“ ည မအိပ်ရ ” အပိုင်း(၃)
“ ဖုတ်၀င်တာနဲ့ပတ်သတ်ပြီး
မင်းတို့ကို ငါဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်…
ဖြစ်ရပ်မှန်နော် သေပြီးသားအလောင်းကိုပဲ
သေသွားတဲ့သူက သရဲ(ဖုတ်)ဘ၀နဲ့ သူ့ခန္ဓာကိုယ်ထဲသူပြန်ပူးကပ်ပြီး
သေပြီးသားအလောင်းကြီးက သူမသေခင်က လုပ်နေကျအလုပ်တွေ
ထ လုပ်တဲ့အကြောင်း … ”
“ ဟာ… ဦးတရုတ်ကလည်း
ပေါက်ကရမပြောပါနဲ့ ”
“ အယ်..ငါဘယ်တုန်းက ပေါက်ကရပြောဖူးလို့လည်း
အဲ့ဒါနဲ့ပတ်သတ်ပြီးအကိုးအကားနဲ့ပြောပြမယ်…
နာရေးအိမ်မှာ နာရေးစောင့်ရင်း ညဘက် အိပ်ရင်
ဘာဖြစ်တတ်တယ်ဆိုတာ ငါလည်း အဲ့ဒါကိုကြားပြီးမှ
ယုံသွားတာ…. ကိုယ်တိုင်စုံစမ်းချင်ရင်
တစ်ရွာမဟုတ်ဘူး သုံးလေးရွာလောက်
အာမခံပေးကြလိမ့်မယ်…ဖြစ်ရပ်မှန်ကွ..
ကိုယ်တိုင်ကြုံခဲ့တဲ့သူတွေလည်း အခုထိ
သက်ရှိထင်ရှားရှိကြသေးတယ် ၊ ငါ့ကိုပြောပြတဲ့
လူကြီးတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ပဲ….
ဖြစ်ပုံက ဒီလိုဟေ့….. ”
~~~~~~~~
1998 ခုနှစ်၀န်းကျင်ခန့်………
ဧရာ၀တိမြစ်ကမ်းနံဘေး
မြန်မာပြည် မြောက်ဖျား ရှိ ရွာငယ်လေးတစ်ခုတွင်ဖြစ်သည် ။
ထိုရွာငယ်ကလေးရှိ ရွာသူရွာသားများမှာ
မွေးမြူရေးထက် စိုက်ပျိုးရေးကိုသာပိုလုပ်ကိုင်ကြသည် ၊
အခြားစီးပွားရေးအနေနှင့် ဧရာ၀တီမြစ်ကြီးအတွင်း
ငါးဖမ်းလုပ်ငန်းများလည်း လုပ်ကိုင်ကြသူများရှိကြသည် ။
ထိုရွာကလေးမှ ဧရာ၀တီမြစ်တစ်ဖက်ကမ်းကို
လှေငယ်လေးများဖြင့် ကူးပြီး တစ်ဖက်ကမ်းတွင်
စိုက်ပျိုးရေးလုပ်ကိုင်ကြသူများလည်း ရှိကြသည် ၊
ထိုသို့ တစ်ဖက်ကမ်းတွင် စိုက်ပျိုးရေးလုပ်ကြသူများအထဲတွင်
ဦးကျော်သာ တို့လည်းပါ၀င်ကြသည် ။
တစ်၀မ်းတခါအတွက် မိမိတို့ရပ်ရွာမှ
မြစ်တစ်ဖက်သို့ကူး၍ စိုက်ပျိုးမြေကောင်းမည့်နေရာအား
ရွေးခြယ်ကာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည် ။
စိုက်ပျိုးရေးလုပ်ရာတွင်လည်း အထူးသဖြင့်
စျေးကောင်းရသည့် ဂေါ်ဖီ များ စိုက်ပျိုးရေးကို အထူးပြုလုပ်ကြသည် ။
ဂေါ်ဖီမှာ ၂နှစ်ခံသီးနှံဖြစ်သော်လည်း နှစ်ချင်းစားသုံးနိုင်သော
သီးနှံဖြစ်သည် ၊ များသောအားဖြင့် ဦးကျော်သာတို့ ဒေသကဲ့သို့သော
အပူချိန် ၇၀ ဒီဂရီ ဖာရင်ဟိုက် ထက် မပိုသော အပူချိန်တွင်ဖြစ်ထွန်းပြီး
ဆောင်းဦးပေါက်သီးနှံအဖြစ် စိုက်ပျိုးကြသည် ၊ နွေဥတုအချိန်
ရာသီဥတု မပူပြင်းလျှင်လည်း စိုက်ပျိုးနိုင်သည် ၊ အထူးသဖြင့်
ဆောင်းရာသီ အအေးနည်း လျှင် မိုးအကုန်တွင် စိုက်ပျိုးပါက
ဆောင်းအကုန်တွင် သီးနှံပေါ်နိုင်သည် ။
စိုက်ပျိုးမြေကို ၂လက်မအထူးရှိအောင် မြေဆွေးတင်ပေးခြင်း ၊
မျိုးစေ့ကို ၁/၂လက်မအနက်တွင် စိုက်ပျိုးခြင်း ၊ အတန်းလိုစိုက်ရာတွင်
တန်းတစ်တန်းလျှင် ၂၄လက်မ ခြား၍ တစ်တန်းနှင့် တစ်တန်း
