"တိုက်အိုကြီးထဲက တစ္ဆေ" အပိုင်း(၃)
ဘုန်းကြီးကျောင်းကို ရောက်လာတော့ ရွာလူကြီး၏ အာမခံမှုကြောင့် ကျောင်းတိုင်ဘုန်းကြီးလည်း ထွေထွေထူးထူး ထပ်မမေးတော့ပဲ ကျောင်းရဲ့ အနောက်ဘက်နားက တိုက်တစ်တိုက်မှာ နေရာချထားပေးခဲ့သည်။ ထိုထိုက်လေးကတော့ တစ်ထပ်ဖြစ်ပြီး ကျောင်းရဲ့ ဘာအတွက် သုံးတာလည်းတော့ သူတိုတွေ မသိ။ မစပ်စုတာလည်း ပါသည်။ တိုက်အဆောင်ကြီးကတော့ အနည်းငယ် ဟောင်းနွမ်းစ ပြုနေပြီ။ အထဲမှာတော့ မှောင်မဲနေသည့်အတွက် ဘုန်းကြီးပေးသည့် မုန့်ကြိုးလိမ် ခေါ် မီးသီးကွေး တစ်လုံး ထွန်းလိုက်မှသာ အနည်းငယ်တော့ အလင်းရောင် ရလာခဲ့သည်။ တိုက်အတွင်းမှာတော့ လေးငါးလုံးခန့် ရှိတဲ့ ကုတင်တွေက နံရံတစ်ဖက်ကို စုကာ အစီအရီထတာကို တွေ့ရသည်။ ကျန်တာတော့ ဘာမှမရှိပေ။ အခန်းအကျယ်ကတော့ အလျားပေ ၃၀, အနံ ၁၆ ပေ လောက်တော့ ရှိမည်။ သူတိုမှာ ခြင်ထောင် စောင် ခေါင်းအုံးတွေတော့မပါလာခဲ့။ ဘုန်းကြီးကျောင်းကတော့ ခေါင်းအုံးသုံးလုံးနှင့် စောင်သုံးထည်ပေး၍ အဆင်တော့ ပြေသွားခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သည်လို အိပ်စရာနေရာတစ်ခု ရတာကပဲ တော်ရော့သည်။ မဟုတ်ရင် ဘယ်လိုနေရာမှာ ဘယ်လိုပင် နေရမည် မသိ။
ညနေစောင်းလေးမှာတော့ သူတိုတွေလည်း ခဏတဖြုတ်နားပြီး ရေမိုးချိုးကာ အပြင်ထွက်လာခဲ့ကြသည်။ ပြီးနောက် ရွာထိပ်အထွက် တော်တော်လေးသွားလိုက်တော့ ထမင်းဆိုင် မုန့်ဆိုင်တွေ ရှိသည့် စျေးတန်လေးတစ်ခုကို တွေ့လိုက်တော့သည်။ ဒီတော့လည်း သူတိုတွေ ထမင်းစားလိုက်ကြသည်။ ပြီးတော့ စည်သူမျိုးက ကိုရီးယားအကင် တုတ်ထိုး စားချင်သည် ဆို၍ တော်တော်များများ ဝယ်လာခဲ့ကြသေးသည်။ စည်သူမျိုးက ဒီလို အကင်ဆိုရင် အတော်လေးကြိုက်သူပင်။ တစ်ထိုင်ထဲဖြင့် အဝပြဲ စားလေ့ရှိသူတစ်ယောက်။ အခုတော့ ထမင်းစားပြီးပြီးချင်း ဖြစ်၍ အေးအေးဆေးဆေး နားပြီးမှ စားမယ်ဆိုတဲ့ အကြံနဲ့ ဝယ်လာခြင်းပင်။ ထိုအကင်တွေက သူတိုကို ကြောက်လန့်အောင် ဒုက္ခပေးမည်ဖြစ်ကြောင်းတော့ ကြိုတင်၍ မသိခဲ့ပါချေ။
ည ရှစ်နာရီခွဲလောက်မှာတော့ သူတိုလည်း အဆောင်ကို ပြန်ရောက်ကြလေပြီ။ ထိုနောက်မှာတော့ လုပ်စရာရှိသည့် စာရင်းဇယားတွေကို စုလုပ်လိုက်ကြရာ ကိုးနာရီခွဲခါနီးလောက်မှ လက်စသတ်ခဲ့လေသည်။ ထိုအချိန်မှာတော့ ဘုန်းကြီးကျောင်းတစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်စ ပြုနေလေပြီ။ စည်သူမျိုးလည်း ဒီအခါမှ အကင်ထုတ်ကို သတိရမိတော့သည်။ ဒါပေမဲ့ မစားဖြစ်ပေတော့။ ဗိုက်ကလည်းတင်းပြီး သိပ်ပြီးမကောင်းချင်တော့ မစားဖြစ်တော့။ ဒါ့ကြောင့် ဆာမှစားတော့မယ်ဆိုပြီး သူတိုအိပ်တဲ့ ကုတင်ဘေးရဲ့ တခြားကုတင်တစ်လုံးပေါ်ကို တင်ထားလိုက်သည်။ အကင်ရဲ့ မွှေးရနံ့ကတော့ ယခုထိတိုင် အနည်းငယ်ရနေသေးသည်။ သိပ်မကြာခင်မှာပဲ စကားတပြောပြော ဖြစ်နေတဲ့ သူတိုလည်း မျက်လုံးတွေ မှေးစင်းလာကာ အိပ်ပျော်သွားကြတော့သည်။
.......... ..........
နားထဲမှာ ချိုးချိုးချွတ်ချွတ် အသံများကြောင့် မင်းရဝေလည်း ရုတ်တရက် ဖျပ်ခနဲပင် လန့်နိုးလာခဲ့သည်။ ဒီတော့ ထမထိုင်သေးပဲ ဘာများလည်း ဆိုတဲ့စိတ်နဲ့ ခေါင်းကိုပဲ ငဲ့စောင်းကာ ဟိုကြည့်ဒီကြည့် လိုက်ကြည့်လိုက်မိသည်။ ဘာမှတော့ ထူးခြားတာမတွေ့။ စိတ်က အိပ်ချင်နေတာလည်း ပါတော့ ထလည်း မကြည့်ဖြစ်တော့။ ကြားနေရသည့် အသံက တစ်ခုခုကို တစ်စုံတစ်ဦးက ဆွဲယူနေသည့် အသံမျိုး။ အတွေးထဲ ရောက်လာသည်က စည်သူမျိုး ဝယ်လာသည့် အကင်ထုတ်။ ဧကနတော့ ကြွက်လာဆွဲတာပဲ ဖြစ်မည်ဟု တွေးပြီး အိပ်ချင်မူးတူးဖြင့် စည်သူမျိုးကို နှိးလိုက်သည်။
"ဟေ့ကောင် စည်သူမျိုး.. ထစမ်းပါအုန်းကွ ဟိုမှာ မင်း အကင်ထုတ်ကို ကြွက်ဆွဲနေတာလား မသိဘူး တချွတ်ချွတ်နဲ့ ကြားနေရတယ်"
နှစ်ခါ သုံးခါလောက် အတင်းနှိးလိုက်တော့မှ စည်သူမျိုးက နိုးလာပြီး အိပ်မှုစုံးမွှားနဲ့ ဟိုကြည့်ဒီကြည့် ကြည့်လိုက်ပြီး အထိတ်တလန့်ဖြင့် ပြောလိုက်သည်။
"ဟာ.. ဟုတ်ပါရဲ့ အစက ငါထားထားတာ ကုတင်ထောင့်မှာပါ.. အခု ဘယ်လို ကုတင် တခြားဘက်ကို ရောက်နေတာလဲ မသိဘူး"
စည်သူမျိုးလည်း ရုတ်တရက်တော့ အံ့ဩမိသွားသည်။ ပထမ အကင်ထုတ်ကို သူထားတုန်းက ကုတင်ရဲ့ သူတိုရှိနေသည့် ဘက်အခြမ်းမှာပင်။ အခုတော့ ကုတင်ရဲ့ ဟိုဘက်အခြမ်းကို ရောက်နေပြီ။ ဒါဆိုကြွက်တွေပေါ့။ တော်တော်သောင်းကျန်းတဲ့ ကြွက်နာတွေပဲ ဟု စိတ်ထဲမှ ကျိန်ဆဲရင်း အကင်ထုတ်ကို ပြန်ယူလိုက်တော့သည်။ ကြွက်ဆွဲသွားပေမဲ့ အထုတ်ကတော့ မဖောက်ရသေးပေ။ အကောင်းအတိုင်းပင်။ သူကလည်း ဒီလိုအကင်ကို ကြိုက်တော့ ဒီအတိုင်းတော့ အပါမခံနိုင်ခဲ့။ သူ့ရဲ့အနားမှာ ထားကာ ပြန်အိပ်လိုက်တော့သည်။
အပိုင်း(၄)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်
Comments
Post a Comment