ဝါးဘီလူးတောင် အပိုင်း(၁)
တာတေတို့အညာသားတွေ မကင်းနိုင်ကြတဲ့ အရာကတော့'ထန်းကျပင်ရည်'ပေါ့ဗျာ။ ထန်းရည်နဲ့ အညာသား၊အညာသားနဲ့ ထန်းရည် ခွဲလို့မရနိုင်တာဟာ ကျုပ်တို့ အညာဓလေ့တစ်ခုပဲဗျ။ ကျုပ်တို့ရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ဘိုးညီလေးထန်းတောဟာထနောင်းကုန်းသားတွေနဲ့ ဘန့်ဘွေးကုန်းသားတွေရဲ့ ဆုံမှတ်တစ်ခုပေါ့ဗျာ။ အခုလို နွေဦးကာလ မြူထချိန်ဆိုရင် ထန်းတက်သမားတွေ မနားတမ်း ထန်းတက်ရတဲ့ အချိန်ပေါ့ဗျာ။
အမြည်းကတော့ ငွေရွှင်ရင် မြင်းသားခြောက်၊အမဲခြောက်၊ဆတ်သားခြောက်ပေါ့ဗျာ။ ကျက်နေအောင် မီးဖုတ်ပြီး မွနေအောင်ကို ထုထားတာဗျ။ ဆီရွှဲရွှဲနဲ့စိမ်ပြီး မြည်းတာ လွှတ်ကောင်းပေါ့ဗျာ။ငွေမရွှင်တော့လည်း ထုံးစံအတိုင်းပဲကြီးလှော်ပေါ့ဗျာ။
ပဲကြီးလှော်ကြားထဲညပ်တဲ့ ဆားကလေးငံပြပြနဲ့၊ တဂျွတ်ဂျွတ်ဝါးပြီး ပင်ကျရည်လေး မော့သောက် ဒါလည်း အညာသားစည်းစိမ်ပါပဲဗျာ။ ဆေးပေါ့လိပ်လေး မီးမသေအောင်ကလည်း ဖွာရသေးဗျ။
ဆေးလိပ်ကတော့ ကိုယ်ကြိုက်တဲ့တံဆိပ်ပေါ့ဗျာ။ကျုပ်ကတော့ ခင်ဗျားသိတဲ့အတိုင်း နဂါးပဲလေဗျာ။ နဂါးဆေးပေါ့လိပ်ကလေးကို ပါးစပ်မှာ ခပ်ဖွဖွကိုက်ပြီး လက်စွဲတော် ဓနုဖြူဒေါ်ရီကြေးမီးခတ်ကို 'ဂျစ် ဂျစ်'လို့မြည်အောင်ခြစ်ပြီး တောက်လာတဲ့မီးတောက်နဲ့ မီးညှိရတဲ့ အရသာကလည်း တစ်မျိုးပေါ့ဗျာ။
ဒီညနေတော့ ကျုပ်တို့ဝိုင်းမှာ လူအစုံသားဗျ။ဘန့်ဘွေးကုန်းသားရော၊ထနောင်းကုန်းသားရောဆယ်ယောက်ဗျ။ကျုပ်သူငယ်ချင်းသိန်းဇော်ပါ ပါသဗျ။
ထန်းကျောဖျာကြီးနှစ်ချပ်စပ်ခင်းလို့ မြူအိုးကးလည်း ခုနှစ်အိုးလောက် အဆင်သင့်ချထားတာဗျ။ အမြည်းဖိုးတော့ သူ့ပါတာ၊ ကိုယ့်ပါတာ ထုတ်ကြပြီး ဝယ်ရတာပေါ့ဗျာ။ ကျုပ်တို့ရွာဓလေ့မှာအမြည်းဖိုးက လက်ငင်းပေးရသဗျ။
ထန်းရည်ဖိုးကတော့ ပြန်ကာမှ မြူအိုး
အလုံးရေနဲ့ တွက်ပြီး ရှင်းရတာဗျ။ ဒီ
ညနေတော့လူလည်းစုံ၊ ငွေလည်းများ
တော့ အမဲခြောက်ကတင် သုံးပန်းကန်၊
ပဲကြီးလှော်က နှစ်ပန်းကန်ဗျ။
ဝိုင်းကိုထိန်းထားတာကတော့ ကျုပ်တို့ရွာက မုဆိုးကိုတောင်လုံးပဲဗျို့။ ကိုတောင်လုံးက စကားတော်တော်နည်းတဲ့လူဗျ။ဒီညနေတော့ ပင်ကျရည်အစွမ်းနဲ့ တော်တော်လေးကို အာရွှင်နေတာဗျို့မုဆိုးကိုတောင်လုံးအကြောင်းကို 'တစ္ဆေအိုင်'ဆိုတဲ့ဝတ္ထုမှာကျုပ် ရေးခဲ့တယ်လေဗျာ။
" ကိုကြီးတောင်လုံး ထန်းတောမရောက်တာ ကြာလို့"
ဘန့်ဘွေးကုန်းက ကျုပ်သူငယ်ချင်း
သိန်းဇော်က ကိုတောင်လုံးကို ပြောတာဗျ။
