ဝါးအမြုတေ အပိုင်း(၁)
ဝါးအမြုတေ
မိုးဦးကျပြီ။
မိုးက ဇွန်လဆန်းပိုင်းလောက်ကတည်းက တစ်ပြိုက်နှစ်ပြိုက်ရွာနေပြီဖြစ်သည်။ မုတ်သုံမိုးလို မိုးစက်၍တော့မရွာသေးပေ။ မိုးဦးကျလျှင် ဖားကလေးတွေ ပျော်ကြသည်။ မိုးရေထဲထွက်လာကြ ကခုန်နေကြသည်။ သို့သော် မိုးဦးကျ မိုးရွာလျှင် ပျော်တတ်သည်မှာ ဖားကလေးတွေသာမဟုတ် ကိုခင်မောင်စိုးတို့တွေလဲ ပျော်ကြသည်။ တောင်စဉ်တစ်ကြောမှာ မိုးဦးကျ မျှစ်ခူးထွက်ကြရမည်ဖြစ်သော်ကြောင့် ဖြစ်သည်။
မှိုတို့ မျှစ်တို့ဆိုသည်မှာ စိုက်စရာမလို၊ ပေါင်းသင်စရာမလို၊ ရေလောင်းစရာမလို ယခုလို မိုးဦးကျ မိုးလေး တစ်ပြိုက်နှစ်ပြိုက်ရွာလိုက်ပြီဆိုလျှင် သူ့အလိုလိုထွက်လာကြသော သဘာဝကပေးသော လက်ဆောင်များပင်ဖြစ်ပါသည်။ ရှေးက မှိုရသည့်မျက်နှာ မျှစ်ရသည့်မျှက်နှာဟုပင် တင်စားခဲ့သည်မဟုတ်ပါလော။
ကိုခင်မောင်စိုးသည် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်ကိုက်တန်းတောင်ကြော အရှေ့ခြမ်း အိုးဖိုစု ဟုသော ရွာလေးတွင်နေထိုင်သည်။ ရွာကလေးကို သူတို့အရပ်အခေါ် တောတိုက်ဟုခေါ်သည်။ အိမ်ခြေ ဆယ်အိမ် တစ်ဆယ့်ငါးအိမ်စုဖွဲ့ပြီး ရွာငယ်လေးသဖွယ် နေထိုင်ကြသည်။
သူတို့နေထိုင်ရာ ဆည်တော်ကိုက်တန်းတောင်ကြော၊ စိန်ခနောက်၊ မြခနောက်တောင်ကြော၊ မြလိပ်တောင်ကြော စသည့် တောင်ကြောတစ်လျှောက်တွင် သဘာ၀ ဝါးတောကြီးများတည်ရှိသဖြင့် မျှစ်အထွက်များသည့်နေရာများဖြစ်ကြသည်။ ယခုလို မျှစ်ပေါ်သည့်ရာသီဆို ရွာသူရွာသားတွေ မျှစ်ခူးသည့်အလုပ်ကို စီးပွားဖြစ်လုပ်ကိုင်ကြသည်။ အခြားရာသီများတွင်တော့ ထိုတောင်ကြောများရှိ မျှင်ဝါး၊ သနပ်ဝါး၊ ဝါးပိုးဝါး၊ ဝါးနက်များကို ခုတ်ကာ ရောင်းချစားသောက်ကြရပြန်သည်။
“ဟဲ့ အေးဘုံရေ လုပ်ပါဟ မြန်မြန်၊ တို့မျှစ်ခူးနောက်ကျတော့မယ်” ကိုခင်မောင်စိုးက သူ့မိန်းမ အေးဘုံကို အော်လိုက်သည်။
ကိုခင်မောင်စိုးနှင့် မအေးဘုံမှာ မောင်တစ်ထမ်းမယ်တစ်ရွက် ဒိုးတူဘောင်ဖက် စီးပွားရှာနိုင်ကြသည်။ ကိုခင်မောင်စိုးကလဲ အညာသား မဲမဲကျစ်ကျစ်နှင့် မအေးဘုံကတော့ မန္တလေးသူ ပုပုလုံးလုံးနှင့်ဖြစ်သည်။ သူတို့နှစ်ဦးတွင် သားကလေးတစ်ဦးရှိသည်။ သူကတော့ သက်စိုးဟု ခေါ်သည်။ အသက် ၁၄ နှစ်ခန့်ရှိပြီဖြစ်သည်။
“ပြီးပါပြီရှင့် ရှင့်သားဓါးသွေးနေတာကို စောင့်နေတာ” အေးဘုံကပြောလိုက်သည်။
သူတို့သား သက်စိုးမှာ မျှစ်ခူးရန်အတွက် ဓါးမကို ထက်နေအောင်သွေးနေသည်။ ဓါးက ၅ ချောင်းဖြစ်သည်။ လိုလိုမယ်မယ် အပိုယူသွားရသည်။ မျှစ်ခူးသည်ဆိုသည်မှာလဲ လွယ်သည့်အလုပ်တော့မဟုတ် မျက်စိလျှင်မှ၊ နေရာမှတ်သားတတ်မှ၊ လမ်းကျွမ်းမှ၊ သက်လုံကောင်းမှ ရသည်။ မျှစ်တွေသယ်ပြီး ပြန်အဆင်းမှာ လမ်းမကျွမ်းလျှင် မျှစ်တွေက မလတ်ဆတ်တော့ပေ၊ သက်လုံမကောင်းလျှင် မထမ်းနိုင်လျှင်လဲ အချည်းနှီးပင်ဖြစ်သည်။
ထို့နောက် သားအမိသားအဖ သုံးယောက် မျှစ်ချိုးရန်အတွက် တောထဲထွက်ခဲ့ကြသည်။ လမ်းတွင် လိုလိုမယ်မယ်စားဖို့ ထမင်းထုတ်ပြင်ဆင်ခဲ့ရသည်။ ရေသန့်ဘူးခွံဖြင့် ရေလဲထည့်ခဲ့ရသည်။ ကိုခင်မောင်စိုးက ရေနွေးကြမ်းကြိုက်တတ်သောကြောင့် ရေနွေးဓါတ်ဗူးအသေးလေးကို ခါးတွင်ချည်ထားသည်။ ထို့နောက် ဓါးများနှင့် ပီနံအိတ်များ၊ လွယ်အိတ်ကတစ်လုံး၊ နှီးခြင်းတောင်းကြားက တစ်လုံးကို သယ်ယူလာကြသည်။
မိုးပင်သိပ်မလင်းသေးပေ။ သို့သော် ကိုခင်မောင်စိုးတို့ မိသားစု လမ်းကို သွက်သွက်လျှောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် မျှစ်ခူးမည့်သူများသည် စောစောသွားမှ မျှစ်ရတတ်သည်။
ယခုသူတို့ ထွက်လာသည်မှ မိုးမလင်းသေးသော်လည်း သူတို့ထက်အရင်ဦးသူများ ရှိနေသည်ဟု ထင်သောကြောင့်ဖြစ်သည်။ ထင်သည့်အတိုင်းပင် သူတို့ရှေ့မှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ တောထဲသို့ တိုးနေကြသည်။ ကိုခင်မောင်စိုးတို့မှာ သုံးယောက်တည်းဖြစ်သည်။ အချို့အဖွဲ့များမှာ လူ ဆယ်ယောက်၊ အယောက် ၂၀ ခန့်ပါသည်မို့ လမ်းလျှောက်ရာတွင် သိပ်ခရိးမတွင်ကြ။ ကိုခင်မောင်စိုးတို့က ခြေလှမ်းကျဲကြီးများဖြင့် အပြေးတပိုင်း တောတိုးခဲ့ကြသည်။
စိန်ခနောက် မြခနောက်တောင်ကြောနှင့် ဆည်တော်ကိုက်တန်းအရှေ့ဘက် ပလ္လင်စာတော တစ်ဝိုက်သည် မျှစ်ထွက်အားအလွန်ကောင်းသည်။ သဘာ၀ စိမ့်စမ်းပေါများပြီး ရွာတွေနှင့်လဲဝေးသဖြင့် ထိုနေရာတွင် မျှစ်အလွန်ပေါခြင်းဖြစ်သည်။ တောအတွင်း အချို့သူများကတော့ ဝါးရုံပင်ကြီးများအောက်တွင် မျှစ်တူးနေကြပြီဖြစ်သည်။ ကိုခင်မောင်စိုးတို့ကတော့ စိတ်မဝင်စား တောသာဆက်တိုးနေသည်။
“အဖေ ဟိုမှာ ဝါးရုံကြီးတွေ မျှစ်တွေမှ များမှများ” သက်စိုးက လက်ညှိုးထိုးပြလိုက်သည်။
ကိုခင်မောင်စိုးကတော့ လှည့်တောင်မကြည့်။
“သား အဖေတို့ ပလ္လင်စာတော ဘက်သွားကြမယ် ထမင်းထုပ်တွေလဲ ပါတယ်ဆိုတော့ တောနက်နက်ထဲသွားကြမယ်” ကိုခင်မောင်စိုးကပြောလိုက်သည်။
သူပြောတာလဲ ဟုတ်သည်။ မျှစ်ပေါ်စရက်များတွင် တောအနီးတစ်ဝှိုက်သာ မျှစ်ခူးသူများကြသည်။ တောနက်ထဲသိပ်မသွားကြ။ ထိုနေရာတွင် မျှစ်စို့များ အများအပြားရှိသည်။
နံနက် ၉ နာရီခန့်တွင် ပလ္လင်စာတောဘက် လှမ်းမြင်နေရပြီဖြစ်သည်။ သို့သော် သူတို့ခဏနားလိုက်သည်။ နားလိုက်သည့်အကြောင်းမှာ မအေးဘုံက မောပန်းနေသောကြောင့်ဖြစ်သည်။
“မင်းကိုပြောသားပဲကွာ အိမ်မှာနေခဲ့ပါဆို” ကိုခင်မောင်စိုးက အပြစ်တင်သည့်လေသံဖြင့်ပြောသည်။ မအေးဘုံကတော့ ဘာမှပြန်မပြောနိုင်ဘဲ ဆောင်းထားသည့် ဝါးခမောင့် ရပ်ခပ်နေသည်။
အပိုင်း(၂)ဆက်ရန်.....
Comments
Post a Comment