“ ည မအိပ်ရ ” အပိုင်း(၁)




နာရေးတဲ့…..
အသံကြားတာနဲ့တင် ဘယ်သူဘယ်ဝါမသိခင်ကတည်းက
ကြောက်ဒူးတုန်နေတတ်သူ ကိုချမ်း …. ။

“ ဘာ…. ညီကျော်တို့ အဖေဆုံးသွားတာ
ဟုတ်လား…. ဟာကွာ….ဖြစ်မှဖြစ်ရလေ ”

သူငယ်ချင်းများမှာ ကိုချမ်း
အိမ်သို့အရောက်သတင်းလာပေးကြခြင်းပင် … ။

ညီကျော်….ညီကျော်ဆိုသူမှာ ကိုချမ်းတို့နှင့်
ညီအစ်ကိုလိုပေါင်းသင်းခဲ့သည့် သူငယ်ချင်းတစ်ဦးဖြစ်သည် ၊
ညီကျော်မှာ ဂျပန်တွင် ကျောင်းတက်ရင်းအလုပ်လုပ်
နေဆဲ ညီကျော်၏ ဖခင် ဆုံးသွားခြင်းဖြစ်ရာ
သရဲကြောက်တတ်ပေမယ့်လည်း
တစ်ဖက်က ညီအစ်ကိုလိုခင်တဲ့သူငယ်ချင်းရဲ့ အဖေ….
အဖေဖြစ်သူ ဆုံးသွားတဲ့အချိန် သူ့ခမျာ ပြည်ပရောက်နေတော့
ရုတ်တရက် သူငယ်ချင်းမိသားစုအတွက်
အကူအညီလိုနေတဲ့အချိန်ကလည်းဖြစ်နေပြန် ၊
ရွေးရခတ်နေသော်လည်း ကိုချမ်း သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း
သူငယ်ချင်းတွေနဲ့အတူ နာရေးအိမ်ရှိရာသို့ လိုက်သွားဖြစ်ခဲ့သည် ။

နာရေးအိမ်မှာ ကိုချမ်းတို့အိမ်နှင့်
ရပ်ကွက် နှစ်ခုနီးပါးသာ ခြားသောကြောင့်
စီးတော်ယဉ်စက်ဘီးကလေးကိုယ်စီစီးကြရင်း သွားခဲ့ကြသည် ။

အသုဘ အိမ်ရောက်တော့ အိမ်ထဲမှာ
လောလောလပ်လပ် ဆုံးထားသဖြင့်
ကပိုကရိုပြင်ထားသည့် အလောင်းကောင်ကြီးမှာ
လုံးချင်းအိမ်ငယ်လေး၏ ဘုရားခန်းနေရာတွင်
နဖူးမှ ခြေဖျားအထိ ဖုံးဖိထားသော ခြုံလွှာတစ်ခုအောက်မှ
မိန့်မိန့်ကြီး သူတို့အား စောင့်ကြိုနေလေတော့သည် ။

ကိုချမ်းတစ်ယောက် သပ်ငြိမ်နေသည့်
အလောင်းကောင်ကြီးအားကြည့်ရင်း
ကြက်သီးမွှေးညှင်းများအလိုလို ထလာရင်း
မျက်နာလွဲလိုက်ရာ အလောင်းအနီးငိုယိုနေကြသည့်
မိသားစု၀င်များကိုတွေ့သွားပြီးနောက် ကြောက်ရွံ့ခြင်းထက်
ဂရုဏာစိတ်ပိုဖြစ်သွားမိဟန်ရသည် ။

“ ငစိုင်း … ဟေ့ယောင် ငါတို့ အိမ်ထဲမ၀င်တော့ဘူးကွာ
အိမ်အပြင်က အမိုးထိုးထားတဲ့ အောက်က ခုံလေးမှာပဲ
ထိုင်စောင့်ပေးကြတာပေါ့… ”

“ ဘာလို့လည်း ကိုချမ်းရ..
ဒီညက ရုတ်တရက်ဖြစ်သွားတာဟ..
ညလည်းနက်နေပြီ ဒီရပ်ကွက်အကြောင်းလည်း
မင်းသိသားပဲ…. သာရေးနာရေး ဘာမှ လူမှုရေးမသိတတ်တဲ့သူတွေ
ငါတို့က အိမ်ထဲ၀င်စောင့်ပေးမှရမှာကွ
မကြောက်ပါနဲ့ကွာ ငါတို့တွေ ငါးယောက်နဲ့အတူ
ဦးလေး တရုတ် လည်း လာစောင့်ပေးမယ်ပြောတယ် ”

“ ဟော…ဟော….ပြောရင်းဆိုရင်း
ဟိုမှာ ဦးတရုတ်လာနေပြီ… ”

သူငယ်ချင်းတစ်ဦးစကားကြောင့် သူတို့လူတစ်စု
လမ်းထပ်နေရာသို့ အားကိုးတကြီးလှမ်းကြည့်လိုက်မိကြသည် ။
ဦးတရုတ်က လက်လှမ်းပြရင်း တဖြည်းဖြည်း
သူတို့ဆီ လျှောက်လာချေပြီ ။

ဦးတရုတ်….
ဦးတရုတ်ဆိုသူမှာ ကိုချမ်းတို့သူငယ်ချင်းများထဲမှ
၀င်းဖြိုးဆိုသူ၏ ဦးလေးဖြစ်သည် ၊ ဦးတရုတ်မှာ
နာမည်အရင်းမဟုတ် … အသားဖြူလွန်းပြီး
တရုတ်လူမျိုးနှင့် တူသောကြောင့်
ကိုချမ်းတို့ သူငယ်ချင်းတစ်စုက ဦးတရုတ်ဟု
အလွယ်ခေါ်ရာမှ နာမည်တွင်သွားခြင်းပင် ၊
ဦးတရုတ်မှာ ကိုချမ်းတို့ကြိုက်နှစ်သတ်တတ်တဲ့
အရာတစ်ခုရှိသေးသည် ၊ ထိုအရာမှာ အခြားမဟုတ်
လဖ္ဘက်ရည်ဆိုထိုင်တိုင်း… ကိုချမ်းတို့
ပြောရင်ပြောရင်းမရိုးနိုင်အောင်
ပြောနေကြဖြစ်တဲ့ ပရလောက ဇာတ်လမ်းတွေအကြောင်း
ဖြစ်သည် ၊ ဦးတရုတ်မှာ ထိုသို့သော ဇာတ်လမ်းများနှင့်
ပတ်သတ်ပြီး အတွေ့အကြုံများစွာရှိသည်ကတစ်ကြောင်း
ကြားဖူးနားဝတွေက ကိုချမ်းတို့ အတွက်
အထူးအဆန်းဖြစ်စေသည်က တစ်ကြောင်းတို့ကြောင့်
ကိုချမ်းတို့အဖွဲ့နှင့် ဓါတ်ကျနေခြင်းပင် ၊
ဦးတရုတ်မှာ လူလတ်ပိုင်းအရွယ်ဖြစ်သော်လည်း
လူပျိုပေါက်အရွယ် ကိုယ့်တူဖြစ်သူ၏
သူငယ်ချင်းများနှင့် တတွဲတွဲလုပ်ရသည်ကို
ပျော်မွှေနေသူတစ်ယောက်မဟုတ်လား ။

“ ဟာ….ဦးတရုတ်လာပြီ…အတော်ပဲ
ကျွန်တော်တို့အားငယ်နေတာ…
ဒီညတော့ မပျင်းရတော့ဘူးပေါ့နော်.. ”

သူငယ်ချင်းတစ်ဦး၏ကြိုဆိုသည့်စကားကြောင့်
ဦးတရုတ်ဆိုသူမှလည်း အားရ၀မ်းသာပြန်ဖြေလိုက်သည် ။

“ အေးကွာ..ငါလည်းမင်းတို့တွေချည်းရှိနေတယ်သတင်းကြားတာနဲ့
ရောက်ချလာတာပဲငါကောင်တွေရေ…
မင်းတို့ခဏနေဦး ငါနာရေးသတင်းသွားမေးရင်း နာရေးရှင်တွေကို
ချော့မော့ပြီး အနားယူခိုင်းလိုက်ဦးမယ်..သူတို့
နောက်နေ့တွေလည်းပင်ပန်းဦးမှာ… နားခိုင်းမှရမယ်
ငါသွားပြောလိုက်မယ် ”

နာရေးရှင်ဟုဆိုသော်လည်း
ညီကျော်မှာ မိတစိုးလေးဖြစ်သည့်အပြင်
မိဘတွေကလည်း မြိုကခံဇာတိမဟုတ်ပဲ
နယ်များမှ လာရောက်အခြေချခြင်းဖြစ်ရာ…
ယခု သားဖြစ်သူ ညီကျော် က ပြည်ပရောက်နေချိန်
တစ်ဦးတည်းကျန်ရစ်သူ ဖခင်က ဆုံးပါးသွားခြင်းပင် ၊
ဆွေမျိုးရင်းခြာမရှိသော်လည်း အမျိုးနီးစပ်များက
ညီကျော့် ဖခင်ဖြစ်သူအား ဝိုင်း၀န်း
စောင့်ရှောက်ပေးထားကြခြင်းဖြစ်သည် ။

ဦးတရုတ်က ထို အမျိးနီးစပ်များအား
ဖြောင်းဖြစကားများဆိုရင်း အနားယူအားမွေးခိုင်းစေသည် ။
နာရေးရှင်များမှာ နာရေးအိမ်နှင့်
နှစ်အိမ်ကျော် သုံးအိမ်ကျော်မှာ နေကြသည့်သူများမို့
မိမိတို့အိမ်သို့ ကိုယ်စီပြန်သွားကြရင်း
နာရေးအစောင့်အဖြစ် စိတ်ချရသော
ဦးတရုတ်နှင့် မိမိတို့၏ တူဖြစ်သူ ညီကျော်၏
သူငယ်ချင်းအရင်းများဖြစ်သူ ကိုချမ်းတို့အဖွဲ့အား
အားကိုးရင်း ထားခဲ့ကြသည် ။

“ ကဲ ကဲ…လူတွေလည်း
ပြန်သွားကြပြီ အရုဏ်တက်ဖို့ကလည်း
သုံးလေးနာရီလောက်ပဲလိုတော့တယ်
ငါတို့တာ၀န်က ဒီည
တစ်ယောက်မှ မအိပ်ရဘူး…
နောက်ပြီး ဒီအလောင်ကို ကြောင်နက် မကျော်အောင်
စောင့်ရမယ်… ”

အပိုင်း(၂)ဆက်ရန်..

မူရင်းရေးသားသူ = မိုးစွေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)