စုန်းမ ၊ အပိုင်း(၃)
ဆိုပြီး ကျုပ်က ဝါးလုံးပိုင်းကို လှုပ်ကြည့်တယ်
ဟုတ်ပါဗျာ။ အလယ်က အဆစ်ထဲမှာ ကျောက်ခဲတွေ
ရောက်နေတယ်ဗျို့။ ဂျောက် ဂျောက် ဂျောက်ဂျောက်နဲ့။
"ကဲ မီးဖိုထဲမှာ ဓါးမ သွားယူ့ပြီး ခွဲကြည့်လိုက်လေ"
ကျုပ်က မီးဖိုထဲက ဓါးယူပြီး ဝါးလုံးကို ခွဲချလိုက်တယ်။
"ဟာ ဟုတ်တယ်ဗျို့။ ကျုပ်ကောက်လာတဲ့ ကျောက်စရစ်ခဲ
ငါးခဲဗျာ။ ဝါးလုံးအလယ် အဆစ်ထဲကို ဘယ်လိုများ
ရောက်သွားတယ် မသိဘူးဗျ"
"အဲဒါ လူကို အပင်းသွားတာပဲဟဲ့ တာတေရဲ့"
ကျုပ်လည်း ဒီတော့မှ ကြက်သီးတွေ ဘာတွေ ထသွားတာဗျို့။
"တော်သေးတာပေါ့ အရီးရာ၊ စောစောက အရီး
လုပ်လိုက်တာ လက်လွန်သွားပြီး ကျုပ်ဗိုက်ထဲ
ရောက်သွားမှဖြင့်ဗျာ"
လို့ အရီးက ပြောတယ်ဗျ။
"ကျောက်ခဲထည့်သလိုပဲ တခြားဘာထည့်ချင်
ထည့်ချင်ထည့်လို့ရတယ်"
"တခြားဟာတွေလည်း ရှိဦးမှာပေါ့နော် အရီး"
လို့ ကျုပ်က စပ်စုကြည့်တယ် ။ တာတေဆိုတဲ့
ကောင်က လွှတ်စပ်တတ်တာ ၊ ခင်ဗျားလည်း သိသားပဲဗျာ။
"ကဲ နင်ကြည့်ချင်သေးရင် ဟိုတိုင်က သံငုတ်မှာ
ချိတ်ထားတဲ့ နဖာကြိုး ယူလိုက်"
အရီးက ယာတွေ ၊ နွားတွေ ရှိတယ်ဗျ ။
ဒါပေမဲ့ သူ့ဝိုင်းထဲမှာတော့ နွားတွေ မထားဘူး။
သူ့ယာလုပ်တဲ့ ကိုမောင်ပုတို့ ဝိုင်းထဲမှာပဲထားတာ။
ကျုပ်က တိုင်မှာ ချိတ်ထားတဲ့ နဖာကြိုးကို
ဖြုတ်လိုက်တယ်။
အရီးက ကျုပ်ပေးတဲ့ နဖားကြိုးခွေကို ဖြည်လိုက်ပြီး
သူ့လက်မှာ ရစ်ပတ်လိုက်တယ် ။ ပြီးတော့မှ
အခွေလိုက် ဖြုတ်ပြီး လက်ဝါးပေါ်မှာ တင်ထားတယ်။
ပြီးတော့ အိမ်ပေါက်ဝကို သွားပြီး …
"တာတေ နင်အောက်မဆင်းနဲ့ ၊ အိမ်ပေါ်ကပဲ
ကြည့်နေ"
လို့ ပြောပြီး ဝိုင်းထဲ ဆင်းသွားတယ် ။ သြဇာပင်ကလေး
အောက်ကို သွားပြီး နဖားကြိုးခွေကို ပါးစပ်မှာတေ့ပြီး
မန်းမှုတ်နေတယ်ဗျ။ ခဏနေတော့ နဖားကြိုးခွေကို
မြေကြီးပေါ်ကို ပစ်ပေါက်လိုက်တယ်။
"အောင်မယ်လေး မြွေကြီးဗျ၊ မြွေဟောက်ကြီး"
ကျုပ်ပါးစပ်က လန့်အော်လိုက်တယ် ။ အရီးမယ်ခက
ကျုပ်ကို တစ်ချက် လှမ်းကြည့်ပြီး ပါးစပ်ကို
လက်နဲ့ ပိတ်ပြတယ်။
ဟာ မြွေကြီးက ပါးပြင်းကြီးခွက်ပြီး …
"ခြီး ခြီး"
နဲ့ အသံပေးနေတယ်ဗျ ။ မြွေဟောက်ကြီးမှ နည်းတဲ့
အကောင်ကြီး မဟုတ်ပါဘူးဗျာ။ အရီးမယ်ခက ခြံထောင့်က
ထန်းပင်အောက်မှာ ပြုတ်ကျနေတဲ့ ထန်းလက်ခြောက်ကို
လက်ညှိုးထိုးပြလိုက်တယ် ။ မြွေဟောက်ကြီးက
ပါးပြင်းကြီး ခွက်ပြီး ပြေးသွားတယ်ဗျ။ ပြီးတော့ …
'ခွီး' ဆို တစ်ချက်အော်ပြီး ထန်းလက်ခြောက်ကို
ပေါက်ချလိုက်တယ်ဗျ။ ကျုပ်ဆိုတာ ကြက်သီးတွေတောင်
တဖျန်းဖျန်းထသွားတယ်ဗျာ။ ထန်းလက်တစ်ခုလုံး
မီးကျွမ်းသလိုကို မည်းသွားတာဗျို့။ခဏနေတော့
မြွေဟောက်ကြီးက အရီးမယ်ခနားကို သွားပြီး
ခွေနေတယ်။ အရီးမယ်ခက လက်နဲ့သတ်သလို
လုပ်လိုက်တာ နဖာကြိုးခွေ ပြန်ဖြစ်သွားရောဗျို့။
ဒီတော့မှ အရီးက ကြိုးခွေကို ကောက်ယူပြီး
အိမ်ပေါ်တက်လာတယ်။
"ကဲ တာတေ နင် မြင်ပြီမို့လား၊ အဲဒါ တိုက်မြွေလို့
ခေါ်တယ်၊ တိုက်မြွေကိုက်ရင် ကုဖို့ ဆေးမရှိဘူးဟဲ့၊
ဒါပေမဲ့ အရီး ဒီပညာတွေနဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူး။
အရီး တစ်သက်လုံး လူတွေနဲ့ ကင်းကင်းနေတယ်"
ကျုပ်တွေပြီး အရီးကို ကြည့်နေတယ်။
အရီးမယ်ခက ရယ်ပြီး …
"တာတေ လန့်သွားပြီထင်တယ် ၊ ကဲ ကဲ ဒါဆို
အရီး တစ်ခု လုပ်ပြဦးမယ် ၊ သွား ဟိုတံစက်မြိတ်က
သက်ကယ်စလေးတွေ ဖြတ်လိုက်"
ကျုပ်က အရီးမယ်ခပြောတဲ့အတိုင်း တံစက်မြိတ်ကို
သွားပြီး သက်ကယ်ရွက် အစလေးတွေကို ဖြတ်လိုက်တယ်။
"ရော့ အရီး"
လို့ အရီးမယ်ခကို ပေးလိုက်တာဗျ။ အရီးမယ်ခက
သက်ကယ်ရွက်ကလေးတွေကို ခွဲပြီး ဖြတ်တောက်ပစ်လိုက်တယ်။
ပြီးတော့ မီးဖိုထဲကို ဝင်သွားပြီး ဆန်ကောယူလာတယ်။
ဒီတစ်ခါတော့ ကျုပ်ကို မခိုင်းတော့ဘူးဗျ။
စောစောက ချိုးဖဲ့ထားတဲ့ သက်ကယ်ရွက်ကလေးတွေကို
ဆန်ကောထဲထည့်ပြီး ဆန်ပြာသလို ပြာလိုက်တယ်ဗျ။
အရီးက ပါးစပ်ကလည်း မန်းမှုတ်နေတယ်ဗျို့။
ဆန်ကောကို ထိုင်မပြောဘဲ မတ်တတ်ရပ်ပြီး
ပြာနေတာဆိုတော့ ကျုပ်လည်း ဘာမှမတွေ့ရဘူးပေါ့ဗျာ။
ခဏနေမှ အရီးက ကျုပ်ကို သူ့လက်ထဲက
ဆန်ကောကို ထိုးပြတယ်။
"ဟာ ပုဇွန်တွေပါလား အရီး"
ကျုပ် အလန့်တကြား အော်လိုက်တယ်။ဟုတ်ပါ့ဗျာ။
ဆန်ကောထဲမှာ ပုစွန်တွေဗျ။ သိပ်အကြီးကြီးတော့
မဟုတ်ဘူးပေါ့ဗျာ။ ဆယ်ထုပ်အရွက်တွေ။
အောင်မလေး ဆန်ကောထဲမှာ
ခြေထောက်ကားကားကြီးတွေနဲ့
လျှောက်သွားနေတာဗျို့။
အားလုံး အရှင်ကြီးတွေဗျ။
"ဟား ဟား ဟား ဟား "
ကျုပ် သဘောကျပြီး အော်ရယ်မိတယ်။
အရီးမယ်ခက ကျုပ်ကို အလန့်ပြေအောင် လုပ်ပြတယ်ဗျ။
စောစောက မြွေဟောက်ကြီးကို ကျုပ်တော်တော်လန့်သွားတာ။
"အရီး ဒီပုဇွန်တွေ ကျုပ် ကြော်စားလို့ ရလား"
လို့ ကျုပ်က မေးကြည့်လိုက်တယ်။ အရီးက
ပြုံးပြီး ကျုပ်ကို ပြန်မေးတယ်။
"စားရင် ရတာပေါ့ဟဲ့၊ ဒါထက် နင် စားရဲပါ့မလား"
ဒီတော့မှ ကျုပ် လန့်သွားတယ် ။ဗိုက်ထဲမှာ သက်ကယ်ရွက်တွေ
ပြန်ဖြစ်သွားရင် ဘယ့်နှယ့်လုပ်မတုံး…
"မစားရဲပါဘူးဗျာ"
လို့ပဲ ကျုပ် ဖြေလိုက်ရတာပေါ့ဗျာ။
"အရီး ဒီပညာတွေကို ဘယ်အရွယ်မှာ တတ်ခဲ့တာတုံး"
"အရီး ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်,နှစ်မှာ တတ်ခဲ့တာ"
"အရီး ဘာဖြစ်လို့ ဒီပညာကို သင်တာတုံးဗျ"
အပိုင်း(၄)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment