ဓားစကြာ အပိုင်း(၃)



အဂ်လိပ်ဘာသာနဲ့ပုံနှိပ်ထားတဲ့စာအုပ်တွေ၊ အိန်ဒိယဘာသာနဲ့ပုံနှိပ်ထားတဲ့ စာအုပ်တွေပဲဖတ်တာဗျ။ 

ကျုပ်အပေါ်ရောက်တော့ပါပါပုတီးစိပ်နေတဲ့အခန်းလွတ်ထဲကနေ မီးရောင်လင်းနေတာတွေ့ရတယ်။ ဒါနဲ့ပဲကျုပ်ကခြေဖွနင်းပြီးပိတ်ထားတဲ့တံခါးရဲ့သော့ပေါက်ကလေးကနေ အထဲကိုချောင်းကြည့်လိုက်တယ်။ အနက်ရောင်အိန်ဒိယကော်ဇောပေါ်မှာပါပါကတပလ်လင်ခွေပြီးထိုင်လို့ဗျာ။ ကျုပ်ဖြင့်အံ့သြလိုက်တာဗျာ။ အမြဲတမ်းဥရောပဝတ်စုံကို စမတ်ကျကျဝတ်ပြီးအဂ်လန်နိုင်ငံလုပ်လည်သာလက်ဆွဲအိတ်အနက်တစ်လုံးကို ဟန်ပါပါဆွဲပြီးဂျစ်ကားတစ်စီးနဲ့ ရန်ကုန်မြို့အနှံ့သွားလာတတ်တဲ့ ပါပါ့ကိုအခုကျုပ်မြင်နေရတဲ့ပုံစံက အပေါ်အဖြူအောက်အဖြူဝတ်လို့ဗျ။ အောက်ကလည်းပိတ်ဖြူပုဆိုးကိုဟိန်ဒူခါးတောင်းကျိုက် ကျိုက်လို့။ ခေါင်းမှာလည်းအနက်ရောင်ပိတ်စကို ပန်ချာပီကြီးတွေလို ဘောင်ထုပ်ကြီးပေါင်းလို့ဗျ။ လည်ပင်းမှာပုဝါအဖြူတစ်ထည်တင်ထားတယ်။ ပြီးတော့ဇီးဖြူသီးလောက်ရှိတဲ့စိတ်ပုတီးကြီးတစ်ကုံးကိုလည်းလည်ပင်းမှာဆွဲထားတယ်။ ပါပါထိုင်နေတဲ့ရှေ့က ပြတင်းပေါက်ကြီးကိုဖွင့်ထားပြီး အဲ့ဒီပြတင်းပေါက်ရဲ့ဘောင်မှာ ပန်းကုံးကြီးတွေချိတ်ထားတယ်။ ပန်းကုံးတွေကဟိန်ဒူဘုရားကျောင်းတွေမှာရောင်းတဲ့ အဝါ၊အနီ၊အဖြူပန်းကုံးတွေဗျ။ ပြတင်းပေါက်အောက်ကကြမ်းပြင်ပေါ်မှာတော့ ဖယောင်းတိုင်ဆယ်တိုင်လောက် ဝိုင်းထွန်းထားတယ်။ အမွှေးတိုင်တွေလည်းထွန်းထားတယ်။ အဲ့ဒီဖယောင်းတိုင်တွေရဲ့အလယ်မှာ ရေတစ်ဝက်လောက်ထည့်ထားတဲ့ ကြေးဝါဇလုံအဟောင်းလေးတစ်လုံးချထားတယ်။ ကြေးဝါဇလုံကတော်တော်ကိုရှေးကျတဲ့ ပစ္စည်းဖြစ်မယ်ဗျ။ ဇလုံနှုတ်ခမ်းမှာ အပဲ့ရာတစ်ခုတောင်ပါတယ်။ ဇလုံပေါ်မှာတော့ရုပ်ကြွအရုပ်တွေလည်းပါတယ်။ ဘာ,ဘာသာမှန်းမသိတဲ့စာတွေလည်းဖောင်းကြွစာလုံးနဲ့ရေးထားတယ်ဗျ။ 

ပါပါကပါးစပ်ကနေတတွတ်တွတ်နဲ့ မန်တန်တွေရွတ်နေတာဗျ။ အိန်ဒိယစကားနဲ့ရွတ်တာဆိုတော့ကျုပ်နားမလည်ဘူး။ ပါပါကိုကြည့်ရတာစိန်ကုန်သည်တစ်ယောက်နဲ့မတူတော့ဘဲ တကယ့်ကိုမှော်ဆရာတစ်ယောက်နဲ့တူနေတော့တာဗျို့။ ခဏနေတော့ပါပါက ဖွင့်ထားတဲ့ပြတင်းပေါက်ကြီးကနေကောင်းကင်ကိုမော့ကြည့်ပြီး မန်တန်ရွတ်ပြန်ရောဗျ။ ကျုပ်လည်းပါပါကိုတအံ့တသြဖြစ်ပြီး မျက်လုံးကိုသော့ပေါက်ကနေ မခွာနိုင်အောင်ဖြစ်နေတော့တာပေါ့ဗျာ။ ပါပါရွတ်တဲ့မန်တန်ထဲမှာ ကျုပ်နားလည်တာတစ်ခုတော့ပါတယ်ဗျ။ အဲဒါက 'ရှရီ၊ရှရီ' ဆိုတဲ့စကားပဲ။ ကျန်တာတွေတော့ကျုပ်လည်းဘာတစ်ခုမှကို နားမလည်ဘူးဗျ။ ဟောပါပါက သူ့ရှေ့မှာချထားတဲ့ကတ်တီပါအနက်နဲ့ချုပ်ထားတဲ့ သေတ္တာကလေးကိုဖြေးဖြေးလေးဖွင့်လိုက်တယ်။ ပါးစပ်ကတော့မန်တန်တွေရွတ်တာပြတ်မသွားဘူးဗျ။ သေတ္တာထဲကလက်တစ်လုံးလောက်ရှိတဲ့ ငွေရောင်အပြားကလေးတစ်ခုကို ထုတ်ယူလိုက်တယ်။ ပါပါကသူ့ရဲ့ဘယ်ဘက်လက်ဖဝါးထဲမှာကတ်တီပါ သေတ္တာထဲကထုတ်ယူလိုက်တဲ့ ငွေရောင်အပြားလေးကိုအသာကလေးထည့်လိုက်တယ်။ ပြီးတော့မန်တန်ရွတ်ရင်းကပဲအဲဒီအပြားလေးကို အသာလေးဆွဲဖြန့်လိုက်ရော။ ဟာအပြားကလေးသုံးပြားဖြစ်သွားပြီ။ အလယ်အူတိုင်ကနေဖြာထွက်သွားတဲ့ ပန်ကာဒလက်ကလေးတွေလိုပေါ့ဗျာ။ ဖယောင်းတိုင်မီးရောင်မှာငွေဒလက်ကလေးသုံးခုက တလက်လက်ဖြစ်နေတာ။ ကျုပ်သေသေချာချာကြည့်တော့ဓားသွားကလေးသုံးခုဗျ။ ဒလက်ကလေးတစ်ခုမှာ အသွားနှစ်ဖက်ပါတာ ဓားသွားလေးတွေက တော်တော်ကို ထက်တဲ့ပုံပဲ။ 

ပါပါကအဲဒီငွေရောင်ဓားစကြာကလေးကို ကြေးဝါရေဇလုံထဲကိုထည့်လိုက်တယ်။ အဝိုင်းထွာဆိုင်လောက်ရှိတဲ့ ဓားစကြာကလေးက ဇလုံထဲကရေအောက်ကိုမြှုပ်သွားတာပေါ့ဗျာ။ ပါပါငမန်တန်ကိုရွတ်နေတုန်းပဲဗျ။ ပါးစပ်ကတစ်ချက်မှကိုရပ်မသွားဘူး။ ရေထဲကငွေရောင်ဓားစကြာလေးကိုစိုက်ကြည့်ပြီး မန်တန်ရွတ်တဲ့အသံကို ခပ်မာမာလေသံနဲ့ရွတ်တယ်။ ပါပါရဲ့မျက်နှာကစောစောကနဲ့မတူတော့ဘူးဗျ။ တော်တော်ကိုခက်ထန်လာတယ်။ မန်တန်ရွတ်တဲ့အသံကလည်း တဖြည်းဖြည်း မာန်တွေပါလာတယ်။ ကျုပ်စိတ်ထဲမှာလူတစ်ယောက်ကိုများပါပါက အမိန့်ပေးပြီးခိုင်းစေနေသလားလို့တောင်ထင်မိတာဗျ။ ကျုပ်လည်းမျက်တောင်မခတ်ဘဲနဲ့ကိုကြည့်နေတော့တာပေါ့ဗျာ။ 

ဟာရေတွေလည်သွားပြီဗျို့။ ကြေးဝါဇလုံထဲကရေတွေလည်နေပြီ။ ရေတွေကလည်ရင်းလည်ရင်းနဲ့နောက်ဆုံးဝဲကတော့ထိုးသလိုဖြစ်လာပြီးအထဲကတစ်ခုခုကရေပေါ်ကိုထိုးထွက်သွားပြီး ပြတင်းပေါက်ကနေရိပ်ကနဲထွက်သွားတယ်လို့ကျုပ်စိတ်ထဲမှာထင်လိုက်တယ်ဗျ။ ဟော ပါပါလည်း ပြတင်းပေါက်ကို လိုက်ကြည့်နေတယ်ဗျို့။ ဟုတ်တယ်ဗျ။ ကျုပ်ထင်သလိုပဲတစ်ခုခုပျံထွက်သွားတယ်ထင်တယ်။ ပါပါကတော့မန်တန်ကို ရွတ်နေတုန်းပဲဗျ။ ဟာ ဇလုံထဲကလည်နေတဲ့ရေတွေရပ်သွားပြီဗျ။ ဟာရေထဲမှာငွေရောင်လက်နေတဲ့ဓားစကြာလေးမရှိတော့ဘူးဗျ။ 

လက်စသတ်တော့ရိပ်ကနဲပျံထွက်သွားတာကဒီဓားစကြာလေးကိုး။ ဒီတော့မှကျုပ်သဘောပေါက်တာဗျို့။ ကျုပ်တော်တော်ကိုစိတ်ဝင်စားသွားတယ်။ ဒီဓားစကြာလေးကိုပါပါကတစ်နေရာကို စေလွှတ်နိုင်စွမ်းရှိတဲ့လူပဲ၊ ဘာအတွက်များဓားစကြာကိုလွှတ်တာပါလိမ့်။ ကျုပ်အောက်ထပ်ကိုပြန်ပြီးမဆင်းနိုင်သေးဘူးဗျ။ တံခါးသော့ပေါက်ကလေးကနေ ကျုပ်ကြည့်နေတုံးပဲ။ ပါပါကမန်တန်ကိုဆက်ရွတ်နေတယ်။ ဒါပေမယ့်စောစောကလောက်တော့မာမာထန်ထန်မဟုတ်တော့ဘူးဗျ။ ခပ်ဖြည်းဖြည်းမှန်မှန်ပဲရွတ်တော့တာ။ ဒါပေမယ့်မျက်စိကိုစုံမှိတ်ပြီးတစ်ခုခုကိုအာရုံစိုက်ထားသလိုပဲဗျ။ တော်တော်လေးကြာတော့ပါပါက အိန်ဒိယ စကားနဲ့ နှစ်ခွန်းဆင့်အော်လိုက်တယ်။ အဓိပ္ပာယ် က..

"သတ်လိုက်၊ သတ်လိုက်"

အပိုင်း(၄)ဆက်ရန်..

မူရင်းရေးသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)