မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမ ၊အပိုင်း(၇)



"အဘွားကြီးအိမ်နဲ့ နီးနီးနားနားမှာပဲ နေမယ်"

"ဒါဆို ဦးညိုတို့အိမ်မှာ တည်းပေတော့ ဦးညို
အိမ်က ဒေါ်ငွေတင်တို့အိမ်နဲ့ တစ်ခြံပဲခြားတယ်
ဆရာလေး"

"ကောင်းတယ်...ဦးညို အိမ်မှာတည်းမယ်"

အချိန်က သုံးနာရီခွဲခန့်ရှိပြီ။

"ရှေ့က ရွာပဲဆရာလေး...ရောက်ပြီ၊ ရွာက
အိမ်ခြေသုံးရာငါးဆယ်ကျော်တယ်၊ ချောင်း
နဲ့အပြိုင် ရွာကို အရှည်လိုက်တည်ထားလို့
ရွာတန်းရှည်ဖြစ်နေတာ၊ ရွာမှာ အလျားလိုက်
နှစ်လမ်းပဲရှိတယ်"

"ရွာရောက်ရင် ကျတော်ကို တစ်ခုတော့ ကူညီ၊
ကြက်တစ်ကောင်ကို ချက်ပေးပါ၊ ထမင်းအိုး
နဲ့ ဆန်ခြောက်ဗူးချက်ပေးပါ၊ ကျတော်စားမ
လို့ မဟုတ်ဘူး"

"ရတယ် ဆရာလေး ဒီပြင် ဘာလုပ်ပေးရဦးမလဲ"

"ဒီရွာမှာ နတ်ဝင်သည်ရှိလား"

"ရှိတယ် နတ်ဝင်သည် ဒေါ်ညွန့်ရှိတယ် နတ်က
တော်ပေါ့၊ အသက် ငါးဆယ်လောက်ရှိပြီ"

"အဲဒီ ဒေါ်ညွန့်ကို ရှာပြီး ကျတော့်ဆီ ခေါ်ခဲ့ပေးပါ"

"ဒေါ်ညွန့်နဲ့ ကျတော့်အိမ်က မျက်စောင်းထိုးနေ
ကြတာ၊ ဦးညိုအိမ်ကို ကျတော်ခေါ်ခဲ့မယ်"

စကားစမပြတ်ခင် ပဲ့ထောင်က ကမ်းမှာထိုး
ကပ်သွားသည်။ ကမ်းစပ်မှာ လူငယ်သုံးယောက်
ရှိနေသည်။ ပဲ့ထောင်ကို ဖမ်းဆီးပြီး ကြိုးကို
ယူကာ ငုတ်မှာ ချည်လိုက်သည်။

"လှဝင်းရေ...လှေကို မလူးအောင် ထိန်းပေးပါ
ဦး ငါတို့ဆင်းဦးမယ်"

"ဆရာလေး မျိုးဝင်းကို ကိုင်ပြီး အောက်ကိုဆင်း"

ပဲ့ထောင်က လူးနေသဖြင့် ရေထဲမကျအောင်
နီးစပ်ရာလူကို ဖမ်းကိုင်ပြီး ကမ်းစပ်ပေါ်ဆင်း
လိုက်သည်။

"ဦးညိုတို့ ဘယ်က ပြန်လာတာလဲ"

"အောက်စုရွာနဲ့ အေးရွာကိုသွားတာ အဲဒီရွာတွေ
မင်းတို့သိလား"

"မသိဘူး"

"မသိရင် စပ်စုမနေနဲ့ လှဝင်း မျိုးဝင်းနဲ့လိုက်
သွားပြီး သူနဲ့ဝိုင်းကူ လုပ်ကိုင်ပေးလိုက်"

လှဝင်းလည်း ဘုမသိ ဘမသိနှင့် ကိုမျိုးဝင်း
နောက်သို့ လိုက်ပါသွားသည်။

ကျော်သိုက်ကတော့ ဦးညိုသွားရာသို့ လိုက်
ခဲ့သည်။

"ဒါဒီရွာတွေရဲ့ မနက်စျေးလေးပေါ့ အနီးအနား
ရွာတွေက လာရောင်းကြတာ ငါးရှာလို့ရသမျှ
ဒီမှာ လာရောင်းကြတယ်၊ ညနေပိုင်းတော့
အိမ်ဆိုင်တွေပဲရှိတော့တယ်"

ငါးမိနစ်သာသာခန့် လျှောက်လိုက်သည်။ ဦး
ညိုအိမ်သို့ ရောက်လာခဲ့သည်။

"ဆရာလေး ဟိုကမြင်နေရတဲ့ ရေနံဝနေတဲ့
နှစ်ဆောင်ပြိုင် အိမ်ကြီးပဲ သရဲမကြီး ဒေါ်
ငွေတင်ရဲ့အိမ်"

ကျော်သိုက်လည်း ခြေတံရှည်အိမ်ကြီးကို
အသေအချာ လှည့်ကြည့်မိသည်။ သရဲမ
ကြီးကို ကြောက်ပြီး သားတွေ သမီးတွေ
အိမ်ကြီးကို ဤအတိုင်းပစ်ထားရသည်။

မိသားစု စုံစုံလင်လင် သိုက်သိုက်ဝန်းဝန်း ရှိ
ရမည့် ဤအိမ်ကြီးမှာ အတ္တကြီးလွန်းလှသော
အိမ်ကြီးရှင် သရဲမကြီးက အပိုင်ကြီးစိုးထား
သည်။ သည်ကိစ္စ မဖဲဝါကို အကူအညီတောင်း
ပြီး ဖြေရှင်းရုံမှအပ ကျော်သိုက်လည်း သရဲ
မကြီးကို မယှဥ်ပြိုင်နိုင်၊

ကိုယ်မနိုင်မှန်းသိလျက်နဲ့ သွားယှဥ်ပြိုင်လျင်
ကိုယ့်သိက္ခာ ကိုယ်ချသလို ဖြစ်သွားမည်။
သို့ကြောင့် သရဲကို သရဲနှင့်သာ ယှဥ်ပြိုင်စေ
တော့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျော်သိုက်လည်း ဦးညိုအိမ်ပေါ်မှာ ထိုင်ပြီး ဦး
ညိုသား ခပ်လာပေးသော သောက်ရေကို အဝသောက်လိုက်သည်။ ခဏနေတော့ ကိုမျိုးဝင်း
နှင့်အတူ အသက်ငါးဆယ်ဝန်းကျင်ခန့် အမျိုး
သမီးကြီး ပါလာသည်။

ဒေါ်ညွန့်ဆိုသော နတ်ကတော်ကြီး ဖြစ်မည်ဟု
ကျော်သိုက်တွေးထင်လိုက်သည်။

"မျိုးဝင်း လှဝင်းပါမလာဘူးလား"

ဒေါ်ငွေတင်ရဲ့သားကြီး သိန်းထွန်းကို သွားခေါ်
ခိုင်းလိုက်တယ်"

"အေး...ကောင်းတယ် သိန်းထွန်းပါတော့ ပို
ကောင်းတာပေါ့ သူက သွေးသားရင်းပဲ သူ့ကို
အသိမပေးလို့ မဖြစ်ဘူး"

"ဆရာလေး...ဒါ နတ်ကတော်မညွန့်ပဲ"

ဦးညိုက ဒေါ်ညွန့်နှင့် မိတ်ဆက်ပေးသည်။

"ကိုညို ကျုပ်ကို ခေါ်ခိုင်းတယ်ဆိုလို့"

"ဒီဆရာလေးခေါ်ခိုင်းတာ အကြောင်းကိစ္စကို
တော့ ဆရာလေးကပဲ ရှင်းပြလိမ့်မယ်"

"ဒီရွာက မကျွတ်မလွတ်ပဲ ခြောက်လှန့်နေတဲ့
ဒေါ်ငွေတင်ရဲ့ ဝိညာဥ်ကို အိမ်ကြီးပေါ်က
ဖယ်ရှားလို့ရအောင် အဒေါ်က ကျတော့်ကို
ဝိုင်းကူညီပေးရမယ်"

"အမယ်လေးတော် အိမ်ပြန်ပြီး ထမင်းအေးအေး
စားပါရစေ ဒီမငွေတင်သရဲမနဲ့တော့ ထိပ်တိုက်
မတိုးပါရစေနဲ့"

"ဒေါ်ငွေတင်နဲ့ မတိုးပါဘူး ကျတော်စကား
ပြောတာ လောသွားလို့ပါ"

"ရွာသခ်ျိုင်းက ဘယ်နားမှာလဲ"

"ဒီရွာရဲ့ အနောက်ဘက်မှာ ရွာကနေ သိပ်မသွား
ရပါဘူး"

"ဒီည သခ်ျိုင်းကို အဒေါ်ရယ် ကျတော်ရယ်
ဒီရွာက လိုက်ချင်တဲ့သူ သုံးလေးယောက်
လောက်ရယ် သွားကြမယ်၊ ကျတော်က
မဖဲဝါကို ပင့်မယ်၊ မဖဲဝါရောက်လာရင်
အဒေါ်ကိုယ်မှာ ပူးကပ်ပြီး ကျတော်သိလို
သမျှ ပြောပြလိမ့်မယ်"

"ငါက ကြားခံ လုပ်ပေးရမှာပေါ့ မဖဲဝါက 
ငါ့ကို ဝင်ပူးမယ် ဟုတ်လား"

"ဟုတ်ကဲ့ အဲဒီလို ဝင်ပူးပြီး ကျတော်သိလိုသမျှ
သူပြောပါလိမ့်မယ်"

"အဖော်ကောင်းရင်တော့ ငါမကြောက်ပါဘူး
တစ်ယောက် နှစ်ယောက်ထဲတော့ ငါမသွားဝံ့ဘူး"

"ကျုပ်လည်း လိုက်မယ် မညွန့်၊ သိန်းထွန်းတို့
မျိုးဝင်းတို့လည်း လိုက်လိမ့်မယ်"

"သုံးလေးယောက်ဆို ငါ သွားဝံ့ပါတယ်"

"ကဲ ဒါပဲလား ဘယ်အချိန်သွားမယ်ဆိုတာလည်း
ပြောဦးလေ"

"ညရှစ်နာရီ ထိုးပြီးတာနဲ့ သွားကြမယ်"

"ငါအိမ်မှာ ရှိတယ် မျိုးဝင်းကို လာခေါ်ခိုင်းလိုက်"

ဒေါ်ညွန့် အိမ်ကပြန်ထွက်တော့ လှဝင်းနှင့်
သိန်းထွန်းတို့ရောက်လာသည်။

အပိုင်း(၈)ဆက်ရန်...

မူရင်းရေးသူ =ဧကန်မင်း

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)