"မရောက်ဆို နေ့တိုင်း တောတက်နေတာကွ၊ပြီးတော့ အမဲကြီးတွေ နေ့တိုင်းရနေလို့မြို့တက်ရောင်းနေတာကွ၊အမဲကြီးသားရေလည်း ရောင်းရတာပေါ့ကွာ၊ ဒါကြောင့်ထန်းတောဘက်ကို ဦးမလှည့်နိုင်တာဟေ့"
"သြော် …ဒါကြောင့်ကိုး"
ကျုပ်တို့ကတော့ အမြည်းလေးတွေဝါး
ရင်း ကိုတောင်လုံးပြောတာကိုနားထောင်
လို့ပေါ့ဗျာ။ကိုတောင်လုံးက အုန်းမှုတ်ခွက်
အပြည့်ထည့်ထားတဲ့ ပင်ကျရည်ကို မနား
တမ်းမော့လိုက်ပြီး ပဲကြီးလှော်နှစ်စေ့၊သုံး
စေ့ကို ကောက်ဝါးပစ်လိုက်တယ်။
"ငါ ဒီတစ်ခါ တောတက်တာ မုဆိုးတစ်ရာ
မှာ တစ်ယောက် မတွေ့ဘူးတဲ့ ငှက်တစ်
ကောင် တွေ့ခဲ့တယ်ကွ"
ဒီတစ်ခါတော့ ကိုတောင်လုံးရဲ့စကားကို
စိတ်ဝင်စားသွားတာ ကျုပ်ဗျ။တာတေဆို
တာ လွှတ်စပ်စုတဲ့ကောင်လေဗျာ။
"မုဆိုးတွေတောင် မမြင်ဘူးတဲ့ငှက်ဆို
တော့ ဘာငှက်များတုန်းဗျ ကိုကြီးတောင်
လုံးရဲ့"
ကျုပ်က တအံ့တသြနဲ့ မေးလိုက်တာဗျ။
ကျန်တဲ့ကောင်တွေကလည်း တစ်ယောက်
တစ်ပေါက်နဲ့ မေးကြတာပေါ့ဗျာ။
"သိန်းငှက်လား"
"လင်းယုန်လား"
"အောက်ချင်းလား"
"ဝန်ပိုငှက်လား"
"ဟကောင်တွေရဲ့ မုဆိုးတစ်ရာမှာတစ်ယောက် မမြင်ဖူးပါဘူးဆိုမှတော့ ဒီငှက်တွေ ဟုတ်မလားကွ။
မင်းတို့ပြောတဲ့ ငှက်တွေကမုဆိုးမပြောနဲ့နွားကျောင်းသားတွေတောင် မြင်ဖူးတဲ့ငှက်တွေပဲဟာ"
"ဒါဆိုရင် ကိုကြီးတောင်လုံးပြောတဲ့
ငှက်က ဘာငှက်တုန်းဗျ"
ဒီတော့မှ ဒီကောင်တွေက မေးတာဗျ။ကျုပ်ကလည်း ကိုကြီးတောင်လုံးပြောမယ့်ငှက်ကို သိချင်ပေမယ့် သူတို့တစ်ယောက်နဲ့ တစ်ပေါက်နဲ့ မေးနေကြတာကို စောင့်နေရတာပေါ့ဗျာ။
"ငါတွေ့တဲ့ငှက်က ငေါင်းငှက်ကွ"
"ဗျာ…ငေါင်း…ဟုတ်လား ကိုကြီး
တောင်လုံး ငူတို့၊ ငုံးတို့ပဲ ကြားဖူး
တာဗျ။ ငေါင်းဆိုတာ တစ်ခါမှကို
မကြားဘူးပါဘူးဗျ"
ကျုပ်က အံ့သြပြီး ပြောမိလိုက်တာဗျ။
"ငါပြောပါရောလား တာတေရာ၊ မင်းမပြောနဲ့ မုဆိုးတစ်ရာမှာ တစ်ယောက်မမြင်ပါဘူးဆို၊ ငါလည်း အရင်တုန်းကငါ့အဘတို့လို မုဆိုးအိုကြီးတွေ ပြောတာဆိုတာသာ ကြားဘူးတာကွ၊သူတို့လည်းတွေ့ဖူးတာ မဟုတ်ဘူး၊ ပုံပြင်လိုလို ဒဏ္ဍာရီလိုလိုပဲ ကြားဖူးကြတာ။ ငါသာ တကယ်တွေ့လာတာ"
"ဟာ …ဟုတ်လား ကိုကြီးတောင်လုံးရဲ့
ပြောပါဦးဗျ၊ဘယ်မှာ တွေ့လာတာတုန်း"
"ဒီလိုဟေ့ ငါက သားကောင်ကြီးကြီး
ပစ်ချင်နေတာနဲ့ အလယ်ရိုးမပေါ်က
ရေပြာအိုင်တောကို တက်တာကွ၊ရေ
ပြာအိုင်နားမှာက ရေသောက်ဆင်းတဲ့
သားကောင်တွေကို ညဘက်ချောင်း
ပစ်ရင် ရတတ်တယ်"
"ရေပြာအိုင်ဆိုတာ ဘာတုန်းဗျ
ကိုကြီးတောင်လုံးရ"
ကျုပ်ကလည်း စိတ်ဝင်စားပြီဆိုရင်
မေးတော့တာဗျို့။
အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသားသူ = တာတေ
Comments
Post a Comment