ်ပဲ မိချို အပြစ်တင် နောင်တရနေမိတယ် ၊ နေ့တိုင်း ညတိုင်း
နာကျင်မှုတစ်ခုခုမခံရဘဲ မငိုရဘဲ စိတ်မဆင်းရဲရဘဲ အိပ်ရတယ်လို့ကိုမရှိခဲ့ဘူး…
ရှိခဲ့တယ်ဆိုရင်လည်း မိချိုအတွက် အဲ့ဒီအချိန်က နိဗ္ဗာန်ဘုံ…. ။

“ အရှင်ဘုရား…တပည့်တော်မ ဘ၀ဆက်တိုင်း
ဒီလို လူယုတ်မာနဲ့ မဆုံပါရစေနဲ့အရှင်ဘုရား…. ”

ညအိပ်တိုင်း သူတို့တဲငယ်လေးအတွင်းက
အိပ်ယာထဲကနေ ကိုသက်ဖေကြားသွားမှာစိုးလို့
တိတ်တိတ်လေး စိတ်ထဲမှာတောင် ကျယ်ကျယ်မပြောရဲခဲ့တဲ့
မိချိုရဲ့ဆုတောင်းသံလေးပေါ့…. ၊ ၀ဋ်ကြွေးရှိသမျှ ဒီဘ၀မှာ အကုန်ဆပ်သွားမယ်ဆိုတဲ့စိတ် ၊

အပိုင်း(၂)ဆက်ရန်..

မူရင်းစာရေးသူ=မိုးစွေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)