အခန်းဖော်က သရဲမ အပိုင်း(၄)



"အစ်မကြိုက်နေတဲ့လူမှာ အစကတည်းက
မိန်းမနဲ့ ကလေးရှိတာ သိတယ်တဲ့၊ အဲဒီ
လူက စက်ရုံတစ်ရုံလုံးက ကားအားလုံးကို
'ကညန'မှာ၊ သက်တမ်းတိုးတာတို့ လိုင်စင်ဝင်တာတို့၊
အခွန်ဆောင်တာတို့ တာဝန်ယူလုပ်ကိုင်ပေးနေတာတဲ့
အားလုံး သူတို့နှစ်ယောက်က သိပါလျက်နဲ့ မပြော
ပြပဲ မြှောက်ထိုး ပင့်ကော် လုပ်ပေးခဲ့တယ်

ကိုယ်က အချစ်စိတ်မွှန်နေလို့ ဘာဆိုဘာမှ
မသိဘူး၊ အားလုံးအဖြစ်မှန်သိရပြီဆိုတော့
ဒီအလုပ်မှာ မျက်နှာပြောင်တိုက်ပြီး ဘယ်လို
လုပ်နေလို့ရတော့မှာလဲ"

"တစ်ဖက်က မသိလို့ ငြိမ်ပြီးနေလိုက်ရင်ရတာပဲ
အစ်မက စိုးရိမ်စိတ်များနေတာ မဟုတ်ဘူးလား"

"တစ်ဖက်က လုံးဝမသိလို့ နေလို့ရပေမယ့်ပေါ့
ဟုတ်လား၊ဟိုကောင်မနှစ်ကောင် အပြင်ကွယ်ရာမှာ
ကြိတ်ပြီးအတင်းပြော လှောင်ပြောင်နေမယ့်
လူတွေ ဘယ်လောက်ရှိမလဲ ပြောနိုင်ပါ့မလား

"ဘာပဲဖြစ်ဖြစ် အစ်မအလုပ်က ထွက်လိုက်တယ်
ကံက ကောင်းချင်လို့လား ဆိုးချင်လို့လား မသိဘူး
အစ်မမိတ်ဆွေတစ်ယောက်က ဘီယာစက်ရုံမှာ
အလုပ်သွင်းပေးခဲ့တယ်။ လစာအတူတူပါပဲ
အခုအလုပ်က အချိန်ပိုဆက်ဆင်းရတယ်။
အဆောင်နဲ့အလုပ်က နည်းနည်းဝေးတယ်၊ 
ကားနှစ်ဆင့်စီးရတယ်၊ ကားမစီးချင်ရင် 
ဆိုက်ကယ်နဲ့ဆို အတော်မောင်းရတယ်"

"ကဲ…အစ်မ အချိန်လည်းလင့်သွားပြီး
အစ်မလည်း အိပ်တော့၊ ညီမလည်း
သွားတော့မယ်"

"အေး…အေး နောက်နေ့လည်း အစ်မပြန်လာ
ရင် လာခဲ့ဦးနော်"

"ဟုတ်ကဲ့ အစ်မ၊ ခဏတဖြုတ်လာခဲ့ပါ့မယ်"

အေးအေးမာ အခန်းသို့ ပြန်ရောက်လာသည်။
ညက ပဟေဠိဖြစ်ခဲ့သော အကြောင်းအရာက
ယခုမှပင် ရှင်းသွားတော့သည်။ တစ်ဖက်သတ်
ကြိုက်ပြီး တစ်ဖက်သတ် နောက်ဆုတ်ခဲ့ရသော
အစ်မသင်းသင်းအဖြစ်ကို ကြားပြီး စိတ်တော့
မကောင်း။ အဓိကကတော့ သေသေချာချာ
မစုံစမ်းခြင်းနှင့် အပေါင်းအသင်း မကောင်း
ခြင်းကြောင့် အရှက်အကြောက်ပိုခဲ့ရခြင်း
လည်း ဖြစ်သည်။

မမသင်းသင်းအဖြစ်ကို ကိုယ်ချင်းစာပြီး
ညစဉ်သွားပြီး အဖော်ခဏတာမျှ လုပ်ပေး
ခဲ့သည်။ ကြာတော့ ထိုအကြောင်းကို
မပြောဖြစ်တော့။ မမသင်းအခန်းကို 
ညစဉ်ရက်ဆက်ကူးပြီး စကားပြောခဲ့သည်
မှာ ဆက်ရက်ခန့်သို့ ရောက်လာသည်။
ထိုအချိန် တနင်္ဂနွေနေ့ အလုပ်အားသဖြင့်
အခန်းမှာ ဘယ်မှမသွားဘဲ ဖုန်းတစ်လုံးနှင့်
အချိန်ဖြုန်းနေသည်။

မြမြနှင့်သူ့သူငယ်ချင်းတစ်ယောက်တို့ အင်းစိန်သို့
သွားကြသည်။ မြမြသူငယ်ချင်း၏ အမျိုးတွေ အင်း
စိန်မှာရှိသည်ဆိုကာ မြမြကို အဖော်ခေါ်သွားသည်။
သူ့ကိုပါခေါ်သော်လည်း အပြင်သွားချင်စိတ်မရှိ
သဖြင့် အခန်းထဲမှာပဲ အချိန်ဖြုန်းနေလိုက်သည်။

တစ်ဖက်အခန်းက မမသင်းကလည်း စနေ့၊
တနင်္ဂနွေပါ အခန်းမှာမရှိ၊ အမြဲတံခါးပိတ်ထား
သည်ကို တွေ့ရသည်။ ညရောက်မှသာပြန်
ရောက်သည်။ နေ့ဆယ်နာရီခန့် ခြေရင်းအခန်းမှ
တံခါးဖွင့်သံကြားသဖြင့် အေးအေးမာလည်း
မမသင်းပြန်ရောက်လာသည့်အတွက် 
တံခါးဖွင့်သည်ဟု ထင်လိုက်သည်။

သို့ကြောင့် ဖုန်းကိုပိတ်လိုက်သည်။ တစ်ဖက်
အခန်းသို့ ကူးသင့်မကူးသင့် နားစွင့်လိုက်သည်။
အခန်းပိုင်ရှင် ဒေါ်အေးပွင့်၏အသံကိုလည်း
ကြားရသည်။အခြားလူကြီးအသံများလည်း
ကြားရသည်။

အစ်မသင်းသင်း၏ ဆွေမျိုးများ လာသည့်
အတွက် တံခါးလာဖွင့်ပေးခြင်းဖြစ်မည်ဟု
ထင်လိုက်သည်။ သို့ကြောင့် အပြင်ထွက်
မစပ်စုတော့ပဲ အခန်းထဲ ပြန်ဝင်ပြီး ကွပ်ပျစ်
မှာ ထိုင်နေလိုက်သည်။

ဆယ့်တစ်နာရီခန့်အရောက် အေးအေးမာ
နေ့လည်စာ စားလိုက်သည်။ နေ့လည်စာ
စားပြီး မကြာခင် ခြေရင်းခန်းမှာ ဆူဆူညံ
ညံ အသံတွေ ကြားရသည်။အိုးခွက်သံ
ပန်းကန်သံများလည်း ကြားရသည်။

စျေးဝယ်ပြီး ပြန်လာကြသည်ဟုလည်း ကြားရသဖြင့်
အခန်းထဲငြိမ်မနေနိုင်တော့ပဲ အခန်းအပြင်ရှိ
လက်တန်းမှာရပ်ရင်း အကဲခတ်နေလိုက်သည်။
ခြေရင်းခန်း၏ အပြင်မြေပြင်မှာ ချက်ပြုတ်ရန်
အမျိုးသမီးသုံးယောက်နှင့် ယောင်္ကျားကြီး
နှစ်ယောက်တို့ကို တွေ့လိုက်သည်။

"ဘာလုပ်ကြမှာပါလိမ့်"

အေးအေးမာ စိတ်ဝင်စားသွားပြီး ခြံဝနားမှာ
ရပ်နေသော အခန်းရှင် ဒေါ်အေးပွင့်အနီးသို့
သွားလိုက်သည်။ ဒေါ်အေးပွင့်က အသက်
ငါးဆယ်ကျော်ခန့်ရှိသည်။

"အဒေါ်…ဟိုအစ်မသင်းသင်း အခန်းခြေရင်း
ဘက်မှာ ဘာလုပ်နေကြတာလဲ"

"အဲဒီအခန်းမှာနေသွားတဲ့ သင်းသင်းဆုံးတာ
မနက်ဖြန် တစ်လပြည့်လေ၊ သူသေကာစ
တစ်ပတ်လောက်အထိ မကျွတ်မလွတ်ပဲ
အခန်းမှာလာနေတယ်၊ လူအချို့လည်း
မြင်ကြတယ်၊ ခြောက်တယ်"

" အစ်မ သင်းသင်း သေသွားပြီ ဟုတ်လား"

" ဟုတ်တယ် မနက်ဖြန် တစ်လတိတိပြည့်ပြီ"

"မဖြစ်နိုင်ပါဘူး"

"သြော် သေသွားလို့ သူ့အဖေ အမေတွေ
ရောက်လာပြီး ဆွမ်းကပ်မလို့ ချက်ပြုတ်နေကြတာ"

"ကျမ ညတိုင်းရှစ်နာရီခွဲပြီးနောက်ပိုင်း
သူ့အခန်းထဲသွားပြီး စကားပြောနေခဲ့တာ"

"မဟုတ်က ဟုတ်ကကွယ်"

"တစ်ကယ်ပြောတာပါ၊ သူညရှစ်နာရီခွဲတိတိဆို
အခန်းသော့ဖွင့်ပြီး ဝင်လာတာပါ၊ မီးလုံးဖွင့်ပြီး
ထိုင်နေတယ်၊ ကျမက သွားမိတ်ဖွဲ့လိုက်တာနဲ့
ရင်းနှီးခင်မင်သွားပြီး သူအလုပ်ပြောင်းရတဲ့
အကြောင်း ပြောပြတယ်"

"ဒါဆို သူသေတဲ့အကြောင်းကော မပြောပြဘူးလား"

"အဲဒီလိုပြောမှတော့ ကျမကသေပြီလို့ ပြောမှာပေါ့
သူက သူ့အလုပ်အကြောင်းနဲ့ နေရေးထိုင်ရေး
အကြောင်းပဲ ပြောတယ်"

"အင်း…အေးအေးမာကလည်း ရောက်တာ
မကြာသေးတော့ သူ့အကြောင်း ဘယ်သိပါ့မလဲ၊
သူသေပြီး အဲဒီအချိန်ပြန်လာပြီး ဝုန်းဒိုင်းကျဲနေလို့
အခန်းတံခါးပိတ်ပြီး ဘယ်သူမှ မငှားဘဲ
တစ်လပြည့်အောင် စောင့်နေခဲ့တာ"

အပိုင်း(၅)ဆက်ရန်..

မူရင်းရေးသူ = ဧကန်မင်း

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)