မျောက်တစ်ရာရွာ ၊ အပိုင်း(၄)
" သူတို့ကို ရှာမနေပါနဲ့။ သင်ပြန်မယ့် လမ်းကို ကျွန်ုပ်ပြပါမယ်။ တစ်ခုရှိတာက ဒီကနေ ထွက်ပြီဆိုတာနဲ့ သင်အနောက်ကို လုံး၀လှည့်မကြည့်ပါနဲ့။ မုဒ်၀ကနေ လွတ်ပြီဆိုတာနဲ့ အရှေ့ဘက်စူးစူးကိုသာ သင်သွားပါ။ မကြာခင် သင့်အိမ်ကို ရောက်ပါလိမ့်မယ်..."
" ကျေး...ကျေးဇူးတင်ပါတယ်..."
" ရပါတယ်။ ကျွန်ုပ်တို့က ကျေးဇူးဆပ်တာမို့ သင်ကျေးဇူးတင်စရာမလိုပါဘူး။ သင် အမြန်ဆုံးသွားပါတော့။ တော်နေလို့ အချိန်လွန်သွားရင် ပြန်မရဘဲ နေပါလိမ့်မယ်..."
" ဟုတ်...ဟုတ်...သွားပါပြီဗျာ..."
မောင်မှတ်လည်း အထိတ်တလန့်ဖြစ်ပြီး မျောက်ကြီး ညွှန်ပြရာလမ်းဆီကို အပြေးလှမ်းလိုက်တယ်။
" အနောက်ကို လုံး၀လှည့်မကြည့်ပါနဲ့..."
မျောက်ကြီးရဲ့ အသံကို ကြားပေမယ့် မောင်မှတ် လှည့်မကြည့်ရဲပါ။ အိမ်မပြန်ရရင်ဆိုတဲ့ အတွေးနဲ့ပဲ အရှေ့ကိုသာ အားစိုက်ပြီး အတင်းပြေးမိတော့တယ်။
*
လက်ထဲက အိုးလေးကို ကျစ်နေအောင်ပိုက်ပြီး အချိန်အတော်ကြာ မောင်မှတ်ပြေးနေမိခဲ့တယ်။
ခန့်မှန်းချေ တစ်နာရီသာသာခန့်မှာတော့ တောစပ်ကို ရောက်ခဲ့ပြီး သူနေထိုင်ရာ ရွာကလေးကို လှမ်းတွေရတယ်။ အချိန်က ဆွမ်းခံ၀င်ချိန်လောက်ပဲ ရှိဦးမယ်။
မောင်မှတ်လည်း ၀မ်းသာအားရနဲ့ ရွာအပြင်ကနေပတ်ပြီး အိမ်ဆီကို အားသွန်ခွန်စိုက်ဆက်ပြေးလာခဲ့တယ်။
အိမ်ဆီရောက်တော့ သူ့ခြံ၀န်းထဲမှာ များပြားလှတဲ့ လူတစ်ချို့ ၀င်ထွက်သွားလာနေတာကို မောင်မှတ်မြင်ိလုက်ရတယ်။ မိခင်များ တစ်စုံတစ်ခုဖြစ်သလားလို့ မောင်မှတ်စိုးရိမ်မိသွားတယ်။
" အမေ...အမေ..."
စိုးရိမ်တကြီးနဲ့ အော်ဟစ်ရင်း မောင်မှတ် ခြံထဲကို ပြေး၀င်လာခဲ့တယ်။ သူ့ကို မြင်တော့ ခြံ၀န်းထဲက လူတွေအားလုံး ရုတ်ရုတ်သည်းသည်းဖြစ်ကုန်တယ်။
" မောင်မှတ်...မောင်မှတ် ပြန်ရောက်လာပြီဟေ့..."
လူတချို့က ၀မ်းသာအားရနဲ့ အော်ဟစ်ကြပြီး မောင်မှတ် ဆီလှမ်းလာကြတယ်။
" အမေ...အမေကော...လူတွေအများကြီးပဲ အမေဘာဖြစ်တာလဲ..."
မောင်မှတ်က စိုးရိမ်တကြီး မေးလိုက်တယ်။ အဲ့ဒီ့အချိန်မှာပဲ အိမ်ပေါ်ဆီက သူ့အမေက မျက်ရည်စက်လက်နဲ့ ပြေးဆင်းလာတယ်။
"သား...အမေ့သားလေး။ မင်း...မင်း...မသေဘူးနော်..."
အမေဖြစ်သူက ပြောရင်းနဲ့ မောင်မှတ်ကို ပြေးဖက်လာတယ်။
" ငါ့...ငါ့သားလေး မသေဘူး။ ၀မ်းသာလိုက်တာ...၀မ်းသာလိုက်တာ......အီး...ဟီး...ဟီး..."
