ကွင်းပိုင်နှမ မဖဲဝါ ၊ အပိုင်း(၃)
ဟာ ကြိမ်းမောင်းတဲ့ အသံကြီးနဲ့ အော်သံကြီးဗျ။
အော်သံက မဖဲဝါအသံဗျ။ မဖဲဝါရဲ့ မချိမဆံ့
ခံစားပြီး အော်တဲ့အသံ ။ ကျုပ်သိပြီ။
မဖဲဝါကို ရန်သူ ဖမ်းထားပြီဗျ။ ခက်တာက
မဖဲဝါကိုရော သူ့ကို ဖမ်းထားတဲ့ ရန်သူကိုရော
ကျုပ် မတွေ့ရဘူးဗျ။ ဒါပေမဲ့ နေရာတော့
ကျုပ် သိပြီ၊ ဟောဒီ ရှေးဟောင်းဂူကြီးထဲမှာပဲဗျ
"ဝူး ဝူး ဝူး ဝူး ဝူး အိ အိ အိ အိ"
ကျုပ် လန့်နိုးသွားတယ်။ ခွေးအူသံကြီး
နားထဲဝင်လာလို့ နိုးသွားတာဗျို့။
ကျုပ်နိုးသွားတော့ တွေးနေမိတာ။ ဒီခွေးအူသံက
အပြင်မှာ ကြားတာလား၊ အိပ်မက်ထဲမှာ
ကြားတာလားလို့ပေါ့ဗျာ။
"ခွေးကြီးတစ်ကောင်ကလည်း ဆွဲဆွဲငင်ငင်
အူလိုက်တာတော်၊ ဘာတွေများ ဖြစ်နေလို့တုံး
မသိဘူး ကိုဥာဏ်ရေ "
အမေနဲ့ အဘ စကားပြောသံ ကြားတော့မှ
ခွေးအူသံကို အိပ်မက်ထဲမှာ ကြားတာမဟုတ်ဘဲ
အပြင်မှာ တကယ်ကြားမှန်းသိလိုက်ရတယ်
ခဏနေတော့ အဘရဲ့ဟောက်သံ ထွက်လာတယ်
အမေလည်း တရှူးရှူးနဲ့ အိပ်ပျော်သွားတယ်
ကျုပ်လည်း မျက်စိတွေ လေးလာရောဗျ။
လေတွေ တဝူးဝူးတိုက်နေတဲ့ အသံကို
ကြားနေရတယ်။ ဘာမှမြင်ရတာ မဟုတ်ဘူး။
အသံပဲ ကြားရတာ၊ အဲဒီလေတိုက်တဲ့ အသံထဲမှာ
အသံတစ်ခုရောပြီး ပါလာတယ်၊ အမှတ်တမဲ့
ဆိုရင်တော့ ကြားစရာမရှိဘူး။ ကျုပ်က
သေသေချာချာ နားထောင်လို့သာ
ကြားရတာ။
"တာတေ၊ ငါ့ကို ရန်သူဖမ်းထားတယ်၊ရန်သူက
ကဝေတစ်ယောက်ပဲ၊ ဒါပေမဲ့ ဒီကောင်က
သိုက်ဆရာကဝေဟဲ့၊ ပြဿဒ်ဂူဟောင်းကြီးထဲမှာ
မြို့စားကြီး ဦးဒိဗ္ဗ မြှုပ်ထားတဲ့ ရွှေတွေ
ငွေတွေ ရတနာတွေ ရှိတယ်၊ သင်္ချိုင်းသိုက်ကြီးမို့လို့
ငါစောင့်ရတာ။ အခု ရန်သူက ငါ့ကို ဖမ်းထားပြီး
ညှင်းဆဲနေတယ်၊ သိုက်ဖွင့်ပေးဖို့ ပြောနေတယ်
ဒီလောက်လုံခြုံတဲ့သိုက်ကို ဒီကဝေက ဘယ်က
သိုက်စာရလို့ လာတူးတာတုံး မသိဘူး၊
ငါ့အစ်ကို ကွင်းပိုင်ကြီးက ငါ့ကို အမြဲ
ကြည့်နေတာ ၊ အခု ငါ ပျောက်သွားလို့
လိုက်ရှာနေတယ်၊ နင့်ဆီမှာ ငါ့ကိုယ်ပွားအရုပ်
ရှိနေတာကို နင်တို့ ရွာထဲမှာ ငါ့ကို
ဖမ်းထားတယ် ထင်ပြီး နင်တို့ရွာကို
ငါ့အစ်ကို ကွင်းပိုင်ကြီးက လာပြီး
စောင့်ကြည့်နေတယ်။နက်ဖြန်လကွယ်ည
သန်းခေါင်မှာ ငါ့အစ်ကို နင်တို့ ရွာပြင်မှာ
ရှိလိမ့်မယ် ။ ငါ့ကိုယ်ပွားရုပ်ကို ပြပြီး
ငါ့အစ်ကိုကို နင်ခေါ်လာခဲ့၊ ပြီးတော့
ပြဿဒ်ဂူကို လက်ညှိုးထိုးပြလိုက်။
ပြီးရင် ဆရာကြီးတွေ ပေးထားတဲ့
သိုက်ဖော်ဆေးလုံးနဲ့ ပြဿဒ်ဂူကြီးကို
ပေါက်လိုက်။ မြို့စားကြီးရဲ့ ဥစ္စာသိုက်ရော
ငါရော ပေါ်လာလိမ့်မယ်၊ ဒီတော့မှ
သိုက်ဆရာ ကဝေကို နင်တို့ တွေ့ရလိမ့်မယ်"
"ဟဲ့ တာတေ ၊ မထသေးဘူးလား ၊
ဒီမှာ ကျောက်ခဲတောင် ရောက်လို့ "
ဒီတော့မှပဲ ကျုပ်နိုးသွားတာဗျို့။
မျက်စိဖွင့်ကြည့်လိုက်တော့ မိုးတောင်လင်းနေမှကိုး။
ကျောက်ခဲက အိမ်ရှေ့က တန်းလျားခုံလေးမှာ
တင်ပလ္လင်ခွေပြီး ထိုင်လို့ဗျ။
"ဟာ ကျောက်ခဲ စောစောစီးစီးပါလားကွ၊
တစ်ခုခုတော့ ထူးပြီးထင်တယ် "
"ကိုကြီးတာတေရေ၊ တစ်ခုခုတောင်မကဘူး။
နှစ်ခုခုဗျို့။ နှစ်ခုခု"
"ဟေ…ပြောပါဦးကွ ကျောက်ခဲရ"
ကျုပ်က အိပ်ရာသိမ်းရင် ကျောက်ခဲကို မေးလိုက်တယ်
"မနေ့က တွေ့တဲ့ ခြေရာကြီးတွေ ဒီမနက်
အများကြီးကို တွေ့တာဗျို့"
"ဟေ ဟုတ်လား ဘယ်နေရာမှာ တွေ့ပြန်တာတုံးကွ "
"ဟာ ကိုကြီးတာတေကလည်း ကျုပ်တို့ရွာကို
ပတ်နေတာဗျ၊ ကြည့်ရတာ တစ်ညလုံး ပတ်နေတဲ့ပုံဗျို့ "
ကျုပ် ကျောက်ခဲနဲ့ ချက်ချင်းထလိုက်ပြီး ခြေရာကြီးတွေကို
ကြည့်တယ် ။ ဟာ ….ဟုတ်ပါ့ဗျာ ၊ နည်းတဲ့ ခြေရာကြီးမှ
မဟုတ်တာ။ ကျုပ်တို့ ရွာကို တစ်ညလုံး ပတ်နေတာ
သေချာတယ်ဗျ။
"ဟင်….ဟိုမှာ ခွေးနှစ်ကောင် သေနေပါလား ကျောက်ခဲရ "
"ဟုတ်တယ်ဗျ ကိုကြီးတာတေ ရွာလယ်ပိုင်းက
ကိုဘအုန်းကြီး ကိုင်ကြည့်တာတော့ အရိုးတွေ
အပိုင်းပိုင်းကျိုးနေတယ်တဲ့ဗျ။ သူ့ကိုဟောင်လို့
ခြေထောက်နဲ့ ကန်ပစ်ခဲ့တာ ဖြစ်မယ်ဗျ"
ဒါဟာ ဘယ်သူ့ခြေရာဆိုတာ ကျုပ်ကတော့ သိနေတာပေါ့ဗျာ။
ညက အိပ်မက်ထဲမှာ ကျုပ်ကို မဖဲဝါ ပြောလိုက်တာပဲ။
မဖဲဝါကို ကျုပ်က အသံပဲ ကြားရတာ။ လေတိုးသံနဲ့
ရောပါလာတဲ့အသံကို မနည်းနားထောင်ယူရတာ။
သူ့ရုပ်ကို တော်တော်ကို အဆင့်မြင့်တဲ့ပုံပဲဗျ။
သိုက်ဆရာဆိုတဲ့ ကဝေကောင်က သူ့ကိုယ်သူလည်း
ရုပ်ဖျောက်ထားလို့ ရတယ်ထင်တယ်ဗျ။ ဒါကြောင့်
မဖဲဝါက 'သိုက်ဖော်ဆေး"ပေါက်ခိုင်းတာ၊ သိုက်ဖော်ဆေး
ပေါက်လိုက်ရင် ဒီကဝေ ကိုယ်ရောင်ဖျောက်ထားလို့
မရဘူးဗျ။ ဒီလိုကဝေမျိုး ကျုပ် တစ်ခါမှကို
မကြားဖူးဘူးဗျို့။ သိုက်တူးတဲ့ ကဝေဆိုတာလည်း
ဒီတစ်ခါပဲ ကြားဖူးတာ၊ ပြီးတော့ သူတူးတဲ့သိုက်က
ဘုရားသိုက်တွေ ဘာတွေတော့ မဟုတ်ဘူးဗျ။
ပုဂ္ဂလိကသိုက်ကို တူးတဲ့လူဗျ။ အခု ဒီလူ
မဖဲဝါကို ဖမ်းချုပ်ပြီး ဝှက်ထားလိုက်တယ်
သူ့ကိုယ်သူလည်း ကိုယ်ဖျောက်ထားတယ်
မဖဲဝါကို မျက်ခြည်မပြတ် ကြည့်နေတဲ့ သူ့အစ်ကို
ကွင်းပိုင်ကြီးက မဖဲဝါ ပျောက်သွားလို့ လိုက်ရှာနေတယ်
ကျုပ်ဆီမှာရှိတဲ့ မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးမှာ
မဖဲဝါရဲ့ ဝိညာဉ် တွယ်နေတာဆိုတော့ ကွင်းပိုင်ကြီးက
သူ့ညီမ မဖဲဝါကို ကျုပ်တို့ရွာထဲမှာ ဖမ်းထားတယ်
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment