ဝါးအမြုတေ အပိုင်း(၆) ဇာတ်သိမ်းပိုင်း
မအေးဘုံ သီချင်းတစ်ပုဒ်ဆိုအပြီးတွင် ရေသောက်လိုက်သည်။ ထို့နောက် မအေးဘုံပါးစပ်မှ အမြှုပ်အဖြူတွေ ကျလာလေသည်။ အိမ်မှလူများလဲ အားလုံးလန့်ဖျပ်ကုန်သည်။ မအေးဘုံမှာ တွန့်လိမ်ကောက်ကွေးလျှက်လဲကျသွားတော့သည်။ မအေးဘုံကို မန္တလေးဆေးရုံကြီးကို အပြေးတင်ကြရသည်။
ထိုည ကိုခင်မောင်စိုး ဘုန်းကြီးဝတ်နှင့် အိပ်ပျော်နေသည်။ ထိုစဉ် အိပ်မက်ထဲမှာ အသက်အရွယ် မည်မျှပင် ခန့်မှန်းလို့မရလောက်အောင် အသက်ကြီးနေသော အဖိုးအိုတစ်ဦးနှင့်တွေ့သည်။ လျှောင်ထုံးနှင် နှုတ်ခမ်းမွှေး မျက်ခုံးမွှေးများမှာ ဖြူဖွေးနေကြသည်။
“ဒီမယ် မောင်ရင်၊ မောင်ရင်တို့က ကိုယ်တော်တို့ဆီက သီချင်းဆိုတဲ့အမျိုးသမီးကို ဖမ်းပြီးရောင်းစားသွားတယ်။ ဒါကို ငါကိုယ်တော် မကျေနပ်ဖူး။ မောင်ရင်တစ်ခုရဖို့ တစ်ခုဆုံးရှုံးရတယ်လို့ မှတ်ပါလေ”
ဟုပြောပြီး ပျောက်ကွယ်သွားလေသည်။ ကိုခင်မောင်စိုးလဲ အိပ်မက်မှ လန့်နိုးသွားလေသည်။
အမျိုးများက ကိုခင်မောင်စိုးနောက်ဆံတင်းမှာ စိုး၍ မအေးဘုံသတင်းကို မပြော။ နောက်ရက်မကူးမီ မအေးဘုံ ညတွင်းချင်းဆုံးလေသည်။ အစာအဆိပ်သင့်ခြင်းဖြစ်သည်ဟု ဆရာဝန်များက မှတ်ချက်ပေးသည်။ အူဆေးတာတောင် မမီလိုက်ပါ။ မအေးဘုံ ဆုံးတော့မှ ကိုခင်မောင်စိုးကို ပြောပြလေသည်။ ကိုခင်မောင်စိုး နှင့် သက်စိုးလဲ ၇ ရက်မျှ ဘုန်းကြီးဝတ်ပြီးသော် ဘုန်းကြီးလူထွက်လိုက်ကြလေသည်။
တစ်ခါတစ်ရံ စိန်ခနောက်တောင် မြခနောက်တောင်နှင့် ပလ္လင်စာတော တစ်ဝိုက် မျှစ်ခူး၊ မှိုခူး၊ ဝါးခုတ်ကြသော သူများသည် သီချင်းသံမားကြားရတတ်သည်။ ထိုကဲ့သို့ သီချင်းသံများကြားရသော အခါ ကိုခင်မောင်စိုးအဖြစ်ကို ပြန်ပြောင်းပြောကြလေသည်။ တောနက်ထဲတွင် စိုးစန္ဒာထွန်းသီချင်းများ၊ ပိုးအိစံသီချင်းများကို အာပေါင်အာရင်းသန်သန်ဖြင့် ဆိုနေသံကို သင်ကြားလိုက်ရပါက သင်ကြက်သီးမွှေးညှင်းများ ထသွားလိမ့်မည်ဖြစ်သည်။ ထိုသီချင်းဆိုသူမှာ မအေးဘုံကလွဲ မည်သူဖစ်နိုင်မည်နည်း။
ပြီးပါပြီ
Comments
Post a Comment