ကွင်းပိုင်နှမ မဖဲဝါ ၊ အပိုင်း(၆)
ကဝေက ကွင်းပိုင်သေးသေးလေးကို ဆတ်ကနဲ
ကောက်ယူပြီး ပုလင်းထဲကို ထည့်လိုက်တယ်
ပြီးတာနဲ့ ပုလင်းကို ဝက်အူရစ်အဖုံးနဲ့ ဖုံးလိုက်ရောဗျို့။
သူ့လွယ်အိတ်ထဲက နောက်ထပ်ပုလင်းတစ်လုံးကို
ထုတ်ပြီး မဖဲဝါကိုလည်း အနီရောင်စက်နဲ့လွှတ်ပြီး
သေးသေးလေး လုပ်လိုက်တယ်။ ကျုပ် ကြည့်နေတုန်းမှာပဲ
မဖဲဝါလည်း ကျုပ် လက်သန်းအရွယ်လောက်ပဲ
ရှိတော့တာဗျို့။ ကဝေက မဖဲဝါကိုလည်း
ကောက်ယူပြီး ငှက်ပျောဖူး ပုလင်းထဲကို
ထည့်လိုက်တယ်
ပြီးတော့ ဝက်အူရစ်အဖုံးကို ဖုံးလိုက်တယ်
မဖဲဝါရော သူ့အစ်ကို ကွင်းပြင်ကြီးရော
ပုလင်းတွေထဲ ရောက်ကုန်ပြီဗျို့
"ဟား ဟား ဟား ဟား ငါက အစတုန်းက
မဖဲဝါကို ဖမ်းထားပြီး သင်္ချိုင်းတွေထဲမှာရှိတဲ့
သိုက်တွေကို တူးဖို့ ကြံတာ။ ခုတော့ ကွင်းပိုင်ပါ
ရလိုက်ပြီဆိုတော့ သင်္ချိုင်းထဲက ပစ္စည်းတွေတင်
မကဘူး။ ကွင်းတွေထဲက ပစ္စည်းတွေကိုပါ
ရတော့မှာပေါ့ကွာ၊ ဟား ဟား ဟား ဟား
ငါတော့ သူဌေးကြီး ဖြစ်ပြီဟေ့ "
ကျုပ်လည်း မတ်တတ်တောင် ထမရပ်ရဲဘူးဗျ။
ဘိစပ်ချုံကြီးနောက်မှာကွယ်ပြီး
ငြိမ်နေရတယ်။ ကျုပ်တွေးတယ်။
ကျုပ် ဘာလုပ်ရမလဲ၊ ဒီအတိုင်းဆိုရင်တော့
ဒီသိုက်ဆရာဟာ ကွင်းပိုင်နဲ့ မဖဲဝါကို
တကယ်ဖမ်းသွားတော့မှာဗျ။
ပြီးရင် တစ်သက်လုံး ခိုင်းစားတော့မှာ
သေချာတယ်။ ကျုပ် စလွယ်သိုင်း
လွယ်ထားတဲ့ လွယ်အိတ်ထဲက
အင်းတစ်ချပ် ထုတ်လိုက်တယ်
ဒါ ကျုပ်ကို ဘိုးလူပေ ပေးခဲ့တဲ့
အင်းဗျ။ 'ကဝေစက်ဖြတ်အင်း'တဲ့။
ဘိုးလူပေ စီရင်တဲ့ အင်းပဲဗျာ၊
ဘယ်မှာ အစွမ်းမထက်ဘဲ ရှိမှာတုံး။
ဘိုးလူပေအကြောင်းကို 'မဖဲဝါမွေးတဲ့သား'
စာအုပ်ထဲက 'ကဝေသွေး'ဝတ္ထုမှာ
ဖတ်ကြည့်ပေါ့ဗျာ။ ကျုပ် အင်းကို
လက်ထဲမှာ တင်းတင်းဆုပ်ပြီး
အင်းဟိန်းဂါထာ ရွတ်လိုက်တယ်
ဘိုးလူပေရဲ့အင်းက ကျုပ်လက်ထဲမှာ ခုန်နေတယ်ဗျ။
ကျုပ်သိတာပေါ့။ ဒါ အင်းအသက်ဝင်လာတာဗျ။
အင်းကို တင်းတင်းဆုပ်ပြီး ဘိစပ်ချုံရှေ့ကို
ကျုပ် ထွက်လိုက်တယ် ။ သိုက်ဆရာ ကဝေက
ကျုပ်ကို ဖျတ်ကနဲ မြင်သွားတယ်။
"ဟေ့ကောင်လေး မင်းက ဘယ်သူတုံး။
အချိန်မတော်ကြီးမှာ ဘယ်ကနေ ဘယ်ကို
သွားမှာတုံး"
"ကျုပ်နာမည် တာတေတဲ့၊ ကျုပ်က ထနောင်းကုန်းမှာ
နေတာ "
"သြော် …ဟား၊ ဟား၊ ဟား၊ ဟား ၊ အေးပေါ့ကွာ။
မင်းတို့လို ကာလသားတွေက ဒီအချိန် ရည်းစားနဲ့
တစ်ဝချိန်းတွေ့ပြီး ရွာပြန်ကြမှာပေါ့ ဟုတ်လား
ကောင်လေး ၊ မင်း ငါ့ကို ဟောဒီသေတ္တာတွေ
လှည်းနဲ့တင်ပြီး လိုက်ပို့မလား၊ မင်းကို ငါ
တစ်သက်စာ စားဖို့ပေးမယ် "
"ဟား ဟား ဟား ဟား သိုက်ဆရာကြီး ခင်ဗျား
မှားနေပြီ၊ ကျုပ်က ပစ္စည်းလိုချင်လို့ လာတာမဟုတ်ဘူးဗျ
