တတိယမျက်လုံး အပိုင်း(၂)
"အေး အေး ဒါကြောင့် အတွေ့အကြုံ
ဗဟုသုတများတဲ့ တာတေကို သွားခေါ်ဆိုပြီး
သူကြီးက ငါ့ကို တိုးတိုးပြောပြီး လွှတ်လိုက်တာကွ၊
သူကြီးလည်း အဲဒီဘိုးတော်ကို ဘယ်လိုခေါ်ရ
ပြောရမှန်းတောင် မသိဘူးဖြစ်နေတာကွ၊
ဘိုးတော်ကြီး ပြောသလိုဆိုရင် သူ့အဖေရဲ့
သူငယ်ချင်းလေကွာ။ ဘကြီးတို့ ဘဒွေးတို့
ခေါ်ရမှာပေါ့ကွ၊ အရွယ်ကြည့်လိုက်တော့လည်း
သူ့ထက်တောင် ငယ်ပုံငယ်ပန်း ဖြစ်နေတော့
ဘကြီးခေါ်ဖို့ကလည်း ခက်နေရောပေါ့ကွ"
"ဒါဆိုရင် သူကြီးက အဲဒီဘိုးတော်ကြီးကို
ဘယ်လိုခေါ်တုံးဗျ"
"အောင်မယ် တို့သူကြီးကလည်း လူပါးပဲကွ၊
ဘကြီးလို့လည်း မခေါ်ဘူး၊ ဘဒွေးလို့လည်း
မခေါ်ဘူး၊ ဆရာကြီးလို့ပဲ ခေါ်သကွ"
"ဟား ဟား ဟား ဟား သူကြီးကလည်း
အခေါ်အဝေါ် ပါးနပ်သားပဲဗျ၊ ကဲ ကဲ၊
လာ ကျုပ် လိုက်ခဲ့မယ် "
ကျုပ် သူကြီးအိမ်ရောက်တော့ သူကြီးက
ကျုပ်ကို ခရီးဦးကြိုပြုတယ်ဗျ။
"ဟကောင် တာတေ ၊ လာဟ ဒီမှာထိုင်"
ကျုပ်ကလည်း သူကြီးပြတဲ့နေရာမှာ
ဝင်ထိုင်လိုက်တယ်။ ကျုပ်ထိုင်လိုက်တာနဲ့
ဦးဘိုးထိန်က ကျုပ်ကို သေသေချာချာ
စိုက်ကြည့်တယ်ဗျ။ ခဏနေတော့ ပြောသဗျ။
"လူ့ကလေးနာမည်က တာတေတဲ့လားကွဲ့"
"ဟုတ်ပါတယ် ဘိုး၊ ကျုပ်နာမည် တာတေပါ"
"မောင်တာတေက လူထူးလေးပဲကွယ့်
မင်းအဘက ကိုဥာဏ်မို့လား၊ မင်းအမေက
ငွေစိန် ထင်တယ် "
"ဗျာ၊ ဟုတ် ဟုတ်ပါတယ် ဘိုး၊ ကျူပ်မိဘတွေကို
ဘိုး သိလို့လား"
"အရင်တုန်းကတော့ မသိပါဘူးကွယ်၊
အခုမှ သိတာပါ မောင်တာတေရဲ့၊
ဘေးမှာ ဖြာထွက်နေတဲ့ အရောင်တွေကို
ကြည့်ပြီး အာရုံခံကြည့်လို့ သိတာပါ "
"ဗျာ၊ ကျုပ်ကိုယ်က အရောင်တွေ ဖြာနေလို့လား၊
ကျုပ်တော့ မမြင်ပါလား ဘိုးရဲ့ "
"လူတိုင်းမှာ အရောင်တွေ ဖြာထွက်နေတာပဲ
မောင်တာတေရဲ့၊ သာမန်လူအဖို့တော့ ဒါတွေကို
မြင်နိုင်စွမ်း ဘယ်ရှိမှာတုံးကွယ့် "
"ဟင်၊ ဒါဆိုရင် ဘယ်လိုလူတွေမှ မြင်ရတာတုံးဘိုးရဲ့"
"တတိယမျက်လုံး ဖွင့်ထားတဲ့လူမှ မြင်ရတာကွယ့်"
"ဗျာ …တတိယမျက်လုံး ဟုတ်လား ဘိုး၊
ဟာ ဘိုးကလည်း လူမှာ မျက်လုံးက နှစ်လုံးပဲ
ရှိတာ ၊ တတိယမျက်လုံး ဘယ်ပါလို့တုံးဗျ"
"တတိယမျက်လုံးဆိုတာ တင်စားပြီးတော့
ခေါ်တာပါကွယ်၊ တချို့ကလည်း ဒိဗ္ဗစက္ခုလို့
ခေါ်ကြတယ်။ တချို့ကတော့ ဒါကို နတ်မျက်စိလို့
ခေါ်ကြတယ်ကွယ့်"
"ဟင် ဒါဆိုရင် ဘိုးက တတိယမျက်လုံး
ဖွင့်ပြီးသားလား ဘိုး"
သျှောင်ထုံးကြီးနဲ့ အဘိုးထိန်နေတဲ့ အဘိုးကြီးက
ကျုပ် အမေးကို ပါးစပ်နဲ့ မဖြေတော့ဘဲ ခေါင်းပဲ
ညိတ်ပြလိုက်တယ်၊
"မောင်တာတေ နားထောင်၊ အဘိုးပြောမယ်၊
မောင်တာတေဟာ တစ်ဦးတည်းသော
သားတစ်ယောက်ပဲ၊ အရွယ်နဲ့ မမျှအောင်ကို ဗဟုသုတပညာတွေစုံလှပေတယ်၊
