စုန်းမ ၊ အပိုင်း(၅)
ကျုပ်လည်း အသံကြားတဲ့ ဝိုင်းဝကို ကြည့်လိုက်တော့
ဆင်ပေါက်နဲ့ ဝက်သိုးဗျ ။ သူတို့မှာ ကျောင်းနာမည်တွေတော့
ရှိမှာပေါ့ဗျာ။ ကျုပ်တို့ကတော့ သူတို့ရဲ့ နာမည်ပြောင်တွေပဲ
မှတ်မိနေတာလေ။
"ဟေ့ကောင်တွေ လာလေ၊ ဘယ်သွားကြမလို့တုံး၊
နေကပူရတဲ့ကြားထဲမှာ"
"ကိုကြီးတာတေဆီကိုပဲ လာတာဗျ။ ပြောစရာရှိလို့ "
"သြော် လာလေ၊ ထိုင်ကြ၊ ဝက်သိုးက ဒီဘက်မှာထိုင်၊
ကဲ ပြောပါဦး ကိစ္စကို"
ဒီကောင်တွေက ထနောင်းကုန်းမှာ နောက်လာမယ့်ကောင်တွေဗျ
အသက်ကတော့ ဆယ်ကျော်သက်အရွယ်တွေပေါ့ဗျာ။
"ဒီလိုဗျ၊ ကိုကြီးတာတေ၊ ဆရာတောက်ဆီကို ဗေဒင်သွား
မမေးဘူးလားဗျ"
"ဟာ မမေးပါဘူးကွာ၊ အဲဒါတွေ ငါက ဝါသနာမပါဘူးကွ"
"အဲဒီဆရာတောက်ဆိုတဲ့ လူကြီးက လူလိမ်ကြီးဗျ"
"ဟေ ဟုတ်ရဲ့လားကွ"
"သိပ်ဟုတ်တာပေါ့ ကိုကြီးတာတေရ၊ ဒီလူကြီးက
ဘုရားတွေ ဟန်ပြရှိခိုးနေတာဗျ၊ တကယ်ကတော့
အောက်လမ်းဆရာဗျ"
"ဟာ ဟုတ်ရဲ့လား ၊ ဝက်သိုးရဲ့ "
"ဟို တစ်နေ့က ပုဗ္ဗာရုံကျောင်းက ရေတွင်းမှာ ကျုပ်တို့
ရေချိုးနေတုန်း ကိုသောင်းတင် ဒီဆရာနဲ့ ရေလာချိုးတယ်ဗျ။
ကျုပ်က တစေ့တစောင်း ကြည့်နေတုံး သူ့ခါးက ပုဆိုးက
ရေလောင်းတဲ့ အချိန်မှာ အောက်ကို လျောသွားတယ်။
ကျုပ် ဘာမြင်တယ် ထင်တုံး၊ သူ့ခါးမှာ ဘုရားပုံတွေ
ဇောက်ထိုး ထိုးထားတယ်ဗျ"
"ဟေ မှင်ကြောင်နဲ့ ထိုးထားတာလား။
မင်းသေသေချာချာ တွေ့လို့လား ဝက်သိုး"
"တွေ့ပါဗျာ၊ ကျုပ်က ဆပ်ပြာတုံး ပြုတ်ကျချင်ယောင်
ဆောင်ပြီး အနီးကပ်ကို ကြည့်လာတာဗျ၊
တခြားဘယ်နေရာတွေမှာ ရှိသေးလည်းတော့
ကျုပ် မသိဘူး"
ကျုပ် တော်တော်အံ့သြသွားတယ်။
လူတွေ တယ်လည်း ယုတ်မာကြပါလား။
"နေဦး ကိုကြီးတာတေ၊ အခုလာတာ ဒီကိစ္စလောက်တင်
မဟုတ်ဘူးဗျ"
"ဟင် ဘာကိစ္စများ ရှိသေးတုံးဟ ၊ ဆင်ပေါက်ရ"
"ရွာရှေ့ပိုင်းက ဘွားတော်ဒေါ်မြရင်ရဲ့သမီး မပန်းရုံကို
ကိုကြီးတာတေ သိလား"
" ဟို ပန်းနွယ်ရဲ့ညီမမို့လား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟိုနေ့က မပန်းရုံက
ဆရာတောက်ဆီမှာ ဗေဒင်သွားမေးတာ။
အဲဒီက ပြန်လာကတည်းက ဂနာမငြိမ် ဖြစ်နေတာတဲ့။
အဲဒါ ဆရာတောက်က မပန်းရုံတို့ ဝိုင်းရှေ့က
ဖြတ်လျှောက်ရင်း အိမ်ထဲမှာ မပန်းရုံက ထိုင်လို့
မရတော့ဘဲ လိုက်ကြည့်တာတဲ့ဗျာ။အခုတော့
သူ့မိဘတွေက ရိပ်မိပြီး အခန်းထဲမှာ ထည့်ပြီး
လူစောင့်နဲ့ ထားရတယ်တဲ့"
"ဟာ ဒါဆိုရင် ဒီကောင်မလေးတော့
ဟိုအောက်လမ်းရဲ့ တို့ဆေးထိသွားပြီ ထင်တယ်ကွ"
"ဗျာ တို့ဆေးဟုတ်လား၊ ကိုကြီးတာတေ၊ ကျုပ်တော့
ထိုးဆေးတို့ သောက်ဆေးတို့ပဲ ကြားဖူးတာပါ"
"ဟေ့ကောင် ဝက်သိုး၊ ငါတို့ငယ်ငယ်တုန်းက
ညှော်နံ့နံရင် ရှူရတဲ့ ဆေးတို့ပတ်ဆိုတာ
မင်း မကြားဖူးဘူးလားကွ"
ဆင်ပေါက်က ခပ်တည်တည်နဲ့ ဝက်သိုးကို ဟောက်လိုက်တယ်
"ဟာ ဒီကောင်တွေ ဘာတွေလျှောက်ပြောနေတာတုံး၊
ဘယ်က ဆေးတို့ပတ်ရမှာလဲကွာ၊ အောက်လမ်းဆရာတွေ
ဖော်ထားတဲ့ဆေးကွ၊ အဲဒီဆေးနဲ့ လူကို တို့လိုက်ရင်
လူတွေက သတိအမှန် မရှိတော့ဘဲ သူတို့ ခိုင်းတဲ့အတိုင်း
အကုန်ဖြစ်ရောတဲ့ကွ။ အဲဒါကို ပြောတာ"
"သြော် အဲဒီလိုဆေးကို ပြောတာလား။
ဒါဆိုရင် ဟုတ်နိုင်တာပေါ့ဗျ"
ကျုပ် ဘာလုပ်ရင်ကောင်းမလဲလို့ တွေးနေတယ်
"ဟာ ကိုကြီးတာတေရေ၊နေဦးဗျ၊
ကျုပ်တို့ ပြောဖို့မေ့နေလို့ဗျို့။
အဲဒီဆရာတောက်က ဘွားတော်ကြီး
ဒေါ်မယ်ခကိုလည်း ပြောတယ်တဲ့ဗျ"
"ဟေ အရီးမယ်ခကို ဘာပြောသတဲ့တုံး"
"ဒီစုန်းမကြီးကို ဒီရွာကနေ မောင်းထုတ်ပစ်မယ်"
လို့ ပြောသတဲ့ဗျ။ ကိုသောင်းတင်တို့ကလည်း
ဒီဆရာက ပိုက်ဆံတွေ ပေးထားလို့ ထင်တယ်ဗျ။
ဒီဆရာကို ဖူးဖူးမှုတ်ကို ထားတာဗျို့။
"ကဲ ဆင်ပေါက်နဲ့ ဝက်သိုး မင်းတို့ ငါ့ဆီလာပြောတာကို
ဘယ်သူမှ မသိစေနဲ့၊ ငါ ကြည့်စီစဉ်လိုက်မယ်၊ မင်းတို့ ပြန်တော့၊
သတင်းကို ရသလောက် နားထောင်ပြီး ထူးတာရှိရင်
ငါ့ကို လာပြောပေတော့"
"ဟုတ်ပြီ၊ ကိုကြီးတာတေ၊ ဒါဆိုရင် ကျုပ်တို့ပြန်တော့မယ်"
လို့ ပြောပြီး နှစ်ယောက်သား ပြန်သွားကြတယ်ဗျ။
ကျုပ်လည်း အရီးမယ်ခဆီကို ခပ်သုတ်သုတ် ပြေးလာခဲ့တယ်။
အရီးမယ်ခကို အကျိုးအကြောင်း အကုန်ပြောပြလိုက်တယ်။
"အောက်လမ်းဆေး သိပ်ကောင်းရင်တော့
သူ့ဆေးကိုဖျက်ဖို့ မလွယ်ဘူးဟ၊ ဒီအောက်လမ်းသေမှပဲ
ဆေးပြယ်မှာ၊ အင်း ဒီကလေးမလေးတော့
သနားပါတယ်၊ ငါ့အစ်မတုန်းကလို ဖြစ်တာပါပဲလား၊
ကြာရင် ဒီကလေးမလေး ရူးသွားမှာ တာတေ"
"ဒါဆိုရင် ဘယ်လိုလုပ်မလဲ အရီးရဲ့"
"အို သူနဲ့ အရီးနဲ့ ပညာပြိုင်ကြရုံ ရှိတာပေါ့ဟ"
"ဟင် ဟုတ်လား အရီး"
"အေး ရွာထဲမှာ ဖြစ်ရင် ရွာနာတယ်၊ ဒီအကောင်ကို
သင်္ချိုင်းရောက်အောင် ထုတ်ခဲ့၊ ဒီည ငါ သင်္ချိုင်းထဲက
စောင့်နေမယ်၊ ဒီတစ်ခါတော့ သုံးဆင့်ပညာကို
ထုတ်သုံးရတော့မှာပေါ့လေ"
"ကောင်းပြီ အရီး၊ ကျုပ် ဒီကောင်ကို ရွာပြင်ရောက်အောင်
ခေါ်ထုတ်ခဲ့မယ်"
ကျုပ် အိမ်ကို ကပျာကယာ ပြန်လာတယ်။
ဝက်သိုးနဲ့ ဆင်ပေါက်ကို ကလေးတစ်ယောက်နဲ့
လွှတ်ခေါ်ခိုင်းလိုက်တယ်။ ဆင်ပေါက်နဲ့ ဝက်သိုးလည်း
ချက်ချင်း ကျုပ်ဆီကို ရောက်လာတယ်။
ကျုပ်က ကျုပ်အစီအစဉ်တွေကို ဒီကောင်နှစ်ကောင်ကို
ပြောပြတယ်။ ဒီကောင်တွေက ကျုပ်ကို လွှတ်ခင်တဲ့
ကောင်တွေဗျ။ ပါးစပ်ကလည်း အားကြီးလုံတာ။
ဒီကောင်တွေ ညနေဘက် ဆရာတောက် ရေလာချိုးမယ့်
အချိန်ကို ပုဗ္ဗာရုံကျောင်းရေတွင်းမှာ ရေချိုးရင်း
စောင့်နေကြရမယ်။ ဆရာတောက်လာရင်
ရေတွင်းမှာ ရေငင်ရင်းနဲ့ အနားကပ်ပြီး…
အပိုင်း(၆)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment