တစ္ဆေ့မယား အပိုင်း(၄)



"ကြက်ငတိုး သေသလို သေတာဗျ။
ရွာတောင်ပိုင်းလမ်းမကြီးပေါ်မှာ
ညောင်လန်းပင်ကြီး ရှိတယ်မို့လား"

"အေး ရှိတယ်"

"အဲဒီညောင်လန်းပင်ကြီးအောက်မှာ မှောက်လျားထိုးကြီး
သေနေတာဗျ။ ဇက်ကြီးကျိုးပြီး ကြက်ငတိုး သေသလိုပဲ
မျက်နှာက ကျောကုန်းဘက်ကို ရောက်နေတာဗျ"

"ဟာ ဒါဆိုရင် ကြက်ငတိုးကို သတ်တဲ့လူပဲ
သတ်တာနေမှာပေါ့ကွ"

"ရွာထဲကလူတွေကလည်း ဒီအတိုင်း ပြောတာပဲဗျ"

"ကိုကြီးသောင်း ဒီရက်ထဲမှာ ဘယ်သူနဲ့ ဘာဖြစ်သလဲ
မသိဘူး ကျောက်ခဲ"

ကျောက်ခဲက ကျုပ်ထွန်ဖြုတ်တဲ့နောက်ကို
ကပ်လိုက်လာတယ်။ ပြီးတော့ ကျုပ်ကို ထွန်တုံး
ကူဖြုတ်ပေးတယ်။နွားကြီးတွေကို သူ တစ်ကောင်
ကျုပ်တစ်ကောင် ဆွဲပြီး လှည်းကောက်လိုက်တယ်။

ထွန်တုံးကို လှည်းပေါ်တင်တယ်။ ဒီတော့မှ
ကျောက်ခဲက ကျုပ်ကို တိုးတိုးကပ်ပြောတယ်

"ညက ခင်စိန်ကြည်က ကျုပ်ကို လာပြောတယ်
သူနဲ့ သူ့အစ်မခင်စိန်ရီ ဘန့်ဘွေးကုန်းကအပြန်
မိုးနည်းနည်းချုပ်သွားတယ်တဲ့။ အဲဒါ ဇိုးငသောင်းနဲ့
လမ်းမှာတွေ့ပြီး အစ်မခင်စိန်ရီကို ဇိုးငသောင်းက
ဆွဲလားလွဲလားလုပ်လို့ အစ်မခင်စိန်ရီက
ပါးရိုက်လွှတ်လိုက်တယ်တဲ့ဗျ"

"ဟေ ကိုကြီးသောင်း ဘယ်လိုဖြစ်သွားတာတုံးကွ"

"အဲဒါ ခင်စိန်ကြည်က ကျုပ်ကို ဆက်ပြောပြတယ်ဗျ။
အစ်မခင်စိန်ရီက ပါးရိုက်တော့ ဇိုးငသောင်းက
ဘာမှပြန်မလုပ်ဘဲ ပြောတယ်တဲ့ဗျ။ ရိုက်ပါ ခင်စိန်ရယ်
နင့်ကို ထီးဂလိုင်သား သိန်းမောင် မကြိုက်ခင်ကတည်းက
ငါက ကြိုက်ခဲ့တာပါ။ ငါ မပြောရဲလို့ မပြောခဲ့ရတာပါလို့
ပြောရင်း ကျန်ရစ်ခဲ့တယ်တဲ့ဗျ"

"ဟေ ဟုတ်လား"

"နေပါဦး ခင်စိန်ကြည်က ကျုပ်ကို ဆက်ပြောသေးတယ်
သူ့အစ်မခင်စိန်ရီက လမ်းမှာ ပြောလာတယ်ဆိုပဲ။
ဒီမသာတော့ ကိုသိန်းမောင် သတ်တော့မှာပဲတဲ့ဗျို့"

"ဟေ အဲဒီလို ပြောသတဲ့လား မင်းကို ခင်စိန်ကြည်က
ဒီအတိုင်း ပြောတာ အမှန်ပဲလား ကျောက်ခဲ"

"ဟာ ကိုကြီးတာတေရာ။ကျုပ်က ကိုကြီးတာတေကို
ဘယ်တုံးကများ မဟုတ်တာ ပြောဖူးခဲ့လို့တုံး"

လှည်းပေါ်မှာ အဘပါလာတော့ ကျုပ်တို့ ဒီအကြောင်းကို
မပြောဘဲ လူသတ်သမားအကြောင်းပဲ ပြောကြတာပေါ့ဗျာ။

"လူလေး အဘစိတ်ထင် ပြောရရင်တော့
ဒီလူသတ်သမားဟာ ထောင်ထောင်မောင်းမောင်း
ဗလကောင်း ဖြစ်ရမယ်ကွ။ လူ့ဗလံတွေထဲမှ
မဟုတ်တာ ။ နှစ်ယောက်လုံး အရပ်ရှည်ရှည်တွေပဲကွ
ဒီကောင်တွေကို လည်ပင်းလိမ်ချိုးပြီး သတ်ဖို့ဆိုတာ
သူ့တို့ထက် အရပ်ပိုမြင့်ပြီး ဗလတော်တော်
ကောင်းမှ ဖြစ်မှကွ"

ကျုပ်နဲ့ ကျောက်ခဲလည်း အဘနဲ့ အလိုက်အထိုက်
ပြောပြီး ပြန်လာကြတာပေါ့ဗျာ

"ဘိုးဥာဏ် ပြောသလို ဗလကောင်းကောင်း
ထောင်ထောင်မောင်းမောင်းဆိုတာ ဘယ်ရှိနိုင်တုံး ဘိုးရဲ့"

"ဟိုရွာနောက်ပိုင်းက စည်းရိုးကပ်ဆောက်ထားတဲ့
အိမ်တန်းက ကောင်တွေထဲမှာ အဲဒီလို ကောင်မျိုးကြီးတွေ
ရှိတယ်ကွ"

ကျောက်ခဲက အဘပြောတာကို ပြန်ပြောတယ်

"ကြက်ငတိုး သေတုန်းကလည်း အဲဒီအစုက
လူတွေကို ဖိစစ်တာပဲ ဘိုးရ။ ဒါပေမဲ့ မဟုတ်ပါဘူး"

"နေဦးကွ ကျောက်ခဲရ သူကြီးက မြို့ကို
အကြောင်းကြားလိုက်ပြီလား"

'သူကြီးတပည့် ကိုကျောက်လုံးကို မြင်းတစ်စီးနဲ့
အစောကြီး လွှတ်လိုက်တယ်တဲ့ဗျ"

ကျောက်လုံးက မြင်းစီးကောင်းကွ။ ဒါဆို မကြာဘူး။
ရဲတွေ ရောက်လာလိမ့်မယ် ။သူတို့က သူတို့ကားနဲ့
လာမှာပဲ"

အဘက ကျောက်ခဲပြောတာကိုတွေးရင်း ပြောတယ်
အိမ်ပြန်ရောက်တော့ အဘက ပြောတယ်

"တာတေ မင်းသွားကြည့်ချင် ကြည့်လေ ။
အဘ လှည်း ဖြုတ်လိုက်မယ်"

အဘပြောတော့ ကျုပ်နဲ့ ကျောက်ခဲ ရွာထဲကို ထွက်ခဲ့တယ်
အို လူတွေအုံနေပြီဗျို့။ ညောင်လန်းပင်ကြီးအောက်ကို
ကျုပ်ကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ။ ကိုကြီးသောင်းဗျာ
မှောက်ခုံကြီးသေနေတာဗျ။လူကသာ မှောက်ခုံကြီးဗျ။

ဇက်ကြီးကကျိုးပြီး လိမ်နေတယ် မျက်နှာက ကျောဘက်ကို
ရောက်လို့ဗျ။ မျက်လုံးကြီးတွေ ပြူးထွက်နေလိုက်တာ
ကြောက်စရာကြီးပါဗျာ ။ ပါးစပ်ကြီးကလည်း ဟလို့ဗျ။

ကိုကြီးသောင်း မသေခင်က လည်ပင်းကို အညှစ်ခံရတဲ့
ပုံပဲဗျ။မချိမဆန့်ကို ဝေဒနာခံခဲ့ရတဲ့ပုံဗျို့။ ပြီးတော့မှ
လည်ပင်းကို တစ်ချက်တည်း လိမ်ချိုးလိုက်ပုံရတယ်ဗျ။
ကျုပ်နဲ့ ကျောက်ခဲ ပြန်လာပြီးတော့ မန်ကျည်းပင်ကြီး
အောက်မှာ ထိုင်နေကြတယ်။

ကျုပ်က နဂါးဆေးလိပ်ကလေးကို ဖွာရင်း စဉ်းစားတယ်။
ကျောက်ခဲ ကျုပ်ကို ပြောခဲ့တဲ့ကိစ္စကို ကျုပ်စဉ်းစားရပြီပေါ့ဗျာ။
ဒါပေမဲ့ ဒီကိစ္စမျိုးဟာ အင်မတန်မှ ဖြစ်နိုင်ခဲတဲ့ကိစ္စမို့လားဗျာ။

အစ်မခင်စိန်ရီရဲ့ယောင်္ကျား ကိုသိန်းမောင်က
သူ့မိန်းမကို စွဲလန်းလို့ တစ္ဆေဖြစ်နေတယ်ပဲထားဦး။
တစ္ဆေတစ်ကောင်က ယာထွန်တာတို့
နှုမ်းနှုတ်တို့ နှုမ်းပုတ်တာတို့ တောင်ယက်တာ
ကြိုးကျစ်တာတို့တွေကို လုပ်နိုင်ပါ့မလား။
ကျုပ်စဉ်းစားလိုက်တယ် ။ ဘာလုပ်ရမယ်ဆိုတာ။
ကျုပ်တွေးမိပြီဗျ

"ကျောက်ခဲ ဘထွေးထွန်းကြည်တို့ဝိုင်းနဲ့
ကပ်လျက်ဝိုင်းက ဘယ်သူဝိုင်းတုံးကွ"

"မြောက်ဘက်ဝိုင်းက ဦးချက်ကြီးတို့ဝိုင်းလေဗျာ
တောင်ဘက်ဝိုင်းက သံမဏိတို့ဝိုင်းလေ"

"ဟေ ဟုတ်လား သံမဏိတို့ ဝိုင်းလား ဒါပေမဲ့
ကျောက်ခဲရ။ သံမဏိတို့ဝိုင်းက တောင်ဘက်ကဆိုတော့
ဘထွေးထွန်းကြည်တို့အိမ်ကြီးပဲ မြင်ရမှာကွ။
ဦးချက်ကြီးတို့ ဝိုင်းကမှ ကိုသိန်းမောင်တို့
အစ်မ ခင်စိန်ရီတို့ အိမ်ကလေးနဲ့ နီးမှာပေါ့"

"ဒါတော့ ဟုတ်တယ်လေဗျာ"

အပိုင်း(၅)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)