ဓားစကြာ ဇာတ်သိမ်းပိုင်း
"ဗျာ ပါပါက ဝိဇ္ဇာ ဟုတ်လား၊ ဒါဆို.."
ကျုပ်က ဆက်မပြောဘဲ စကားကို ရပ်လိုက်တယ်။
"ဇနပဒ ဝိဇ္ဇာတွေက မှော်ဝိဇ္ဇာ တွေပဲကွဲ့လူကလေးရဲ့၊ ကျုပ်တို့ကလိုအပ်လာရင် လူသတ်ကြတယ်"
"ဗျာ"
"လူကလေး ပါပါကိုလာကြည့်တာ ပါပါသိပါတယ်၊ ပါပါလုပ်တာတွေကို လူကလေးသိတာ ကြာလှပြီပဲ။ ဒါပေမယ့်ပါပါသတ်တဲ့လူတွေဟာ လူကောင်းသူကောင်းတွေမဟုတ်ဘူးကွဲ့၊ လူ့လောကကို အနှောင့်အယှက်ပေးတဲ့ လူဆိုးလူယုတ်မာတွေပါလူကလေး"
"နောက်တစ်ခု ကျွန်တော် မေးချင်သေးတယ် ပါပါ"
"ဘာများတုံးကွဲ့၊ လူကလေးရဲ့"
"ပါပါ့အသက် ဘယ်လောက်ရှိပြီလဲ၊ ကျွန်တော်ပါပါ့ကို စပြီးမှတ်မိတဲ့အရွယ်ကတည်းကစပြီး ပါပါက ဒီအရွယ်ပဲအမြဲဖြစ်နေလို့ပါ"
"လူကလေး ပါပါ့အသက်ဟာ ငါးရာကျော်ပြီ"
"ဗျာ"
တစ်ပတ်လောက်ကြာတော့ ကျုပ်ဆေးရုံကပြန်ရောက်တဲ့အချိန်မှာ ပါပါအိမ်မှာမရှိတော့ဘူး။ ကျုပ်အတွက်စာလေးတစ်စောင်နဲ့ငွေ သေတ္တာ တစ်လုံးပဲ တွေ့ရတော့တယ်။ စာထဲမှာရေးထားတာကတော့ ကျုပ်ကိုသူ့ရဲ့သားအရင်းလိုချစ်ခဲ့တဲ့အကြောင်း၊ သူနဲ့ကျုပ်ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့အကြောင်း၊ ကျုပ်အတွက်အိန်ဒိယတို့ အဂ်လန်တို့ကိုသွားပြီးဆေးပညာထပ်သင်ကြားဖို့ငွေတွေ အလုံအလောက်ထားခဲ့တဲ့အကြောင်း ၊ဆေးပညာကိုထပ်ပြီးသင်ယူဖို့ထပ်ခါတလဲလဲ ပြောထားတာဗျ။
အိမ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ ကျုပ်လည်း ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တာပေါ့ဗျာ။
"အဲ့ဒါပါပဲ မောင်တာတေ၊ အဲ့ဒီနေ့ကစပြီး ကျုပ် ပါပါ့ကိုတစ်ခါမှ မမြင်ရတော့ပါဘူး၊ ဒါပေမယ့် ကျုပ်သူ့ကို သတိမရတဲ့နေ့လို့ တစ်ရက်မှ မရှိခဲ့ပါဘူး မောင်တာတေရယ်"
ဆရာကြီးဒေါက်တာဘညိုက ဝေ့လာတဲ့ သူ့မျက်လုံးက မျက်ရည်စတွေကို သုတ်လိုက်တယ်ဗျ။
ပြီးပါပြီ
မူရင်းရေးသူ =တာတေ

Comments
Post a Comment