၃၆လက်မခြား ဖြင်းဖြင့် စနစ်တကျစိုက်ပျိုးနိုင်သည် ။
ဂေါ်ဖီသည် မြေသြဇာနှင့် ရေတို့ကို ပန်းပွင့်ရင့်သည့်အချိန်အထိ
အဆက်မပြတ်လိုအပ်သည်ဟု မှတ်သားနိုင်သည် ။
ထိုနေရာလေးတွင် ဦးကျော်သာ နှင့် အခြား အနီးအနားရှိ
ရွာများမှ ကိုယ်တိုင်စိုက်ပျိုးသူများ ၊ သူရင်းငှားများ
ငါးဦးခန့်လည်း ရှိကြသည် ။ အားလုံးကိုယ်စီကိုယ့်စိုက်ခင်း
ကိုယ် အားကျိုးမာန်တက် လုပ်ကိုင်ကြပြီး ၊ တစ်ရံတစ်ခါ
ဟင်းစားအလို့ငြာ ကြက်ကလေးများကိုလည်း မွေးမြူထားသည် ။
သူ့စိုက်ခင်းကိုယ့်စိုက်ခင်း မတူကြသော်လည်း
ရွာမှအဝေးနေရာတွင် လုပ်ကိုင်နေကြသူချင်း
ကူညီယိုင်းပင်းကြရင်းအပြန်အလှန် သက်ရောက်မှုနှင့်
ရပ်တည်ဖြစ်ကြ၏ ၊ ညနေပိုင်းများတွင်လည်း
ရေနွေးကြမ်းဝိုင်းလေးသဖွယ် လူစုမိရင်း
သူ့အကြောင်း ၊ ကိုယ့်အကြောင်း ၊ ရွာအကြောင်း
ရှေးဟောင်းနှောင်းဖြစ်အကြောင်းလေးတွေကို
အချင်းချင်းအပြန်အလှန်အပျင်းပြေပြောဖြစ်ကြသည် ။
ဆောင်းရာသီအကုန်ပိုင်းလောက်အချိန်…..
တစ်နေ့ ဦးကျော်သာ တို့ နဲ့အတူတူ
ဂေါ်ဖီစိုက်ပျိုးနေတဲ့ ဦးညိုထွေး ဆိုသူ ရုတ်ရက်
ကျန်းမာရေးဖောက်ပြီး ဆုံးပါးသွားပါလေရော ။
ရုတ်တရက်ဖြစ်တာတဲ့အတွက်
အလောင်းကို ဦးညိုထွေးရဲ့ တဲလေးထဲမှာပဲ ပြင်ထားလိုက်ကြပြီးတော့
လူနှစ်ယောက်လောက်ကို မြစ်တစ်ဖက်ကမ်းက
ဦးညိုထွေးတို့မိသားစုတွေဆီ အကြောင်းကြားခိုင်းလိုက်လေ၏ ၊
အကြောင်းကြားမည့်သူများမှာ ကွယ်လွန်သူတို့ရွာသို့အရောက်သွားရန်
အချိန် သုံးရက်မျှပေးရမည်ဖြစ်သည်ကို သိသောလည်း
ဦးကျော်သာ တို့က အလောင်းကို မိမိတို့သဘောနှင့်
မ သဂြိုလ်ရဲချေ …. အဘယ်ကြောင့်ဆိုသော်…
ကွယ်လွတ်သူမိသားစုမှ မိမိတို့အားမယုံကြည်လျှင်
မှုခင်းဖြစ်သွားနိုင်မည် မဟုတ်လေ… ။
ကျန်ရစ်သူမိသားစုများကို အကြောင်းကြားနေစဉ်အတောအတွင်း
စိုက်ခင်းများမှ လူများသည်လည်း တစ်နေကုန်အလုပ်လုပ်ကြပြီး
ညနေတွင်မူ ဦးညိုထွေးအလောင်းကို ဝိုင်း၀န်းစောင့်ပေးကြရင်း
စကားစမြည်းပြောဖြစ်ကြသည် … ။
ရက်များမှာ မသိမသာလေးတစ်ရက်ပြီးတစ်ရက်
ကုန်လွယ်လာခဲ့ပြီ ၊ မနက်ဖြန်ဆိုလျှင် ဦးညိုထွေး၏
မိသားစု၀င်များ ရောက်လာတော့မည်ဖြစ်၏ ၊
အလောင်းအား ညစောင့်နေကြသူများမှာလည်း
ညစဉ်ရက်ဆက်လာတော့ မနက်ဆိုလျှင်လည်း
အလုပ်ပင်ပန်း ညလည်းမအိပ်ရတော့ ပင်ပန်းနွယ်နယ်နေကြပြီး
မနက်ဖြန်လည်း ဦးညိုထွေးရဲ့ မိသားစုတွေ လာကြမှာပဲလေ…
ဒီညတော့ နည်းနည်း အိပ်ကြတာပေါ့ဆိုပြီး အလောင်းပြင်ထားတဲ့
တဲလေးထဲမှာပဲ တစ်စုတစ်ဝေးတည်း
စုဝေးပြီး ဆောင်းရာသီရဲ့ အအေးဓါတ်ကို ဂွမ်းစောင်ပါးလေးတွေ
ကိုယ်စီနဲ့ အံတုနေကြချေပြီ ။
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူ = မိုးစွေ

Comments
Post a Comment