လူခြောက်မယား အပိုင်း(၁)
လောကမှာ မယုံနိုင်လောက်အောင်ဆန်းပြားတဲ့ကိစ္စတွေရှိနေတာ အမှန်ပဲဗျ။ကျုပ်ကတော့ လူဖြစ်လာကတည်းကပဲအဆန်းအပြားတွေနဲ့ ကြုံရဖို့ ကံပါလာတယ်နဲ့ တူပါရဲ့ဗျာ။ ကျုပ်ဆရာတော် ပြောသလိုပဲဗျို့။ ကိုယ်ဥာဏ်မမီတာနဲ့ အဆန်းအပြားကိစ္စတွေကို မဟုတ်ဘူးလို့တော့ ပြောလို့မရဘူးဗျ။ မယုံနိုင်အောင် ဆန်းပြားတဲ့ကိစ္စတွေထဲမှာ လူခြောက်မွေးတဲ့ကိစ္စလည်းပါတာပေါ့ဗျာ။ ကဝေသားခြောက်'ဆိုတဲ့ဝတ္ထုမှာ လူခြောက်အကြောင်းကျုပ်ရေးပြခဲ့ဖူးပါတယ်။
ကျုပ် အခုပြောပြမယ့်အကြောင်းက ကျုပ်တို့ထနောင်းကုန်းသား ကိုကြီးဒီပရဲ့အကြောင်းဗျ။ ကိုကြီးဒီပက လူတာ့လူပဲ။ ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်တို့လို လူတော့မဟုတ်ဘူး။သူက လူခြောက်။ ကိုကြီးဒီပက အခုဆိုရင်အသက်သုံးဆယ်ရှိပြီ။ အမေတို့ အဘတို့ပြောပြလို့ ကိုကြီးဒီပအကြောင်းကို ကျုပ်အစအဆုံး သိခဲ့ရတာဗ်
ကိုကြီးဒီပရဲ့ အဖေနဲ့ အမေက ကျုပ်ရဲ့အဘနဲ့ ဆွေမျိးမကင်းကြဘူး။ ဘထွေးဖိုးဆန်းနဲ့ အရီးမယ်သုံဗျ။ ဘထွေးတို့ လင်မယားကို အဘနဲ့ အမေက ပေးစားထားတာလို့ ပြောကြတယ်။ အရီးမယ်သုံသားဦးလေး ကိုယ်ဝန်ရှိပြီး ကိုးလကျော်တော့ဗိုက်နာရောတဲ့ဗျ။ ဆောင်းတွင်းကြီးဆိုပဲ။
အေးလိုက်တာမှ ခိုက်ခိုက်တုန်နေတာတဲ့ဗျို့။ မီးလောင်ကုန်းက လက်သည်မကြီးနဲ့အမေက မီးနေခန်းထဲမှာ မွေးပေးကြတာဆိုပဲ။ ဘထွေးဖိုးဆန်းက အိမ်ရှေ့ကနေ
မီးနေစောင့်ရတာပေါ့ဗျာ။
ဗိုက်က ပထမတော့ တော်တ်ာနာတာတဲ့ဗျ။နောက်တော့ အနာလုံးဝပျောက်သွားရောတဲ့ဗျို့။ ဒီတော့ လက်သည်က ကလေးများသေသွားလို့လားလို့ တွေးတာတဲ့ဗျ။ ဒါပေမဲ့ကလေးကိုစမ်းတော့ ကလေးကစမ်းလို့ကိုမရဘူးဆိုပဲ။ စောစောကစမ်းတုန်းက ကလေး တွေ့ပါတယ်၊ အခု ဘယ်ရောက်သွားတာလဲ ဆိုပြီး လက်သည်ကြီးကစမ်းတာတဲ့ဗျ။
ဒါပေမဲ့ စမ်းရင်းကနေ ကလေးက ပျောက်သွားသလို အရီး မယ်သုံရဲ့ ဗိုက်ကလည်းကိုယ်ဝန်ဆောင်ဗိုက်ကနေ တဖြည်းဖြည်းပျောက်ပျောက်သွားပြီး ချပ်ကျသွားတာတဲ့ဗျို့။
"မယ်သုံရေ …ငါလည်းလက်သည်လုပ်စာလာတာ အိုပြီး သေတော့မယ်ဟေ့၊ ဒီဗိုက်မျိုးတော့ ငါတစ်ခုမှ မတွေ့ဖူးဘူးဟဲ့၊ ညည်းစိတ်ထဲမှာရော ဗိုက်ထဲမှာ ကလေးရှိတယ်လို့ ခံစားရသေးလား ငါစမ်းတာတော့ တွေ့တောင် မတွေ့ဘူး တော်ရေ"
"အရီးမယ်ဆိုးရေ…ကျုပ်စိတ်ထဲမှာတော့ကျုပ်ကလေးက ကျုပ်ဗိုက်ထဲမှာ ရှိနေတာတော့၊ မွေးတော့မယ်ထင်တယ်"
လက်သည်မကြီးရဲ့ နာမည်က ဒေါ်မယ်ဆိုးတဲဗျ။ ထနောင်းကုန်း၊ ဘန့်ဘွေးကုန်း၊ မီးလောင်ကုန်းစပြီး ငွေတွင်းကုန်း၊ ဆပ်သမြှောင်၊ ရုံးတောနယ်အဆုံး လွှတ်နာမည်ကြီးတဲ့ လက်သည်မကြီးဗျ။
"ကဲ ဒါဆိုလည်း နည်းနည်းလောက် ညှစ်ကြည့်စမ်းအေ၊ ကျုပ်က အပေါ်ကတွန်းပြီး မွေးပေးမယ်၊ ငွေစိန် ညည်းက ရှေ့က စောင့်ပြီး ကလေးကောက်ပေါ့အေ"
လို့ အမေ့ကိုပြောရင်း မျက်စိမှိတ်ပြသတဲ့ဗျ။အရီးမယ်သုံ စိတ်ကျေနပ်အောင် လုပ်ပေးတဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ လက်သည်ကြီးက တခြားကလေးတွေ မွေးသလိုပဲ သေသေချာချာလုပ်ပေးတာတဲ့ဗျ။ ခဏနေတော့…
"မွေးပြီ မွေးပြီ "
လို့ အရီးမယ်သုံက ပြောရင်း မွေးလိုက်ရောတဲ့ဗျ။ ကျုပ်အမေကလည်း ကလေးကောက်တာပေါ့ဗျာ။ လက်သည်မကြီးဒေါ်မယ်ဆိုးက အမေ့လက်ထဲက ကိုင်
ထားတာကို ကြည့်ပြီး…
"လက်စသတ်တော့ ဒါကိုး၊ ဟား ဟားဟား၊ ငါ့မှာတော့ တွန်းလိုက်ရတာ မယ်သုံရယ်၊ ညည်းသားက လူခြောက်ကိုးဟဲ့၊ဒါပေမဲ့ ညည်းတို့တော့ ချမ်းသာတော့မှာ
အေ့၊ လူခြောက်များ မိဘကိုအားကြီး
စောင့်ရှောက်ကြတာ မယ်သုံရဲ့"
အရီးမယ်သုံကတော့ သူမွေးတဲ့သားခြောက်ကလေးကို ကြည့်ပြီး မျက်ရည်ကျတာပေါ့ဗျာ။
"ငါ့သားက ဝဋ်ကြွေးတယ်လည်းကြီးတာကိုး"
လို့ ပြောသတဲ့ဗျို့။ လက်သည်ကြီး ဒေါ်မယ်ဆိုးက လူခြောက်ကလေးကို သန့်သန့်ရှင်းရှင်းလေးလုပ်ကိုင်ပေးပြီး စက္ကူဂျပ်ဘူးလေးတစ်ခုထဲမှာထည့်ပေးခဲ့တယ်ဗျ။ လက်သည်ခ ပေးတာတောင် ဒေါ်မယ်ဆိုးက မယူဘူးတဲ့ဗျ။
ဘထွေးဖိုးဆန်းကလည်း စိတ်တော်တော်ညစ်သွားသတဲ့ဗျို့။ ရွာထဲမှာတော့ ကလေးအဖတ်မတင်ဘူးလို့ပဲ ပြောရတာပေါ့ဗျာ။ကလေးမွေးပြီး အရီးမယ်သုံ အိပ်ပျော်သွားတဲ့အချိန်မှာ အိပ်မက် မက်တယ်ဗျ။
"အမေ…သားကလူပါဗျာ၊ သားကို နို့တိုက်ပါ၊ သားဆာနေပြီဗျ"
လို့ ကလေးကပြောသတဲ့။ အရွယ်ကတော့ ခြောက်လသားကလေးအရွယ်လောက်ရှိတယ်ဆိုပဲ။
"နို့တိုက်တာတော့ ဟုတ်ပါပြီ၊ သားကလူလက်ညှိုး သာသာလေးရှိတာဆိုတော့အမေက သားကို ဘယ်လိုနို့တိုက်ရမှာတုံး"
လို့ အရီးမယ်သုံက ပြောတော့ …
"အမေ့နို့ကို ပန်းကန်လေးနဲ့ညှစ်ထည့်ပြီးသားဘေးမှာ ချထားပေးရင် ရတယ်ဗျ"
အရီးမယ်သုံက အိပ်ရာကနိုးတာနဲ့ ဘထွေးဖိုးဆန်းကို အကျိုးအကြောင်းပြောပြပြီး ပန်းကန်လေးနဲ့ နို့ညှစ်ထည့်ပေးထားလိုက်တယ်နို့ကတော့ ကုန်မသွားဘူးတဲ့ဗျ။ ဒါပေမဲ့ ညရောက်တော့ သူနို့စို့ရတဲ့အကြောင်း ပြော
သတဲ့ဗ်။
"ညဘက်ဆိုရင် နို့ကိုပန်းကန်နဲ့ထည့်မထားနဲ့ အမေ၊ ကျနော် အမေ့နို့ကို စို့လို့ရတယ်"
လို့ ပြောတယ်တဲ့ဗျ။ ညရောက်တော့အရီးမယ်သုံက အိပ်မက်ထဲမှာ ကလေးကို နို့တိုက်နေတာတဲ့ဗျို့။ အရီးမယ်သုံကကျုပ်ကို ပြောဖူးတယ်ဗျ။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာcreditပေးပါသည်။

Comments
Post a Comment