တစ္ဆေမယား အပိုင်း(၆)



"မဖဲဝါ ကျုပ်တို့ရွာမှာ ထူးဆန်းတဲ့ အဖြစ်တစ်ခု
ဖြစ်နေလို့ဗျ။ ကျုပ်တို့ရွာက အစ်မခင်စိန်ရီရဲ့
ယောင်္ကျား ကိုသိန်းမောင်ဆိုတာ သေတာ တစ်နှစ်လောက်
ရှိပြီဗျ။ဒါပေမဲ့ ကိုသိန်းမောင်က လူလိုပဲ သွားလာပြီး
သူ့မိန်းမနဲ့ အိမ်မှာ ဆက်နေထိုင် ပေါင်းသင်းနေတာဗျ
ယာထွန်တယ် တောင်သူလုပ်တယ် ကျုပ်ကိုယ်တိုင်
တွေ့တာဗျ မဖဲဝါရဲ့"

"တာတေ သိန်းမောင် တစ္ဆေဖြစ်နေတာ နင်တို့ မသိကြလို့
တစ္ဆေဆိုတာ မျိုးစုံရှိတယ် ။ သူ လူ့ဘဝက ပြုခဲ့တဲ့
ကောင်းမှုတစ်ခုခုကြောင့် သူ့မှာ ကမ္မဇိဒ္ဓိတွေ ရနေတာဟဲ့
တာတေရဲ့။တချို့တစ္ဆေတွေဆိုရင် ဗိမာန်နဲ့တောင်
နေနိုင်တယ် ။ မသိရင် နတ်လို့တောင် ထင်နိုင်တယ် တာတေ။
တစ္ဆေဆိုတာ သူ့ကုသိုလ် သူ့ကံ သူ့ကမ္မဇိဒ္ဓိရှိရင်
လူနဲ့ပေါင်းသင်းနေထိုင်နိုင်ရုံတင်မကဘဲ
သားသမီးပါ မွေးလို့ရတယ်ဟဲ့"

"ဗျာ"

ကျုပ် မဖဲဝါပြောတာကို အံ့သြလိုက်တာဗျာ။
ကျုပ် ကြားမှ မကြားဘူးတာ။

"ဒါပေမဲ့ သိန်းမောင်က လူနှစ်ယောက် သတ်လိုက်ပြီ
သူ့ကို ကျွတ်အောင် လုပ်ပေးလိုက် တာတေ။
ကြာလာရင် သူ့မှာ အကုသိုလ်တွေ များသထက်
များလာလိမ့်မယ်။အခုလို တစ္ဆေဘဝကနေ
ဘာမှ မသိတော့တဲ့ တစ္ဆေအရိုင်းအစိုင်းကြီး
ဖြစ်သွားလိမ့်မယ် ။ အဲဒီအချိန်ကျရင် နင်တို့ရွာ
သည့်ထက် ဒုက္ခရောက်လိမ့်မယ် ။ အဲဒီအခါကျရင်
လုပ်ရတာလည်း ခက်လိမ့်မယ် ။ အခုနေလုပ်ရင်
ရပါသေးတယ် ။ သူ့မိန်းမကို နားချခိုင်းပါ"

"ဒါဆိုရင် ကြက်ငတိုးနဲ့ ဇိုးသသောင်းကို သတ်တာ
တစ္ဆေကိုသိန်းမောင်ပေါ့ ဟုတ်လား မဖဲဝါ"

"ဟုတ်တယ် တာတေ။ သိန်းမောင် သတ်တာ။
သူ့မိန်းမကို စွဲပြီး တစ္ဆေဖြစ်တဲ့အကောင်။ မိန်းမကို
လာပြီးထိတဲ့အကောင်တိုင်း သတ်နေမှာပဲ "

ကျုပ် တော်တော်ကို စိတ်ညစ်သွားတယ်ဗျို့
လူတိုင်းက အစ်မခင်စိန်ရီကို မုဆိုးမလို့ပဲ သိထားကြတာ။
အစ်မခင်စိန်ရီက လှလည်း လှတော့ လိုချင်ကြမှာပဲ။
သူ့ယောင်္ကျားနဲ့ ပေါင်းသင်းနေဆဲပဲဆိုတာ ဘယ်သူက
သိမှာတုံးဗျာ။

"ဟဲ့ တာတေ ထတော့လေ ။ နင့်အကောင် ကျောက်ခဲတောင်
ရောက်နေပြီ"

အမေက ကျုပ်ကို လှုပ်နိုးလို့ ကျုပ် နိုးသွားတာဗျို့။

"ဟင် ကျောက်ခဲ ရောက်နေလား အမေ"

"အေး ရောက်နေလို့ ငါ ထမင်းကြမ်းတောင် ကျွေးထားတယ်
မနေ့က ချက်ထားတဲ့ ဆတ်သားတွေ ရှိတာနဲ့ ကျောက်ခဲကို
ငါ ထမင်းကျွေးနေတာလေ။ နင်လည်း ထတော့လေ။
မျက်နှာပါ သစ်ပြီး ထမင်းကြမ်း စားတာပေါ့"

"အေဘရာ"

"နင့်အဘ ယာထဲဆင်းသွားတယ် နင်မလာခဲ့နဲ့တဲ့
မှာသွားတယ်"

ကျုပ် ထမင်းကြမ်းစားဖို့လုပ်တော့ ဟိုကောင် ကျောက်ခဲက
ဝတောင်သွားပြီဗျ။ ကျုပ် ထမင်းစားရင်းပဲ ဒီကောင်နဲ့
စကားပြောရတော့တာပေါ့ဗျာ။

"ကိုကြီးတာတေ ဘယ်လိုတုံးဗျ ။ သိပြီလား"

"သိပြီ ကျောက်ခဲရေ ။ ငါ သိပြီ"

"ဟိုလူနှစ်ယောက်ကို ဘယ်သူ သတ်တာတဲ့တုံး"

"ကိုသိန်းမောင်တစ္ဆေ သတ်တာတဲ့ကွာ။
ဒီအကြောင်းကို မင်းနဲ့ငါ နှစ်ယောက်ပဲ သိတာကောင်းတယ်
ကျောက်ခဲ ဘယ်သူမှ မသိစေနဲ့ ကြားလား။
သံမဏိတောင် မသိစေနဲ့ကွာ"

"ဟာ စိတ်ချပါ ကိုကြီးတာတေရာ ။အစ်မခင်စိန်ရီက
ကျုပ်အစ်မဝမ်းကွဲလေဗျာ။ ကိုသိန်းမောင်က
ကျုပ်ယောက်ဖပဲဟာ။ ကျုပ်ယောက်ဖ တစ္ဆေဖြစ်နေပြီး
လူနှစ်ယောက်ကို ရက်ရက်စက်စက် သတ်ပစ်တဲ့
ကိစ္စကို ကျုပ် ဘယ်ပြောရဲပါ့မလဲ ကိုကြီးတာတေရာ"

"အေး ဟုတ်တယ် အဲဒါကို ငါပြောတာ
ငါ အစ်မခင်စိန်ရီနဲ့ တွေ့ပြီး စီစဉ်စရာတွေ စီစဉ်ရမယ်ကွ"

ကျုပ်က အစ်မခင်စိန်ရီနဲ့ သွားတွေ့တယ်
ဘထွေးထွန်းကြည်ရောပေါ့ဗျာ။
ဘထွေးထွန်းကြည်ရဲ့မိန်းမ အရီးစိန်ပုလည်း
ရှိပါတယ်။ ကျုပ်က အကျိုးအကြောင်းတွေ
အားလုံးကို ပြောပြတယ် ။

ဘထွေးထွန်းကြည်တို့အိမ်မှာ ပြောပြတာပေါ့ဗျာ
အစ်မခင်စိန်ရီတို့ အိမ်မှာပြောတာ မဟုတ်ဘူးလေ။
ကိုသိန်းမောင် လူနှစ်ယောက် သတ်လိုက်တဲ့ကိစ္စရော
နောက်လည်း အစ်မခင်စိန်ရီကို လာပြီး ပတ်သက်တဲ့
လူတိုင်းကို သူသတ်မှာဆိုတာရောပေါ့ဗျာ။

ဒီတော့ ကိုကြီးသိန်းမောင်ကို ကျွတ်လွတ်အောင်
လုပ်ပေးဖို့ ကိစ္စကို ကျုပ်က ပြောပြတယ်

အစ်မခင်စိန်ရီက ငိုတော့တာပေါ့ဗျာ။
ငိုတာမှ ရှိုက်ကြီးတငင်ကို ငိုတာဗျာ။
ကျုပ်ဖြင့် အစ်မခင်စိန်ရီကို ကြည့်ရင်း
မျက်ရည်တွေ ဝဲလာတယ်။

ကျုပ်သိတာပေါ့ဗျာ။ အစ်မခင်စိန်ရီရင်ထဲမှာ
ဘယ်လို ခံစားရမယ်ဆိုတာ ကျုပ်သိပါတယ်။
ကျုပ်ချစ်သူ လှယဉ် သေတော့ ကျုပ်ရင်ထဲမှာ
နှလုံးကွဲထွက်မတတ် ကျုပ် ခံစားခဲ့ရဖူးတာပဲ။

လူကွယ်ရာမှာ ကျုပ်လည်း အစ်မခင်စိန်ရီ
ငိုသလိုကို ငိုခဲ့ဖူးပါတယ်။

အစ်မခင်စိန်ရီ ရှိုက်ကြီးတငင် ငိုတဲ့အသံကို
ကြားတော့ ကိုကြီးသိန်းမောင်တစ္ဆေက သူ့တို့
အိမ်ကလေးထဲက ပြေးထွက်လာတယ်။

ကျုပ်က မျက်ကွင်းဆေး ကွင်းလာတော့ မြင်နေရတာပေါ့ဗျာ
ကိုသိန်းမောင်တစ္ဆေက ဘထွေးထွန်းကြည်တို့
အိမ်ကြီးပေါ်ကို မတက်ဘူးဗျ။ အိမ်ရှေ့ကပဲ ရပ်ပြီး
နားထောင်နေတာ။ သူကြားတာပေါ့ဗျာ။
အိမ်ပေါ်မှာ ကျုပ်တို့ ပြောဆိုနေတာတွေကို
သူ အိမ်ရှေ့က ကြားနေရတော့တာပေါ့။

"သမီးခင်စ်ိန်ရီ တာတေ လာပြောတာ ဟုတ်တယ် သမီး။
သမီးနဲ့ မောင်သိန်းမောင် တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ချစ်ကြတယ်ဆိုတာ အဖေတို့ သိပါတယ်
သမီးရယ်။ အခု တာတေ လာပြီး ရှင်းပြတော့မှပဲ
အဖေလည်း သဘောပေါက်တာ သမီးရဲ့။ တစ္ဆေတွေ
ဆိုတာလည်း ကံပေါ်မှာ မူတည်ပြီး အဆင့်အတန်း
ကွဲပြားကြတာပေါ့လေ။ တချို့ တစ္ဆေတွေက
အကုသိုလ်ကံ ကြီးမားလွန်းလို့ ရုပ်ရည်ရူပကာကလည်း
လူမကြည့်ရဲလောက်အောင် ဆိုးဝါးနေကြတယ်။

အပိုင်း(၇)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)