တတိယမျက်လုံး အပိုင်း(၁)
ကျုပ်က ဆရာတော့်ဆီမှာ မျက်စဉ်းသွားယူပြီး
ပြန်လာတာ။ ဆရာတော့်မျက်စဉ်းက
လွှတ်ကောင်းတာဗျ။ ကျုပ်တို့ရွာက
လူကြီးတွေ မျက်စိဝါးတာ၊ ဝေတာ၊
ကြည့်လို့မကောင်းတာများ ဆရာတော့်
မျက်စဉ်းကို ပုလင်းလေးတွေနဲ့ သွားယူပြီး
ခတ်ကြတာပဲဗျ။
မျက်စဉ်းက ကျောက်ချဉ်ရယ်၊ ဒုတ္တာရယ်၊
သံပုရာရည်ရယ်၊ မိုးရေရယ် ဖော်တာဗျ။
အလေးချိန်တော့ ကျုပ်မသိဘူး။ ခက်တာတော့
မနက်တစ်ကြိမ်၊ညတစ်ကြိမ် ခတ်ရတာဗျ။
ကျုပ်က အဘကို မျက်စဉ်းခတ်ပေးနေတာ။
"အင်း နည်းနည်းတော့ စပ်သကွ "
အဘက မျက်စိကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး
ပြောတော့ ကျုပ်အမေက ပြောတယ်။
"ကိုဥာဏ်နှယ် မျက်စဉ်းပါဆိုမှ စပ်မှာပေါ့တော့ "
"ကိုကြီးတာတေ ၊ကိုကြီးတာတေ ရှိလားဗျ"
ကျုပ်လည်း ဝိုင်းဝမှာ ရပ်နေတဲ့ ကောင်လေးကို
လှမ်းကြည့်လိုက်တယ်။ တစ်ယောက်တည်း
မဟုတ်ဘူးဗျ။ သူ့ဘေးမှာ လူကြီးတစ်ယောက်
ပါသေးတယ်။
"ဆယ်အိမ်ခေါင်း ကိုဆယ်ဗျ၊ လှမ်းခေါ်တာက
သူ့သား စာကလေးဗျ အမေရ"
"ဟာ ကိုဆယ်ပါလား၊ လာလေဗျာ၊ ဟေ့ကောင်
စာကလေး လာလေကွာ"
ကျုပ်လှမ်းခေါ်လိုက်တော့မှ ကိုဆယ်က
ဝိုင်းထဲကို ဝင်လာတာဗျ၊ စာကလေးက
ရှေ့ကနေ အိမ်ပေါ်ကို ပြေးတက်လာတယ်။
"လာ ထိုင် ကိုဆယ် "
ကျုပ်က ဆယ်အိမ်ခေါင်း ကိုဆယ်ကို
နေရာထိုင်ခင်းပေးပြီး နဂါးဆေးပေါ့လိပ်နဲ့
မီးခြစ်ကို ကပ်ပေးတယ်။
"ဘိုးဥာဏ် မျက်စိ ဘာဖြစ်လို့တုံး"
ကိုဆယ်က အဘကို မေးတာဗျ။အဘက
မျက်စဉ်းခတ်ထားတော့ ခေါင်းမော့ထားတာကိုဗျ။
"ဘာမှမဖြစ်ပါဘူး ငဆယ်ရာ၊ မျက်စိက
ယားယားနေလို့ကွ၊ ပြီးတော့ ကြည့်ရတာလည်း
နည်းနည်းဝါးနေလို့ကွ၊ ဆရာတော့်မျက်စဉ်း
ခတ်နေတာလေ"
"ကောင်းတယ် ကောင်းတယ်၊ ဦးဂုဏမျက်စဉ်းမို့လား၊
လွှတ်ကောင်းတာဗျ၊ ကျုပ်ဒွေးလေး မျက်စိမှုန်တာ
ဆရာတော့် မျက်စဉ်းခတ်ရင်းနဲ့ကို ကောင်းသွားတာဗျ"
"ကိုဆယ် ကျုပ်ဆီလာတာ ကိစ္စရှိလို့လားဗျ"
ကျုပ်က စကားလမ်းကြောင်းပေးလိုက်တယ်
စာကလေးက ခုနှစ်နှစ်သားလောက်ပဲ ရှိသေးတာ။
မျက်လုံးပြူးပြူး၊ ခေါင်းပြောင်ပြောင်နဲ့ဗျ။
သူ့ခေါင်းလေးက စာကလေးခေါင်းလိုပဲ
လုံးနေတာ။ သူ့ကို အမေက ကျုပ် မြို့သွားတုံးက
ဝယ်လာတဲ့ နံကထိုင်တစ်ခု ကျွေးထားလို့
ငြိမ်ပြီးစားနေတာဗျို့
"မင်းကို ဘိုးတော် ခေါ်ခိုင်းလို့ကွ "
"ဗျာ၊ ဘယ်ဘိုးတော်တုံးဗျ ကိုဆယ်ရ"
"ဘယ်ဘိုးတော်ရမှာလဲ တာတေရာ၊
သူကြီးပေါ့ကွ"
"သူကြီး ခေါ်ခိုင်းတာ ဟုတ်လား၊ ဘာကိစ္စတုံးဗျ"
"ဟဲ့ တာတေ၊ နင် ဘာတွေများ
ပွေလီထားတုံး"
"ဟာ အမေကလည်းဗျာ၊ ကျုပ်က ဘာပွေလီရမှာတုံးဗျာ"
အမေက သူကြီးဆိုတဲ့ အသံကြားပြီး စိုးရိမ်သွားတာဗျ။
်ကျုပ်တို့တောသူတောင်သားများ ရဲတို့၊ စစ်သားတို့၊
သူကြီးတို့ဆိုရင် အားကြီးကြောက်ကြတာဗျ။
ကျုပ်တို့သူကြီး ဦးဘိုးထင် ဆိုတာကလည်း
လူပုသလောက် လွှတ်စိတ်တိုတာဗျ၊ ဒါပေမဲ့
လူက လူဖြောင့်ပါဗျာ။
"တခြားကိစ္စမဟုတ်ပါဘူးကွာ၊သူကြီးအိမ်မှာ
ဧည့်သည် ဘိုးတော်ကြီးတစ်ယောက် ရောက်နေလို့ကွ၊
သျှောင်ထုံးကြီးနဲ့ တာတေရ၊ လူက ဖြူဖြူ
သန့်သန့်ပါကွာ"
"သူကြီးအမျိုးလား"
"မဟုတ်ဘူးကွ၊ ဘယ်ကရောက်လာမှန်း မသိဘူး၊
ငါတို့ဝိုင်းထဲ ဝင်လာပြီး သူကြီးအိမ် ဘယ်နားတုံး
ဆိုပြီး မေးလို့ ငါက အဲဒီဘိုးတော်ကြီးကို
သူကြီးအိမ် လိုက်ပို့တာဟေ့၊ ဟိုရောက်တော့
အဲဒီဘိုးတော်ကြီးက ပြုံးပြုံးရယ်ရယ်ပဲကွ၊
သူကြီးကို နှုတ်ဆက်တာ၊ ပြီးတော့ ပြောသကွ"
"သူကြီး ကြားဖူးလား၊ဒီထနောင်းကုန်းမှာ
ကလေးတစ်ယောက် နွားကျောင်းရင်း
ပျောက်သွားတယ် ဆိုတာလေ"
သူကြီးက မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့
စဉ်းစားတယ်ကွ၊ ပြီးတော့မှ …
"ကျုပ်အဘ သူကြီး ဦးဘိုးဆင် မသေခင်ကတော့
တစ်ခါ ပြောဖူးတယ်ဗျ၊ သူနဲ့ ကစားဖက် သူငယ်ချင်း
မောင်ထိန်ဆိုတာ သူနဲ့ အသက်အတူတူပဲတဲ့၊
တောစပ်မှာ နွားကျောင်းသွားရင်း ပျောက်သွားတာ၊
ဘယ်မှကို အစရှာမတွေ့တော့ဘူးတဲ့ "
"ဟား ဟား ဟား ဟား အေး အေး ဟုတ်ပြီ၊
ဟုတ်ပြီ၊ သူကြီးမင်းရဲ့အဘ မောင်ဆင်နဲ့
ကစားဖက် သူငယ်ချင်း နွားကျောင်းရင်း
ပျောက်သွားတဲ့ မောင်ထိန် ဆိုတာ ကျုပ်ပဲဗျ"
"ဗျာ"
"သူကြီးက ပါးစပ်ကြီးဟပြီး 'ဗျာ'လို့ တစ်ခွန်းပဲ
ပြောပြီး အဲဒီဘိုးတော်ကြီးကို ကြောင်ပြီး
ကြည့်နေရောဟေ့၊ မင်းပဲ စဉ်းစားကြည့်လေ
တာတေရာ၊ သူကြီးရဲ့အဖေ သူကြီး ဦးဘိုးဆင်ကြီး
ဆုံးတာပဲ အနှစ်သုံးဆယ်လောက် ရှိပြီပဲဟာ၊
ဆုံးတော့ဖြင့် အသက် ရှစ်ဆယ်ရှိပြီလေကွာ၊
ဒီတော့ သူကြီး ဦးဆင် အခုရှိနေရင်တောင်
အသက်တစ်ရာ့တစ်ဆယ်လောက် ရှိမှာပေါ့ကွ။
တို့သူကြီး ဦးဘိုးထင်တောင် ခုနှစ်ဆယ်ထဲမှာကွ "
"အင်း…ကိုဆယ် ပြောသလိုဆိုရင် အခုလာတဲ့
ဘိုးတော်ကြီးက သူကြီးအဘ ဦးဘိုးဆင်ရဲ့
ကစားဖက် သူငယ်ချင်းဆိုတော့ အသက်တစ်ရာ့
တစ်ဆယ်လောက် ရှိပြီပေါ့၊ နို့ ကိုဆယ်ကိုယ်တိုင်
သူ့ကို သူကြီးအိမ် လိုက်ပို့ဆိုတော့ ကိုဆယ့်
စိတ်ထင် အသက်ဘယ်လောက်မှန်းတုံး၊
ဒီဘိုးတော်ကြီးက ဘယ်လိုပုံစံတုံးဗျ၊
တော်တော်ကို အိုမင်းနေပြီလား"
"ဟာ ဘယ်က အိုရမှာတုံး တာတေရ၊
ငါ့စိတ်ထင် အသက် ငါးဆယ်လောက်ပဲ
ရှိမယ်ထင်တာ၊ လျှောက်လိုက်တာများ
သွက်သွက် ဖြစ်နေတာ၊ ဆံပင်လည်း
တစ်ချောင်းမှ မဖြူဘူးကွ၊ သွားလည်း
တစ်ချောင်းမှ မကျိုးဘူး၊ မျက်စိလည်း
မမှုန်ဘူး၊ အသားအရေကလည်း
စိုပြေပြီး တင်းရင်းနေတာကွ "
" ဟင် ဟုတ်လား၊ ထူးတော့ ထူးဆန်းတာပဲဗျ"
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသူ = တာတေ

Comments
Post a Comment