ဟောဒါလေး ပေးချင်လို့ လာတာ၊ ရော့ "
ကျုပ်က ဘာမှမပြောတော့ဘဲ 'ကဝေစက်ဖြတ်အင်း'နဲ့
ပစ်လိုက်တယ်
"ဝုန်း"
မီးတွေ ထတောက်သွားတာဗျ၊ ဘိုးလူပေက
ကျုပ်ကို ပြောဖူးတယ်။ ကဝေရဲ့စက်က ပြင်းလေ
မီးတောက်တွေ ကြီးထွားလေပဲတဲ့။ ဒါဆိုရင်တော့
ဒီကဝေရဲ့ စက်ဟာ တော်တော်ပြင်းလို့တဲ့
ဖြစ်မှာပဲ ။ ထတောက်တဲ့ မီးတောက်ကြီးတွေက
နည်းတာကြီးတွေမှ မဟုတ်တာဗျာ။
ကဝေ အငိုက်မိသွားတာဗျ။ ဘာမှမတတ်နိုင်တော့ဘူး
လေဗျာ။ စက်တွေအားလုံး ပျောက်သွားပြီ။ကြယ်ရောင်ပဲ
ရှိတော့တာဗျ။
"(…).၊ မင်းက မလောက်လေး မလောက်စားနဲ့
ဘာကောင်တုံး မင်းက "
ကျုပ်က တန်၏ မတန်၏ နားမလည်ဘူးလေဗျာ
ဆရာကြီး ဦးမင်းအောင် ပေးခဲ့တဲ့ ကဝေစက်ဖြတ်အင်းကို
အဆင်သင့် ထပ်ကိုင်ထားတာဗျ။
"ခွမ်း၊ ခွမ်း "
ဟာ စက်တွေ ပျောက်သွားတော့ ကွင်းပိုင်နဲ့ မဖဲဝါ
သူတို့ကို ဖမ်းထားတဲ့ ပုလင်းတွေကို ခွဲထွက်လာပြီဗျို့
ကဝေ လန့်သွားပြီဗျို့။ ချက်ချင်း စက်တွေ ထပ်ထုတ်တယ်။
ဒါပေမဲ့ စက်တွေက သူ့ကိုယ်မှာပဲ လင်းနေတော့တယ်ဗျို့။
ရှေ့ကို နည်းနည်းလေးမှ ထွက်မလာတော့ဘူး။
"ဝီး"
ခုန်ပြီ၊ ဆံပင်ဖားလျားကြီးနဲ့ မဖဲဝါကြီး လေထဲကို
ခုန်တက်သွားပြီဗျို့။ ဟော အောက်ကို ပြန်ကျလာပြီ။
ကဝေရဲ့ ကျောပေါ်ကို မဖဲဝါရဲ့ လက်ဝါးကြီး ကျသွားပြီ။
ကဝေ ကျောကြီး ကော့တက်သွားပြီဗျို့။ဒါပေမယ့်
လဲကျမသွားဘူးဗျ။ သူ့ပညာအဆင့်က နည်းနည်း
နောနောတော့ မဟုတ်ဘူးဗျို့။
"ဘုန်း"
ထပ်ရိုက်ပြီ။ မဖဲဝါက နောက်တစ်ချက် ထပ်ရိုက်တယ်
ဟော ကျောကြီး ကော့တက်သွားပြန်ပြီ။ဒါပေမဲ့
လဲကျမသွားဘူးဗျ။ မဖဲဝါ နောက်ကို ခုန်ဆုတ်သွားပြီ။
ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ မဖဲဝါရဲ့ လက်ဝါးစာ
မိလို့ကတော့ ဘယ်သူမှ အသက်မရှင်နိုင်ဘူးလေဗျာ
ခုတော့ မဖဲဝါ လက်လျော့သွားပြီဗျ၊
ဒါမျိုး ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်
မဖဲဝါက သူ့အစ်ကို ကွင်းပိုင်ကို
တစ်ချက် လှမ်းကြည့်တယ်။
ကွင်းပိုင်ကြီးကလည်း မဖဲဝါကို
တစ်ချက် လှမ်းကြည့်ပြီး ခေါင်းညိတ်ပြတယ်။
ဟာ…ပြေးလာပြီ။ ကွင်းပိုင်ကြီး ပြေးလာပြီဗျို့
ထန်းပင်လုံးလောက်ရှိတဲ့ ခြေသလုံးကြီးနဲ့၊
စကောလောက်ရှိတဲ့ ခြေဖဝါးကြီးတွေနဲ့
ပြေးလာတာဗျ။ လက်မောင်းအိုးကြီးတွေက
ထန်းပင်အရင်းပိုင်းလောက်ကြီးကို ရှိတာဗျ။
ဟာ…ကဝေကို လှမ်းဆွဲလိုက်ပြီဗျို့။ ဘာစက်မှ
ထုတ်လို့ ထွက်မလာတော့ဘဲ ကဝေကို
သူ့လက်ကြီးနဲ့ လှမ်းဆွဲလိုက်တာဗျာ။
ကဝေကို ခြေထောက်က တစ်ဖက်၊
ခေါင်းက တစ်ဖက်ကိုင်ပြီး စွေ့ကနဲ မ,ယူသွားပြီဗျို့။
အပိုင်း(၇)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment