“ ည မအိပ်ရ ” အပိုင်း(၂)
ထိုစဉ် သူငယ်ချင်းများထဲမှ တစ်ဦးက
“ ဦးတရုတ်…ကြောင်နက်ကျော်ရင်ဘာဖြစ်တယ်ဆိုတာတော့
ကြားဖူးနားဝြဖစ်နေပြီပဲ..ထားပါ...
ညအိပ်ရင် ဘာဖြစ်လို့ ဖြစ်လည်း ”
“ နင့်ဘကြီးက ထလာလိမ့်မယ်ဟေ့ ”
“ ငင်……ဟာ… ”
ပြောပြောဆိုဆိုနှင့် ကိုချမ်းတို့လူစု
အလောင်းကောင်ကြီးအား တစ်ချက်ကြည့်လိုက်ရင်း
ပြိုင်တူဆိုသလို တံတွေး မြိုချမိလိုက်ကြသည် ။
“ မင်းတို့ ဖုတ်၀င်တယ်ဆိုတာ ယုံကြလား ”
“ ယုံ… ယုံပါတယ်… ”
“ မင်းတို့ကကြားဖူးနား၀ ဖုတ်၀င်တဲ့ ဖုတ်သွင်းတဲ့
အကြာင်းတွေထက် ထူးဆန်းတာ ငါပြောပြမယ် ….
တောထဲတောင်ထဲမှာ
ဥပမာ..ငါရယ် ငါ့သူငယ်ချင်းတစ်ယောက်ရယ်..
ပေါင်း နှစ်ယောက်တည်း တောထွက်တယ်ပဲထားကွာ…
ကံမကောင်းစွာနဲ့ ငါနဲ့အတူပါလာတဲ့သူငယ်ချင်းက
ကံကုန်ပြီး ဆုံးသွား(ကွယ်လွန်သွား)တဲ့အခါ
ငါ့မှာ တစ်ယောက်တည်းပြသနာဖြစ်ပြီး…
စဉ်းစားကြည့်လေ…တောထဲသွားတာနှစ်ယောက်
တစ်ယောက်ကသေသွားတော့ ငါတစ်ယောက်တည်း
ဘယ်လောက်ဒုက္ခရောက်မလည်းစဉ်းစားကြည့်တော့ ၊
လွယ်လွယ်ကူကူ ကားနဲ့သွားရတဲ့နေရာမဟုတ်ဘူး ၊
ကိုယ့် ဓါးနဲ့ကိုယ် လမ်းဖောက် ခြုံရှင်းပြီး
သစ်ခုတ် ဝါးခုတ်သွားရတာလေ… ၊
သူက ရုတ်တရက် ဆုံးသွားတော့ ရွာကိုပြန်သယ်ဖို့ကလည်း
နည်းနဲ့ခရီးမဟုတ်ဘူး.. ကိုယ်က အလောင်းကို
ကျောပိုးသွားမယ်ဆိုပြန်တော့လည်း
ပြေပြန့်မဟုတ်…ခတ်ခဲကြမ်းတမ်းတဲ့လမ်းတွေ
တစ်ယောက်တည်းတောင် မနည်းသွားရတဲ့လမ်းတွေ ”
“ အဲ့တော့ ဦးတရုတ်ဘယ်လိုလုပ်လည်း ”
သိချင်ဇောနဲ့ ကိုချမ်း ဖြတ်မေးလိုက်မိတော့
ဦးတရုတ်က ဆက်ပြောပြပါလေရော ။
“ နေပါဦး ကိုချမ်းရ လာမှာပေါ့….
ဖြည်းဖြည်းပေါ့…. ၊ ဒီလိုကွ….
တောကြီးတစ်ခုတည်းမှာ
အလောင်းကောင်ကြီးရယ် ငါရယ်…
မင်းတို့ဆို ဘယ်လိုနေမလည်း…
ငါသိတယ်….အလောင်းထားခဲ့ပြီး
အိမ်ပြန်ပြေးမယ့်ကောင်တွေ…ဟား…
အေးပါ…ဆက်ပြောပြမယ်…
သေနေတဲ့သူအလောင်းဘေးနားမှာ
ငါက ဘယ်မှ မသွားပဲ ထိုင်နေရတယ်ကွ…
ည 12နာရီဒေါင်ဆိုတာနဲ့..
ရုတ်တရက် ထပြောလိုက်သလိုမျိုး
အမိန့်သံပါပါ အသံမျိုးနဲ့ ငါက
‘ ဟေ့ယောင် ထထ အိမ်ပြန်မယ် ’ ဆိုပြီး
ပြောလိုက်ရင်း
ဘေးကအလောင်းကောင်ကြီးရဲ့
ရင်ဘက်ကို ဖြစ်ဖြစ် ပုခုံးကိုဖြစ်ဖြစ်
အားပါပါ ခပ်ပြင်းပြင်းပုတ်လိုက်
အဲ့ဒီအလောင်းကောင်က
မျက်လုံးပွင့်လာပြီးတော့
တောင့်တောင်ကြီး ကောက်ခါငင်ခါ ထလာလိမ့်မယ်
ပြီးရင် ငါ့ကို ပြန်ပြောလိမ့်မယ်
‘ မင်းအရှေ့ကသွား ’ ဆိုပြီးတော့….
အဲ့အခါ ငါက ကြောက်ပြီးရှေ့ကသွားလို့ကတော့
သေပြီသာမှတ်တော့….
ဖုတ်၀င်နေတဲ့ အလောင်းကောင်ကအဲ့လိုပြောရင်
ငါက ချက်ချင်းကြီး မကြောက်ချင်ယောင်ဆောင်ပြီး
ပြန်ဟောက်ရတယ် ‘ ဟေယောင် လျှာမရှည်နဲ့
သွားစမ်းမင်းရှေ့ကသွား အိမ်ကိုပြန်မယ်…
သွားမလားမသွားဘူးလား ငါပါးဖြတ်ရိုက်လိုက်ရ ’
ဆိုပြီး မာန်မဲပြရတယ်ကွ….သူကလည်း
မင်းကိုအကဲခတ်နေမှာနော်…
စိန်ခေါ်မှုကတော့ ကြီးတယ်
မင်းကအခြောက်လို နွဲ့ပြီးပြောလို့မရဘူး ၊
သူ့ကို ကြောက်တဲ့ဟန်လည်းသွားပြလို့မရဘူး…
သူ့ကို ကြောက်မှန်းသိသွားရင်သေပြီ…. ၊
အဲ့လို ဟောက်လိုက်ရင် ဖုတ်၀င်နေတဲ့
အလောင်းကောင်ကသိတယ် …
သူ့အိမ်ရှိတဲ့နေရာကို သူဖြည်းဖြည်းချင်း သွားလိမ့်မယ်
ငါက သူ့အနောက်က လိုက်ရတယ်….
မျက်ခြေပျက်လို့မရဘူးနော်…. ၊ အဲ့လိုသတိထားပြီး
အလောင်းကောင်အနောက်က လိုက်ရတယ်… ၊
လမ်းတစ်လျှောက်သူက ဘယ်လို ကူလီကူမာကျကျ
ငါက သတိထားရတယ် ၊ တစ်ချို့ကျတော့
သူငယ်ချင်း ညီအစ်ကိုသံယောဇဉ်နဲ့
ဖုတ်ကောင်က ဟန်ဆောင်ပြီးပြောတာကို
ယုံသွားပြီး လိုက်လျောပေးလို့ သေသွားတဲ့သူတွေလည်း
အများကြီးပဲ… ၊ အဓိကသိထားရမှာ အလောင်းထဲ၀င်နေတဲ့
ဖုတ်က ငါတို့ လူ့ဘ၀က ခင်ခဲ့ မင်ခဲ့သိခဲ့တဲ့ ပုဂ္ဂိုလ်
လုံး၀မဟုတ်ဘူးကွ…ပတ်၀န်းကျင်က
စားချင်သောက်ချင်လို့ ၀င်ပူးဖို့စောင့်နေတဲ့
မကောင်းဆိုးရွားတွေပဲ… ၊ ဒါကိုသိထားရမယ်… ၊
တစ်ချို့ဒေသတွေမှာ အလောင်းမြေမကျရဘူးဆိုတဲ့အယူက
အဲ့ဒါကြောင့် ဖြစ်လာတာ ၊ မဆိုင်တဲ့ သရဲတစ္ဆေတွေ
၀င်စီးကပ်မှာကို ရည်ရွယ်တာ ၊ အဲ့လိုနဲ့
အလောင်းကရှေ့ကသွား ကိုယ်ကအနောက်ကလိုက်
နောက်ဆုံးကိုယ် လိုသလောက် အကွာအဝေး
ဥပမာ ရွာပဲထား…ရွာနားရောက်ပြီ…လူတွေနဲကနီးပြီ
အကူအညီရလောက်ပြီဆိုတဲ့ နေရာရောက်ရင်
မပြောမဆိုနဲ့ ငါက အလောင်းရဲ့ နောက်ကျောနေရာကို
အားစိုက်ပြီး ခြေထောက်နဲ့ ဆောင့်ကန်ပစ်ရတယ် ၊
ငါကန်လိုက်လို့ အလောင်းက
မြေကြီးမှာမှောက်လျှက်ပစ်လဲကျသွားတာနဲ့
အလောင်းမှာ ပူးနေတဲ့ ဖုတ်က ကြောက်ပြီး ထွက်သွားရော
အဲ့ဒါ ဖုတ်ပြန် ထုတ်နည်းပဲ … ၊ အေး…
အဲ့ဒီမှာ ငါ ကန်လိုက်တဲ့ ကန်ချက်က ပျော့လို့
အလောင်းက မလဲပဲ တောင့်တောင့်ကြီးဖြစ်နေတာတို့
ယိုင်ယုံလေး ယိုင်သွားတာဆိုရင် ငါ သေပြီပဲ….
အလောင်းထဲက ဖုတ်က သူ့ကို ငါထုတ်တော့မယ်ဆိုတာကို
သိသွားပြီး အလောင်းကောင်ကြီးအတိုင်းထွက်ပြေးရင်ပြေးသွားလိမ့်မယ် ၊
မပြေးရင်လည်း ငါ့ကို ပြန်ပြီး ရန်မူလိမ့်မယ် သတ်လိမ့်မယ် ၊
ဖုတ်ထွက်သွားပြီးရင်လည်း အလာင်းကောင်ကို
အချိန်အကြာကြီးမထားစေပဲ မြန်မြန် မီးသဂြိုလ်ပေးရတယ်ကွ ”
“ ဟင်…ဒါဆို အဲ့နည်းက အန္တရယ်များတာပေါ့နော် ဦးတရုတ်… ”
“ အေးပေါ့ ဒါကတော့ တောထဲမှာ အရေးပေါ်သုံးကြတဲ့
နည်းကွ….ခုအချိန်ထိ မြန်မာပြည် မြောက်ပိုင်းဘက်က
ခေါင်တဲ့ဒေသတွေမှာ အသုံပြုကြသေးတယ် ”
အပိုင်း(၃)ဆက်ရန်..
မူရင်းရေးသားသူ = မိုးစွေ

Comments
Post a Comment