ရှေ့လျှောက်ပြီး ဒါထက် ကြုံရ
တွေ့ရလိမ့်ဦးမယ်ကွယ်၊ နောက်ရင် မင်း
ဒီအရပ်မှာ နေရမှာ မဟုတ်ဘူး၊ မြို့ကြီးပြကြီးမှာ
နေရလိမ့်မယ် "
အဘိုးထိန်က စကားရပ်လိုက်တယ်။
"အဘိုး အဘိုးပြောတဲ့ တတိယမျက်လုံး
ဆိုတာကို ဘယ်လိုများ ဖွင့်လိုက်တာတုံး အဘိုးရ"
"အင်း…မောင်တာတေကတော့ ကျုပ်တို့နဲ့
အတော်ကလေးနီးစပ်တာကလား၊ မောင်တာတေ
သိချင်ရင် ပြောပြတာပလေ၊ ဒီလို မောင်တာတေရဲ့၊
ထနောင်းကုန်း အနောက်ဘက်တောစပ်က
စားကျက်ကွင်းကြီးတွေမှာ ကျုပ်က နွား
သွား,သွားပြီး ကျောင်းနေကြကွယ့်။
ဒီတုန်းက ကျုပ်အသက်က ဆယ့်နှစ်နှစ်ထဲ
ဝင်ကာစပဲ ရှိသေးတာ၊ ကျုပ်တို့နွားက
သုံးကောင်၊ ကျုပ်ဒွေးလေးတို့ နွားက
နှစ်ကောင်၊ စုစုပေါင်း ငါးကောင်ကို
ကျုပ်က စားကျက်ကွင်းမှာ သွားပြီး
ကျောင်းတာကွယ်၊ တစ်ရက်ကျတော့
ကျုပ်က ထမင်းထုပ်ကလေး ဖြည်စားပြီး
ဗိုက်လေးလေးနဲ့ မန်းကျည်းပင်ကြီး
အောက်မှာ အိပ်ပျော်နေတာပေါ့ကွယ်။
"ဟေ့ ကလေး ထထ"
ဆိုပြီး ကျုပ်ကို လှုပ်နိုးနေတဲ့အသံ ကျုပ်နားထဲမှာ
ကြားလိုက်ရတာကွယ့်၊ ဒါနဲ့ ကျုပ်လည်း နိုးသွားပြီး
ထထိုင်လိုက်တယ်၊ ဘုန်းကြီးနှစ်ပါးကွယ့်။
တစ်ပါးက ဗမာရုပ်ရည်နဲ့ နောက်တစ်ပါးက
ထွားထွားကြီး၊ ဗမာနဲ့ မတူဘူး၊ ဘန့်ဘွေးကုန်းက
ကုန်စုံရောင်းတဲ့ တရုတ်ပုံစံမျိုး။အဲဒီဘုန်းကြီးက
ဗမာစကား မတတ်ဘူး။
တရုတ်လိုလိုဘုန်းကြီးက ဗမာဘုန်းကြီးကို
မေးတယ်။ ဘာမေးတာတုံး ကျုပ်က မသိဘူး၊
ဗမာဘုန်းကြီးက ဗမာလိုပဲ ပြန်ပြောတယ်။
"ဟုတ်တယ်ဘုရား၊ ဒီကလေးပဲ"
ကျုပ်စိတ်ထင်တော့ သူတို့နှစ်ပါးက
ကိုယ့်ဘာသာနဲ့ကိုယ် ပြောနေကြပေမယ့်
ဘာပြောတယ်ဆိုတာ နှစ်ပါးစလုံးရဲ့ စိတ်ထဲမှာ
နားလည်ကြပုံပဲကွယ့် "
'ကလေး မင်းနာမည် မောင်ထိန်မို့လား'
ကျုပ်က လက်အုပ်ကလေးချီပြီး ပြန်လျှောက်
လိုက်တယ်
"ဟုတ်ပါတယ်ဘုရား"
"မင်းမှာ မိဘတွေ ရှိသေးလားကွယ့်'
'တပည့်တော် ငယ်ငယ်ကလေးကတည်းက
မိဘတွေ ဆုံးသွားကြပါတယ်ဘုရား။
တပည့်တော်ဘထွေးအိမ်မှာ နေရတာပါ'
'သြော် အေး အေး နေဦးကွ၊ မောင်ထိန်၊
မင်း အိပ်ရာကနိုးတော့ ဆာနေမှာပေါ့၊
ရော့ ဒီငှက်ပျောသီး စားလိုက်'
ကျုပ်ကို ဗမာဘုန်းကြီးက ငှက်ပျောသီးကြီး
တစ်လုံးလှမ်းပေးတယ်။ ကျုပ်က ရိုရိုသေသေ
လှမ်းယူပြီး အခွံခွာလိုက်တယ်။ငှက်ပျောသီးက
အဝါရောင် မဟုတ်ဘူးကွ။ ရွှေရောင်၊
အထဲက ငှက်ပျောသီးအသားကလည်း
ရွှေရောင်ပဲ။ ဒီငှက်ပျောသီးကို တရုတ်လိုလို
ဘုန်းကြီးက ဗမာဘုန်းကြီးကို လှမ်းပေးလိုက်တာ။
အနံ့ကလည်း မွှေးလိုက်တာ မပြောနဲ့တော့ကွယ်။
'စား၊ မောင်ထိန် စား'
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသူ = တာတေ

Comments
Post a Comment