ဝါးအမြုတေ အပိုင်း(၃)
“ဝါးအမြုတေကလေ လူလိုပဲ အဲ့ဒီဝါးလုံးက စကားပြောတယ်။ သီချင်းဆိုတယ်၊ ရယ်တယ်။ တခါတလေလဲ လူအများကြီးစကားပြောသလိုလုပ်တတ်တယ်။ အဲဒါဆိုရင် အဲဒီဝါးရုံကို သေချာကြည့်။ အဲဒီဝါးရုံမှာ ဝါးတစ်ချောင်းလုံ းအနက်ရောက်ဖြစ်နေတဲ့ ဝါးလုံးတွေ့ရင် အဲ့ဝါးလုံးထဲမှာ ဝါးအမြုတေရှိတယ်။”
“အဖေက တွေ့ဖူးလို့လား အဖေရဲ့” သက်စိုးကမေးသည်။
“ငါတော့ မတွေ့ဖူးဘူး ငါ့သူငယ်ချင်းရဲ့ အသိတစ်ယောက် စစ်ကိုင်းတိုင်းမှာ တစ်ခါတွေ့တယ်ပြောတာပဲ” ကိုခင်မောင်စိုးကပြောသည်။
“အဲဒါက ဘာအသုံးကျလို့လဲ အဖေရဲ့” သက်စိုးကမေးလိုက်သည်။
“ဝါး အမြုတေက လူကိုတော့ အန္တရာယ်မပြုတတ်ဘူး။ သူက ရောဂါတော်တော်များများကို ပျောက်တယ်။ လေနဲ့ပက်သတ်တာ လေဖြတ်တာ၊ လေဖြန်းတာဆို အမြုတေနဲ့ပွတ်ရင် ချက်ခြင်း လမ်းထလျှောက်နိုင်တယ်။ ဝါးအမြုတေကို ဆောင်တဲ့လူဟာ အသက်ရှည်တယ်လို့ ကြားဖူးတယ်။ တရုတ်တွေအရမ်းဝယ်တယ် အရင်ကတောင် သိန်း၂၀၀ ပေးဝယ်သွားသတဲ့” ကိုခင်မောင်စိုးကပြောသည်။
ယခုလဲ သက်စိုး ကိုယ်တွေ့ကြုံနေရပြီ။ ငွေမျက်နှာကြောင့် သက်စိုးမကြောက်တော့။ ရဲဆေးတင်လိုက်သည်။ ထို့နောက် ထိုဝါးရုံပင်ကို ပြုးပြဲပြိးရှာကြည့်သည်။ သိပ်မရှာလိုက်ရ။ မျှစ်ရှာသောမျက်လုံးတွေမို့လားတော့ မပြောတတ်။ ဝါးတစ်လုံးတွေ့သည်။ ထိုဝါးပိုးဝါးလုံးကြီးမှာ မီးလောင်ထားသကဲ့သို့၊ ရေနံချေး လေးငါးထပ်ရိုက်ထားသကဲ့သို့ မဲနက်နေသည်။ အပေါ်ပိုင်းတွေတော့ သိပ်မမဲ။ အောက်အရင်းပိုင်းမှာ ပိုမဲသည်။ အသံမှာလဲ ထိုထဲမှနေ၍ ဟိန်းသံဖြင့်ထွက်နေသည်။
သက်စိုးလဲ မစဉ်းစားတော့ဘဲ ဓါးမဖြင့် အမြန်ပြေး၍ ထိုဝါးပိုးဝါးကြီးကို အရင်းမှ ခုတ်ဖြတ်လိုက်သည်။ ထို့နောက် အဖျားပိုင်းကို ခုတ်ဖြတ်လိုက်သည်။ အလယ်တွင် ဝါးဆစ် လေးငါးဆဝ်ခန့်ရှိသည်။ သက်စိုးလဲ သိချင်သဖြင့် ဝါးလုံးကို အမြန်ခွဲကြည့်လိုက်သည်။ ဝါးလုံးမှာ အသံမထွက်တော့။ ဝါးလုံးအဆစ်တစ်ခုတွင် ဘဲဥပုံ ကျောက်စရစ်ခဲလိုမျိုး အဖြူလုံးလေးတစ်လုံးတွေ့သည်။ သက်စိုးလဲ ပုဆိုးခါးပုံစတွင်ထည့်၍ သေချာကျစ်နေအောင်လိပ်လိုက်သည်။
ထိုစဉ် ဝါးရုံပင်ကြီးများမှ ဝါးလုံးကြီးများသည် အချင်းချင်း တဖြောင်းဖြောင်းမည်ကာ ရိုက်ခတ်ကြသည်။ ထို့နောက်ဝါးလုံးကြီးများ အတုံးအရုန်း လဲကျကုန်သည်။ သက်စိုးလဲ ထိုနေရာမှ သုတ်ခြေတင်ပြေးခဲ့လေသည်။
“အို အို အို အို တစ်ရံတစ်ခါဆီက ပုဂံရာဇဝင် ချစ်ဇတ်လမ်းမှာ မှတ်တမ်းတင်ခဲ့၊ မင်းကျန်စစ် နှလုံးသားဝေဒနာ”
မအေးဘုံက ပိုးအိစံသီချင်းကို ပါးစပ်မှ တိုးတိုးလေးညည်းနေသည်။ အချိန် နှစ်နာရီခန့်ရှိပြီဖြစ်သဖြင့် မျှစ်၅ပိဿခန့်ရနေပြီဖြစ်သည်။ တောတောင်ထဲတွင် သီချင်းမဆိုရ ဆိုသော်လည်း ယခုကဲ့သို့ တစ်ယောက်ထဲ မျှစ်ခူးရသည်မှာ အလွန်ပျင်းရိဖွယ်ကောင်းသည်မို့ သီချင်းလေးတညည်းညည်းဖြင့် အလုပ်ကိုအေးအေးဆေးဆေးလုပ်ကိုင်နေသည်။
မျှစ်ခူးသည့်လုပ်ငန်းမှာလဲ သူ့တစ်သက်လုံးနီးပါးလုပ်လာခဲ့သည်မို့ လက်ကသွက်လွန်းလှသည်။ မျက်စိကလဲ မျှစ်တခုပြီးလျှင် နောက်တစ်ခုကို အော်တိုရှာနေသည်။
အချိန်သုံးနာရီခန့်ကြာသွားသော် မျှစ် ၁၀ ပိဿနီးပါးရနေပြီဖြစ်သည်။ ကိုခင်မောင်စိုးတို့ သားအဖပြန်လာသင့်ပြီ၊ မျှစ်တွေကတော့ ပေါပါဘိ။ သို့သော် ကိုယ်သယ်နိုင်သလောက်သာခူးရသည်။ အများကြီးခူးပြီး မသယ်နိုင်လျှင် မျှစ်တွေ အလကား ဖြစ်ကုန်မည် မဟုတ်လား။ မအေးဘုံ ရေသောက်ရင်း စောင့်နေသည်။ အချိန်နောက်ထက်နာရီဝက်ခန့်အကြာတွင် မစောင့်နိုင်တော့။ သူ့သားရှိသည့် အထက်ဘက်တောင်ကြောသို့ ဦးတည်လိုက်သည်။ မျှစ်များကို ချောင်ကျကျဝါးရုံပင်ခြေရင်းတွင် ဝါးရွက်ခြောက်များဖြင့် အုပ်ထားလိုက်သည်။
မအေးဘုံ သက်စိုးအလုပ်လုပ်နေမည်ထင်သည့် ဝါးရုံများဆီကိုရောက်တော့ ထိုနေရာတွင် ကိုခင်မောင်စိုးက ထိုင်နေသည်။
“အကို ရောက်တာကြာပြီလား သားကော” မအေးဘုံက မေးလိုက်သည်။
“ငါလဲ ခုနကမှရောက်တာ ဒီကောင်မျှစ်တွေထားပြီး ဘယ်ရောက်သွားတာလဲမသိဘူး”
“အပေါ့အလေး သွားတယ် ထင်ပါ့” မအေးဘုံက ပြောလိုက်သည်။
“အေးငါလဲ အဲ့ဒီလိုထင်လို့ ဒီကောင့်ဝါးရုံမှာ မျှစ်တွေကူခူးပေးနေတာ ခုဆို နာရီဝက်လောက်ရှိပြီ” ကိုခင်မောင်စိုးကပြောလိုက်သည်။
“ဒုက္ခပါပဲတော် ကျုပ်သားလေး တစ်ခုခုများဖြစ်နေပြီလားမသိဘူး” မအေးဘုံက ရေရွတ်လိုက်သည်။ ထိုအခါမှ ကိုခင်မောင်စိုးလဲ တွေးပူလာသည်။
“မင်းရောက်လာတာ အတော်ပဲ။ မင်းဒီမှာ စောင့်နေ ငါလိုက်ရှာလိုက်ဦးမယ်” ကိုခင်မောင်စိုးက ပြောလိုက်သည်။
“ဟင့်အင်း ကျုပ်လဲ လိုက်မယ်” မအေးဘုံကလဲ ကိုခင်မောင်စိုးနောက် ပြေးလိုက်လာသည်။ ကိုခင်မောင်စိုးက မတားတော့ပါ။
“ကြည့်စမ်း ဒီနားမှာ ခြေရာတွေ၊ ဧကန္တ စမ်းချောင်းဘက်သွားတာဖြစ်မယ်” ကိုခင်မောင်စိုးကပြောရင်း သူတို့နှစ်ဦးစလုံး စမ်းချောင်းဘက်သို့ ပြေးလိုက်လာကြသည်။
သက်စိုးတစ်ယောက် တောင်ပေါ်မှ ပြေးဆင်းလာခဲ့သည်မှာ နာရီဝက်ခန့်ကြာနေပြီဖြစ်သည်။ သို့သော် ဝါးရုံတွေက ရှုပ်ထွေးနေသည်။ ထိုစဉ် သီချင်းဆိုသံကို ကြားရပြန်သည်။ သက်စိုးလဲ သူ့ပုဆိုးခါးပုံစ အထုပ်ထဲကြည့်လိုက်သည်။
အပိုင်း(၄)ဆက်ရန်. . .
Comments
Post a Comment