ပြောပြောပြီး ဖက်ကာ ငိုနေတဲ့ မိခင်ကြောင့် မောင်မှတ် ဖြစ်စဉ်ကို နားမလည်နိုင်ဖြစ်ရတယ်။
" အမေ...အမေ...ဘာဖြစ်တာလဲ ကျုပ်ကိုလည်း ရှင်းပြပါဦး..."
မောင်မှတ်ကမေးတယ်။ မိခင်ဖြစ်သူက ၀မ်းသာလုံးဆို့နေလို့ မရှင်းပြနိုင်သေးဘူး။ ဘေးက လူတွေက...
" မင်း...ရွာကနေ ရုတ်တရက်ပျောက်သွားတာ တစ်ပတ်တိတိရှိသွားပြီကွ..."
" ဗျာ..."
" ဟုတ်တယ်။ ငါတို့လည်း မင်းကို တောလိုက်သွားရင်း အန္တရာယ်ကြုံပြီထင်ပြီး နေ့တိုင်း တောနင်းရှာနေတာ။ အလောင်းမတွေ့သေးတော့ မင်းအမေကို သနားတာနဲ့ ရှာတာကို မရပ်နိုင်ဘဲ ဒီနေ့အထိ ဆက်ရှာနေကြတာပေါ့..."
" ကျုပ်...ကျုပ်သွားတဲ့ တစ်ခဏလေးက အဲ့ဒီ့လောက်တောင် ကြာသွားတာလား"
မောင်မှတ် တအံ့တသြပြန်မေးမိတယ်။ ကြားရတဲ့သူတွေကလည်း မောင်မှတ်စကားကြောင့် မင်သက်ကုန်ကြတယ်။
အသက်အရွယ်ကြီးတဲ့ အဘိုးအိုတစ်ယောက်က
" ကဲ...ကဲ...အားလုံးပဲ ကလေးကို အိမ်ထဲခေါ်ကြတော့။ စိန်ခင်...နင်ကလည်း ငိုမနေနဲ့တော့။ ဒီကလေး တစ်ခုခုထူးဆန်းတာ ကြုံလာပြီ။ သူဘာဖြစ်လာသလဲ မေးကြည့်စမ်းချေဦး..."
အကုန်လုံး သိချင်စိတ်ကြောင့် ပြာပြာသလဲ ဖြစ်ကုန်ပြီး မောင်မှတ်ကို အိမ်ဆီခေါ်ကြတယ်။ ပြီးတော့...ဖြစ်စဉ်ကို မောင်မှတ်က အစ၊ အဆုံး ပြန်ပြောပြခဲ့တယ်။
အားလုံး မောင်မှတ်ပြောတာကို နားထောင်ပြီး အံ့အားသင့်ကြတယ်။ အချို့ကတော့ မယုံသင်္ကာအနည်းငယ်ဖြစ်ကြတယ်။ ဒါပေမယ့် မောင်မှတ်လက်ထဲမှာ အိုးလေးက သက်သေအဖြစ်ပါနေခဲ့တော့ ဆက်လက်ပြီး စပ်စုဖို့အတွက် အိုးကို ဖွင့်ဖို့ တောင်းဆိုကြတယ်။
မောင်မှတ်လည်း အိုးလေးကို လူအများရှေ့မှာပဲ ဖွင့်ချပြလိုက်တယ်။
" အိုး...တကယ့်ရတနာတွေပါလား..."
" အများကြီးပဲ..."
" ဟုတ်ပါ့ အိုးအပြည့်ပဲ..."
" မောင်မှတ်တို့တော့ ချမ်းသာပြီဟေ့..."
တစ်ယောက်တစ်ပေါက် ရေရွတ်သံတွေက စီညံထွက်လာတယ်။ အိုးထဲမှာတော့ ပြည့်ကျက်သိပ်နေတဲ့ အမျိုးစုံသော အဖိုးထိုက်ရတနာများ။
*
အဲ့ဒီ့နေ့ကနေစပြီး မောင်မှတ်တို့သားအမိ ချမ်းသာခဲ့တယ်။ ကြားထဲမှာ ထူးဆန်းတာတွေလည်းဖြစ်ခဲ့ပြန်သေးတယ်။
အဲ့ဒါကတော့...။
သူတိူ့ လူချမ်းသာဖြစ်ပြီး သိပ်မကြာခင်မှာ ရတနာတွေအထဲက တချို့ကို သူခိုးခိုးတာ ခံခဲ့ရတယ်။
ဒါပေမယ့် နောက်တစ်နေ့ နံနက်မှာပဲ သူခိုးက အဲ့ဒီ့ရတနာတွေကို ပြန်လာထားတုန်းဖမ်းမိခဲ့တယ်။ ခိုးပြီးမှ ဘာကြောင့် ပြန်လာထားရသလဲလို့ မေးကြည့်တော့ သူခိုးက...
အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment