ခေါင်းတလားတစ္ဆေ အပိုင်း(၄) ဇာတ်သိမ်းပိုင်း
မင်းကျော်စွာမှာ တစ်ယောက်ထဲနေသူဖြစ်သဖြင့် အသုံးအဖြုန်းကြီးသူတစ်ယောက်ဖြစ်၏။ ငွေမစုမိပေ။ အလုပ်ကောင်းနေစဥ်က မသိသာသော်လည်း ယခုလို လက်တစ်ဖက်ပျက်ပြီး အလုပ်မလုပ်နိုင်
သောအခါ စီးပွားရေးကျပ်တည်းလာ၏။
ထို့ကြောင့် မူလနေထိုင်သော မြို့လည်မှအခန်းကိုပြန်အပ်ပြီး၊ မြို့စွန်ဘက်မှာ စျေးနှုန်းချိုသာသော အိမ်တစ်လုံးကို ငှားရမ်းပြီး
သွားရောက်နေထိုင်လေ၏။
ထိုအိမ်မှာ သရဲခြောက်သဖြင့် အခြားသူများက
မနေဝံ့ကြသောကြောင့် စျေးချိုချိုဖြင့် ငှားရမ်းရရှိခဲ့ခြင်း
ပင်ဖြစ်သည်။
မင်းကျော်စွာ ထိုအိမ်သို့ရောက်ကတည်းက ညစဥ်
သရဲခြောက်ခံရသဖြင့် ကောင်းစွာမအိပ်ရပေ။
တစ်ညမှာတော့ ကျယ်လောင်သော တံခါးခေါက်သံ
ကြားလိုက်ရသည်။
“ဒေါက် ...ဒေါက် ...ဒေါက်”
မင်းကျော်စွာ အိပ်ချင်မူးတူးဖြင့် ထသွားပြီး တံခါးဖွင့်ကြည့်လိုက်တော့ အပေါက်ဝမှာ လူတစ်ယောက်ရပ်နေ၏။
တစ်ကိုယ်လုံး အဝတ်မည်းကြီး ခြုံထားသောကြောင့်
ဘယ်သူဘယ်ဝါမှန်းတော့ မသိရပေ။
“မင်းဘယ်သူလဲ”
“ငါကဒီအိမ်ပိုင်ရှင်ပဲ၊ ဒီမှာနေလာတာ နှစ်ပရိစ္ဆေရကြာပြီ”
“ငါမသိဘူး၊ အခုဒီအိမ်ကိုငါငှားပြီးသွားပြီ”
“မင်းဒီမှာနေလို့မရဘူး”
“မရလဲ ငါကတော့ ဆက်နေမှာပဲ၊ ငါ့မှာတစ်ခြားရွှေ့ပြောင်းစရာ
ငွေလည်းမရှိတော့ဘူး”
“နေမယ်ဆိုရင် ဒီအတိုင်းတော့ နေလို့မရဘူး”
ထိုစကားကိုကြားရတော့ မင်းကျော်စွာ အံ့သြသွားသဖြင့်
ပြန်မေးလိုက်၏။
“ဒါဖြင့်၊ ဘယ်လိုနေရမှာလဲ”
“ငါတို့နဲ့ဘဝတူမှ၊ နေခွင့်ရနိုင်မယ်”
ထိုသို့ပြောပြီးနောက် အဝတ်မည်းကြီးခြုံထားသော သရဲက အိမ်အတွင်းသို့ဝင်လာသည်။ သူဝင်လာသည်နှင့် ဖွင်ထားသော တံခါးချပ်များက သူ့အလိုအလျောက် ပြန်ပိတ်သွားခဲ့သည်။
ထိုညက သရဲခြောက်သည်ဟု နာမည်ကြီးသော အိမ်ကြီးဆီမှ စူးစူးဝါးဝါး အော်သံများကို ပတ်ဝန်းကျင် နေသူများက တစွန်းတစကြားလိုက်ရ၏။
နောက်တစ်နေ့မနက်တွင် သက်ဆိုင်ရာကို သတင်းပို့ပြီး သွားကြည့်ကြသောအခါ အိမ်ထဲတွင် ရုပ်ပျက်ဆင်ပျက်ဖြစ်ကာ သေဆုံးနေသော
မင်းကျော်စွာ၏အလောင်းကို တွေ့ကြရသည်။
မင်းကျော်စွာသေပြီးနောက်ပိုင်း ဦးထင်ကျော်နှင့်
မာရီယာတို့လည်း ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြရ
ပေတော့သည်။
“ဆရာကြီး မင်းကျော်စွာတော့ သေသွားပြီ၊ ဒီတိုင်း
ဆိုရင် ကျွန်မတို့လည်း ကြာကြာနေရတော့မယ် မထင်ဘူး”
မာရီယာရဲ့စကားကိုကြားတော့ ဦးထင်ကျော်က ဆေးပြင်းလိပ်ကို အတွင်တွင်ဖွာရင်း လေးလေးနက်နက် စဥ်းစားနေသည်။
“ဒီတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ”
“ကျွန်မသဘောပြောရရင်တော့ ရွှေခေါင်းတလားကြီးကို
ဆက်မထားသင့်တော့ဘူး၊ ရှေးဟောင်းပြတိုက်ကို ပို့လိုက်ရင်ကောင်းမယ်၊ မဟုတ်ရင် ဆရာနဲ့ကျွန်မလည်း ခေါင်းတလားတစ္ဆေ
လက်ချက်နဲ့ သေဖို့ပဲရှိတော့တယ်”
“ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ငါ့အတွက် အရင်းအနှီးတွေ အများကြီးကုန်ထားတာ”
“ဒါကလွယ်ပါတယ်၊ ရွှေခေါင်းမှာစီခြယ်ထားတဲ့ ကျောက်မျက်ရတနာတွေကို ဖြုတ်ယူပြီး ရောင်းရင်တောင် ဆရာကြီးရဲ့ ငွေတွေပြန်ရနိုင်ပါတယ်၊ ဒီရွှေခေါင်းကြီးကိုတော့ သက်ဆိုင်ရာအပ်လိုက်တာ
ပိုကောင်းပါတယ်”
ထိုစကားကိုကြားတော့ ဦးထင်ကျော် တွေဝေသွား၏။ သက်စွန့်ဆံဖျားရလာသောပစ္စည်းကို အလွယ်တကူ ပြန်စွန့်လွှတ်ရမှာ ဝန်လေးနေဟန်ရှိ၏။
နောက်သုံးရက်ခန့်ကြာတော့မှ မာရီယာပြောသော အကြံအစည်ကိုလက်ခံလေ၏။ ရွှေခေါင်းကြီးမှာစီခြယ်ထားသော တန်ဖိုးရှိသည့်ကျောက်မျက်ရတနာများကို ဖြုတ်ယူထားပြီး ရွှေခေါင်းတလားကြီးအား ဗြိတိသျှပြတိုက်သို့ သွားရောက်အပ်နှံလိုက်ကြလေသည်။
ဦးထင်ကျော်လည်း ရှေးဟောင်းပစ္စည်းရှာဖွေသည့်လုပ်ငန်းကို ရာသက်ပန်စွန့်လွှတ်လိုက်တော့၏။
ရွှေခေါင်းတလားကြီး သက်ဆိုင်ရာကိုရောက်တော့မှ သူတို့လည်း
အနှောက်အယှက်ကင်းကင်းနှင့် အေးချမ်းစွာနေထိုင်သွားနိုင်ခဲ့ရပြီး အသက်အန္တရာယ်ကင်းလွတ်ခဲ့ကြရသည်။
ပြီးပါပြီ။
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment