တစ္ဆေ့မယား အပိုင်း(၃)



ဟာ ကျောက်ခဲဗျ။ ကျုပ်ကိုခေါ်ရင်း ဝိုင်းထဲကို
ပြေးဝင်လာတာ။ ဒီကောင် ဘာဖြစ်လာတာပါလိမ့်ဆိုပြီး
ကျုပ်က လှေကားထိပ်ကနေ ထွက်စောင့်နေလိုက်တယ်
ပြီးတော့ လှေကားကို အမောတကော တက်လာတဲ့
ကျောက်ခဲကို ဆီးမေးလိုက်တယ်

"ဟေ့ကောင် ကျောက်ခဲ ဘာဖြစ်လာတုံး"

"ဟာ သွားပြီ။ကိုကြီးတာတေရေ"

"ဘာကွ ဘာသွားတာတုံး"

"မနေ့က ကျုပ်ပြောတဲ့ ရွာနောက်ပိုင်းက
ကြက်ငတိုးဆိုတဲ့ လူတော့ သေသွားပြီတဲ့ဗျို့"

"ဟေ ဟုတ်လား ။ ဘာဖြစ်ပြီး သေတာတုံးကွ"

"ကိုကြီးတာတေ သိတယ်မို့လား အနောက်ပိုင်းကို
သွားတဲ့ လမ်းခွဆုံက ဇောင်ချမ်းပင်ကြီးလေဗျာ"

"ဟာ သိတာပေါ့ကွ ကျောက်ခဲရ"

"အဲဒီဇောင်ချမ်းပင်ကြီးရဲ့ အောက်မှာ ဇက်ကြီးကျိုးပြီး
သေနေတာဗျို့။ မှောက်ခုံကြီး လဲနေတာဗျ"

"ဟာ ဟုတ်လား။ မင်း သွားကြည့်ပြီးပြီလား"

"ကြည့်ပြီးပြီဗျ။ ကျုပ် အခုပဲ အဲဒီက လာတာ"

ကျုပ်နဲ့ ကျောက်ခဲ ချက်ချင်းရောက်သွားကြတာပေါ့ဗျာ။
လူတွေမှအုံလို့ဗျို့။ ဟုတ်ပါ့ဗျာ။ ကြက်ငတိုးဆိုတဲ့လူက
ဇောင်ချမ်းပင်အောက်မှာ မှောက်ခုံကြီးလဲပြီး သေနေတာဗျ။
ပုဆိုးကွက်တုံးပြာပြာကြီး ဝတ်ထားတယ်။

အပေါ်ပိုင်းကတော့ ဖျင်အင်္ကျီ
အဖြူတစ်ထည် ဝတ်ထားတာဗျ။
ကျုပ် သေသေချာချာ ကြည့်တယ်။ ဒီလူ အရက်မူးပြီး
အန့်ဖက်ဆို့တာများလားလို့ပေါ့ဗျာ။ အန့်ဖတ်ဆို့တာ
မဟုတ်ဘူးဗျ။ ခေါင်းကြီးက တစ်ပတ်လည်ပြီး
နောက်ကျောဘက်ကိုတောင် မျက်နှာကြီး
ရောက်နေတော့တာဗျ။

ဇက်ကို တစ်ချက်တည်း လိမ်ချိုးထားတဲ့ပုံပဲ။
တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ။ ဘန့်ဘွေးကုန်းကို ကိစ္စတစ်ခုနဲ့
ရောက်လာတဲ့ မြို့က ရဲတွေကို သူကြီးက သွားခေါ်ခိုင်းလို့
ရဲတွေတောင် ရောက်လာကြပြီဗျ။

ရဲကတော့ သေသေချာချာ စစ်ဆေးပြီးတော့
ဒါ လူသတ်မှုလို့ ပြောတယ်ဗျ။ ပြီးတော့ ရွာထဲက
လူတွေကို စစ်ဆေးတော့တာပေါ့ဗျာ။ အထူးသဖြင့်တော့
ကြက်ငတိုးနဲ့ သောက်ဖော်သောက်ဖက်တွေ။ ကြက်တိုက်ဖော်
တိုက်ဖက်တွေကို စစ်တာပေါ့ဗျာ။ နည်းနည်းပါးပါးလောက်
စစ်ဆေးပြီးတော့ အလောင်းကို မြို့သယ်သွားရတာပေါ့ဗျာ။
မြို့ဆေးရုံက ဆရာဝန်နဲ့ စစ်ရဦးမှာပေါ့ဗျာ။
ဆရာဝန်ရဲ့ ဆေးစာမှ ရဲက ဆက်ပြီး စစ်ဆေးရမှာပေါ့လေ။

ကျုပ်နဲ့ ကျောက်ခဲ အိမ်ပြန်လာပြီး မန်ကျည်းပင်အောက်မှာ
ထိုင်ကြတယ်။

"ဟဲ့ တာတေ။ ကြက်ငတိုးက လူသတ်ခံရတာဆို"

အမေက ကျုပ်မေးတယ်။

"ဟုတ်တယ် အမေ ။ လူသတ်တဲ့ပုံပဲဗျ"

"ဒီကောင် ငတိုးက သောက်လည်း အားကြီးသောက်တာဟဲ့
သူ့ဟာသူ ချော်လဲပြီး ဇက်ကျိုးသွားတာလားမှ မသိတာ"

"အဲဒီလို မဖြစ်နိုင်ဘူး အမေရ။ ဇက်ကြီးကျိုးပြီး
မျက်နှာကြီးက ကျောကုန်းဘက်တောင် ရောက်မလို
ဖြစ်နေတာဗျ"

"ဟေ ဟုတ်လား တာတေရယ် နင်ပြောတာနဲ့
ငါတောင် ကြောက်လိုက်တာဟယ်"

အမေ့က ကြည့်ရတာ တကယ်ကြောက်သွားတဲ့ပုံပဲဗျ။

"ကိုကြီးတာတေ ကျုပ်တော့ စိတ်ထဲမှာ သိပ်ပြီး
မသင်္ကာဘူးဗျ"

ကျောက်ခဲက တော်တော်ကို လေးလေးနက်နက်
တွေးပြီး ပြောတာဗျ။

"ခုအချိန်မှာ ဘာဆိုတာ ပြောလို့မရသေးဘူးကွ။
အခြေအနေကို စောင့်ကြည့်ရဦးမှာ ရဲတွေလည်း
ကြက်ငတိုးကို သတ်တဲ့ လူသတ်သမားဟာ
ရက်ရက်စက်စက် သတ်သွားတာဆိုတော့
သူတို့လည်း မိအောင်ဖမ်းကြမှာပဲကွ"

ကျုပ်ပြောတော့ ကျောက်ခဲ ခေါင်းညိတ်တယ်။
ဒါပေမဲ့ ငါးလ ။ ခြောက်လသာ ကြာသွားတယ်
တရားခံက မပေါ်ဘူးဗျ။ ရွာထဲမှာလည်း
ဟို့လူ ခေါ်စစ် ။ ဒီလူ့ ခေါ်စစ်နဲ့ ကြက်ငတိုးနဲ့
ပတ်သတ်တဲ့လူဆိုတာ တစ်ယောက်မှကို
မကျန်တော့တာဗျ။

နွေရာသီကုန်ပြီး မိုးရာသီရောက်။ မိုးရာသီကုန်လို့
ဆောင်းရာသီတောင် ရောက်ပြန်ရောဗျို့။
အေးတာပေါ့ဗျာ ။ဒါပေမဲ့ မီးတော့ မလှုံရသေးဘူးဗျ။

အဘနဲ့ ကျုပ်တောင် ဆောင်းမြေပဲတွေ စိုက်ဖို့
ပြင်ဆင်နေကြပြီပေါ့ဗျာ။ မနက်ဆိုရင် အေးတော့
ခါတိုင်းလောက်တော့ စောစောမထနိုင်ကြဘူးပေါ့ဗျာ။

အဘနဲ့ ကျုပ် ယာထဲရောက်ပြီး ပဲစိုက်မယ့်
နောက်ဆုံးအကွက်ကလေးကို ထွန်တယ်။
ကျုပ်ထွန်တာပေါ့ဗျာ။အဘက လိုတာလေးတွေ
ပြောပေးတာပေါ့။ အဘနွားကြီးနှစ်ကောင်နဲ့
ကျုပ်နဲ့ မနားတမ်း ထွန်လိုက်ကြတာ
ခြောက်နာရီကျော်ကျော်လောက်မှာတင်
အလုပ်ပြီးသွားတယ်ဗျ။ ကျုပ်လည်း
ဒီတော့မှ နားပြီး အဘယူလာတဲ့
ဓါတ်ဘူးထဲက ရေနွေးကြမ်းကို
သောက်လိုက်တယ်။

"ကိုကြီးတာတေရေ…ကိုကြီးတာတေ"

အဘရော ကျုပ်ရော ထိုင်နေတဲ့ သမုန်းပင်ကလေး
အောက်ကနေ အသံကြားတဲ့ဘက်ကို
လှမ်းကြည့်လိုက်ကြတယ်။
ကျောက်ခဲဗျ။ ကျုပ်ကိုတွေ့သွားပြီး
တန်းပြေးချလာတာ။

သူ့ခမျာ ပဲခင်းတွေကို ကွေ့ပတ်ပြီး
လျှောက်ပြေးလာရတာဆိုတော့ ကျုပ်တို့ဆီကို
အရောက်မှာ တော်တော်ကို မောနေပြီဗျို့။
ကျုပ်က ရေနွေးကြမ်း သောက်ခိုင်းတယ်
ရေနွေးကြမ်း တစ်ခွက်သောက်ပြီးမှ ဒီကောင်
နည်းနည်း အမောပြေသွားတယ်။

"ကျောက်ခဲ ဘာဖြစ်လာတာတုံးကွ"

အဘကလည်း စိုးရိမ်တကြီး ကြည့်နေတယ်ဗျ။

" ကိုကြီးတာတေ ရွာမှာ နောက်တစ်ယောက် သေပြန်ပြီဗျ"

"ဟေ ဟုတ်လားကွ ဘယ်သူတုံး ဘာဖြစ်တာတုံး"

"ရွာတောင်ပိုင်းက ဇိုးငသောင်း ဆိုတဲ့လူဗျ"

"ကိုကြီးသောင်း ဟုတ်လား ။ ဟာ ငါနဲ့ ခင်တယ်ကွ
ကိုကြီးသောင်းက သောက်တာ စားတာကလွဲရင်
လွှတ်သဘောကောင်းတဲ့လူကွ နေပါဦးကွ။
ဘာဖြစ်လို့ သေတာတုံး အရက်မူးလွန်သွားတာလား"

"ဟာ ကိုကြီးတာတေကလည်းဗျာ ဇိုးသမားတစ်ယောက်
အရက်မူးလွန်ပြီး သေသွားတာဆိုရင် ကျုပ်က ဒီအထိ
လိုက်လာပြီး ပြောမလားဗျာ"

"အေး ဟုတ်သားပဲကွ နို့ ဘာဖြစ်လို့ သေတာတုံး"

အပိုင်း(၄)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)