မှန်ထောင်ကဝေမ အပိုင်း(၃)



"ရတာပေါ့ဟဲ့။ သတ်မယ့်လူရဲ့ ဓါတ်ပုံကို
သေသေချာချာ စိုက်ကြည့်ပြီး မှန်ရှေ့မှာ 
နှင်းဆီအနီတစ်ပွင့်ကို ပန်းကန်ထဲမှာ ထည့်ပြီး
ချထားရတယ်။ ပြီးရင် ငါက မှော်မန္တန်တွေ ရွတ်လိုက်ရင်
ဓါတ်ပုံထဲက လူရဲ့ပုံက ငါရဲ့ ကဝေကြေးမုံထဲမှာ
ပေါ်လာတာပေါ့။ငါက နှင်းဆီပန်းနဲ့ အဲဒီမှန်ထဲက
ရုပ်ပုံကို ကောက်ပေါက်လိုက်ရုံပဲ ဟဲ့ ကောင်လေးရဲ့။
အဲဒီပေါက်လိုက်တဲ့ ပန်းညှိုးရင် အဲဒီလူ ညှိုးရမယ်။
အဲဒီပန်းခြောက်ရင် အဲဒီလူလည်း ခြောက်သွေ့လာရမယ်။
အဲဒီပန်းနွမ်းရင် အဲဒီလူနွမ်းဟဲ့။ဒီပန်းကြွေပြီဆိုရင်တော့
အဲဒီလူ သေပြီပေါ့ဟဲ့။ ဟဲ့ကောင်လေး အဲဒါတွေ
ထားလိုက်။နင် လကွယ်ည ဆက်ဆက်လာမှာလား
ငါ့မှာ ပြင်ဆင်စရာတွေရှိတယ်"

"စိတ်ချပါ အမေ ။ကျုပ် ဆက်ဆက်လာပါမယ်"

"အေး ဒါဆိုရင် နွားရိုင်းသွင်းချိန် အရောက်လာခဲ့။
ဘယ်သူ့ကိုမှ အသိမပေးနဲ့ကြားလား။ အေး နင်လာမယ်
ဆိုပြီးတော့မှ မလာရင်တော့ ငါအဆိုး မဆိုနဲ့နော်။
မြွေဆိုးတွေ အကောင်တစ်ထောင်လောက်လွှတ်ပြီး
တစ်ရွာလုံး တစ်ယောက်မကျန်အောင် 
ပေါက်သတ်ခိုင်းလိုက်တယ် ဟင်း ဟင်း ဟင်း"

အဲဒီမိန်းမကြီးက ကျိန်းမောင်းတော့ မောင်အုန်းခမျာ
ကြောက်လိုက်တာတဲ့ကွာ။ကြောက်ကြောက်နဲ့ပဲ
သူ့နွားညိုကြီးဆွဲပြီး ပြန်လာခဲ့ရောတဲ့ဟေ့။

"သြော် ဒီအကြောင်းတွေကို မောင်အုန်းက ဆရာ ကိုကံပိုင်ကို
ပြောပြတာလား ဆရာနွံဖရဲ့"

"အေးပေါ့ကွ ။ကိုကံပိုင်နဲ့ မောင်အုန်းက နဂိုကတည်းက
တော်တော်ခင်တာတဲ့ကွ။အဲဒါ သူ ဘယ်လုပ်ရမလဲပေါ့ကွာ။
တိုးတိုးတိတ်တိတ် တိုင်ပင်တာပေါ့လေ။သူသွားလို့
ကိစ္စပြီးတာနဲ့ သူ့ကို ပြန်မလွှတ်ဘဲ
သတ်ပစ်လိုက်မှာလည်း ကြောက်တာပေါ့ကွာ။
တကယ်လို့ မသွားရင်လည်း သူတို့တစ်ရွာလုံးကို
ဒုက္ခပေးမှာ ကြောက်သတဲ့ကွာ။ပြီးတော့
မောင်အုန်းက ကဝေမကြီး ပေးလိုက်တဲ့
ရွှေဒင်္ဂါးပြား ငါးပြားလည်း ထုတ်ပြတယ်တဲ့"

"ဒီတော့ ဆရာကိုကံပိုင်က ဘာပြောတုံးဗျ"

"ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့ဆိုပြီး
မနေ့ကပဲ ဆရာကြီးကို အကြောင်းစုံ 
လာပြောသွားတယ်ကွ"

"အေး ဟုတ်တယ် ။ မောင်တာတေ ။
အဲဒါ မှန်ထောင်ကဝေမပဲကွ။ လူသတ်တော့
အင်မတန်ရဲတာကွ။ ဒီလူသတ်တဲ့ ကဝေမမျိုးကို
အရှင်ထားလို့ ဘယ်ဖြစ်မလဲကွာ။ဆရာကြီး သွားပြီး
နှိမ်နင်းရမှာပေါ့"

ဆရာကြီးက ကြားဖြတ်ပြီး ဝင်ပြောတယ်ဗျ။

"ဟာ တစ်ပွဲတစ်လမ်းတော့ နွှဲရဦးမှာပေါ့"

လို့ ကျုပ်က ပြောလိုက်တော့ ဆရာကြီးက
ဆက်ပြောတယ်ဗျ။ 

"ဟုတ်တာပေါ့ မောင်တာတေရာ ။ ဒီပွဲမှာလည်း
မင်းရဲ့ အကူအညီတွေ အများကြီးလိုမှာကွ"

"ဟာ စိတ်ချစမ်းပါ ဆရာကြီးရာ။
 တာတေက ဆရာကြီးတို့
ဆရာနွံဖတို့နဲ့သာဆိုရင် နတ်မိစ္ဆာတွေနဲ့ 
သတ်ရပုတ်ရမယ်ဆိုရင်တောင် သတ်ရဲပါရဲ့ဗျာ"

"ယုံပါတယ် မောင်တာတေ ။ ဆရာကြီးက
မောင်တာတေကို ယုံပြီးသားပါကွယ်"

လကွယ်နေ့မတိုင်ခင် တစ်ရက်အလိုမှာ
တာတေတို့ ခရမ်းကို ရောက်ခဲ့ကြတယ်။ခရမ်းက
ကိုကံပိုင်ကို ခေါ်ပြီးမှ လကွယ်နေ့ ညနေမှာ
သိမ်ကုန်းကို ထွက်လာခဲ့ကြတယ်။

သိမ်ကုန်းကို ရောက်တော့ နွားရိုင်းသွင်းချိန်ပေါ့ဗျာ။
ဆရာကြီးက တမင်ကို ချိန်ဆပြီး ထွက်လာခဲ့တာဗျို့။
ကဝေမကြီးကို ဆရာကြီးက လျှော့မတွက်ဘူးဗျ။
တစ်သက်လုံး သူတတ်ထားတဲ့ ကဝေပညာနဲ့
ကြေးစားလူသတ်သမား လုပ်ခဲ့တဲ့ ကဝေမကြီးဟာ
ကျုပ်တို့ လာတာကိုလည်း ကြိုသိနိုင်တယ်လို့
ဆရာကြီးက ပြောတယ်ဗျ။

သိမ်ကုန်းရောက်ချင်းပဲ ကိုကံပိုင်က မောင်အုန်းနဲ့တွေ့တယ်
မောင်အုန်းက ဆရာကြီးကို ကန်တော့ပြီးတော့ သူတွေ့
ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောပြတယ်။

"ကဲ မောင်အုန်း မင်းသွားရမယ်အချိန် ရောက်အောင်
သွားသာသွား ။ ဘာမှမကြောက်နဲ့။ဆရာကြီးတို့က
မင်းနဲ့ ခပ်လှမ်းလှမ်းက လိုက်လာခဲ့မယ်။မင်းက
သူခိုင်းတဲ့ အတိုင်းသာ လုပ်ပေးလိုက်။ အချိန်ရောက်တာနဲ့
ဆရာကြီးတို့ မင်းဆီကို လာခဲ့မယ်"

"ဟုတ်ကဲ့ပါ ဆရာကြီး"

မောင်အုန်းက ပုဆိုးလေးတစ်ထည် ခေါင်းပေါင်းပြီး
တောထဲကို ဝင်သွားတယ်ဗျ။ ဆရာကြီးရယ် ဆရာနွံဖရယ်
ကိုကံပိုင်ရယ် ကျုပ်ရယ် မောင်အုန်းရဲ့နောက် ခပ်ခွာခွာက
လိုက်ခဲ့ကြရတာဗျို့။ ဟော တွေ့ပြီဗျို့။ကဝေမကြီးနေတဲ့
တဲကလေးဗျ။ 
မောင်အုန်း တဲထဲကိုဝင်သွားပြီဗျို့။
ကျုပ်တို့က ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတွေ
နောက်မှာ ပုန်းနေကြရတယ်။ အားလုံးရဲ့ 
မျက်လုံးတွေကတော့ တဲကလေးကိုပဲ ကြည့်နေတာဗျို့။

ခုထိတော့ ဘာမှထူးထူးခြားခြား မရှိသေးပါဘူး။
တဖြည်းဖြည်း မှောင်လာပြီဗျ။ ဒါပေမဲ့ တဲကလေးထဲမှာ
ဘာမှမထူးခြားသေးပါဘူးဗျာ။ 

တဖြည်းဖြည်းနဲ့ သိမ်ကုန်းရွာလေးဘက်က ခွေးဟောင်သံတွေ
တိတ်ဆိတ်လာတယ်ဗျာ။သက်ကြီးခေါင်းချရန်
 ကြက်တွန်သံတွေကို ခပ်သဲ့သဲ့ ကြားလိုက်ရတယ်

ညကိုးနာရီလောက်တော့ ရှိပြီပေါ့ဗျာ။

"ဟာ မီးလုံးကြီး မီးလုံးကြီး"

ကျုပ်က လေသံကလေးနဲ့ ပြောလိုက်တယ်ဗျ။
ကဝေမကြီးနေတဲ့ တဲကလေးရဲ့ ခေါင်းမိုးပေါ်မှာ
မီးလုံးကြီးတစ်လုံးဗျ။ ခေါင်မိုးနဲ့ မထိမထိကလေး
ရွေ့နေတာဗျို့။ ဆရာကြီးနဲ့ ဆရာနွံဖက 
အသာကလေး ကြည့်နေကြတယ်။
ဆရာကြီးက လေသံကလေးနဲ့ပဲ ပြောတယ်

"တော်တော်ကို မှော်အဆင့်မြင့်တဲ့ ကဝေကွ။
အဲဒါ ကဝေမီးလို့ ခေါ်တယ် ။ နည်းနည်းမှ
မလှုပ်ကြနဲ့နော် တွေ့သွားလို့ကတော့
အသပေဲ သိလား"

အပိုင်း(၄)ဆက်ရန်..

မူရင်းရေးသူ =တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)