ကွင်းပိုင်နှမ မဖဲဝါ၊ အပိုင်း(၄)


သူ့ညီမ မဖဲဝါကို ကျုပ်တို့ဖမ်းထားတယ်ထင်ပြီး ရွာကို ပတ်နေ​တာပေါ့ဗျာ။ကျုပ်တော့ သဘောပေါက်သွားပြီဗျို့။
ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ အမှန်အတိုင်း
မပြောရဲဘူးဗျ။ ရွာက လူတွေ တအားကြောက်သွားမှာ
စိုးရတယ်။ ပြီးတော့ ကျုပ်ဆီမှာ မဖဲဝါအရုပ်ကလေး
ရှိနေတာကို ရွာထဲမှာသိတဲ့သူ တစ်ယောက်မျှ
မရှိဘူးလေဗျာ။ ဒီတော့ ကျုပ် ဒါကို ပြောလို့မရဘူးဗျ။

ဒီတော့ ကျုပ် ဒါကို ပြောလို့မရဘူးဗျ။
လကွယ်ညတော့ ရောက်ပြီဗျို့။
ကျောက်ခဲဆိုတဲ့ အကောင်ကလည်း
ကျုပ်ကို အမြဲတမ်း အကဲခတ်နေတာဗျ။
ဒီကိစ္စကို ကျုပ် တစ်ခုခုလုပ်မယ် ဆိုတာတော့
သိတာပေါ့ဗျာ။

"ကိုကြီးတာတေ၊ ဒီည တစ်ခုခုလုပ်တော့မယ်ပုံပဲ၊
ကိုကြီးတာတေ တစ်နေရာသွားမယ်ဆိုရင်
ကျုပ်ကို ခေါ်နော်၊ ကျုပ်လိုက်မယ် "

"မင်းမလိုက်နဲ့ ကျောက်ခဲ၊ အန္တရာယ် တော်တော်ရှိတယ်"

ကျောက်ခဲတစ်ယောက်တော့ မျက်နှာပျက်ပျက်နဲ့
ထပြန်သွားရောဗျို့။ မီးလောင်ကုန်းဆိုတာက
ကျုပ်တို့ရွာနဲ့က ဘာဝေးတာမှတ်လို့၊ နာရီဝက်
လျှောက်ရင် ရောက်တဲ့ရွာပဲလေ။ညသန်းခေါင်
နီးလာတော့ အဘနဲ့ အမေနဲ့က အိပ်နေကြပြီပေါ့ဗျာ။

ကျုပ် တစ်ခုခုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတာလည်း
အမေက ရိပ်မိပြီးသားဗျ။ ညနေကတည်းက
ကျုပ်လည်း ဆေးလွတ်အိတ်ကို စစ်ဆေးခဲ့ရတာဗျ။
ကျုပ်က ဆရာ မဟုတ်ပေမဲ့ အရေးကြုံရင်သုံးဖို့
ဆေးတွေ အင်းတွေ ရုပ်တုတွေက ကျုပ်
ဆေးလွယ်အိတ်မှာ အပြည့်ဗျ။

ဆရာကြီး ဒေါက်တာမင်းအောင်၊ ဆရာနွံဖ၊ ဆရာအို၊ ဆရာညို၊
ဆရာကြီးဘိုးပေတလူ၊ ဆရာကြီးဘိုးလူပေတို့ ပေးထား
အပ်ထားတဲ့ ဆေးဝါး ၊အင်း ၊ ခြေမန်းကွင်းတွေက ကျုပ်မှာ
စုံလို့လေ။ အဟိန်း ဂါထာတွေ၊ အနှိုးဂါထာတွေ၊ မန္တန်တွေလည်း
ကျုပ် တော်တော်များများ နှုတ်တက်ရခဲ့တာဗျ။

ကျုပ်လည်း မျက်ကွင်းဆေး ကွင်းထားလိုက်တယ်။
မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ တစ်ယောက်တည်း
ထိုင်နေရင်း နဂါးဆေးပေါ့လိပ်ကလေး ဖွာလိုက်တယ်

"ဝူး ဝူး ဝူး ဝုတ် ဝုတ် ဝုတ် "

ဟော ရွာတောင်ဘက်က ခွေးအူသံတွေရော၊
ခွေးဟောင်သံတွေရော ကြားလိုက်ရတယ်ဗျ။
ကျုပ်လည်း ဆေးပေါ့လိပ်ကို မီးငြိမ်းလိုက်ပြီး
ဆေးလွယ်အိတ်ကို စလွယ်သိုင်းလိုက်တယ်။
ပြီးတာနဲ့ ဝိုင်းထဲကနေ ထွက်ချလာခဲ့တယ်ဗျ။

ရွာတောင်ပိုင်းကိုရောက်တော့ ခွေးဟောင်သံတွေက
ပိုပြီး ဆူညံလာတယ်ဗျို့။

"ဝုတ်၊ ဝုတ်၊ ဝူး ၊ ဝူး "

ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ
တောင်ဘက်တံခါးကိုဖွင့်ပြီး ရွာပြင်ထွက်လိုက်တယ်။

ယာခင်းတွေကို ဖြတ်ပြီး တိုက်လာတဲ့ လေအေးအေးလေးက
ကျုပ်ကို ဖြတ်တိုက်သွားတယ်။တစ်ကိုယ်လုံး အေးပြီး
လန်းဆန်းသွားရောဗျ။

"ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ် "

ဟော ခြေသံကြီးဗျ။ ကျုပ်နောက်ဘက်က
ကြားလိုက်ရတာ။ ကျုပ် ချာကနဲ နောက်ကို
လှည့်ကြည့်လိုက်တယ်။ အောင်မယ်လေး
ဧရာမအကောင်ကြီးပါလားဗျ။ ကြယ်ရောင်တွေ
အောက်မှာ မားမားကြီးရပ်ပြီး မျက်လုံးနီကြီးတွေနဲ့
ကျုပ်ကို စိုက်ပြီးကြည့်နေတာဗျ။

ရန်လိုတဲ့ အမူအရာတွေ မတွေ့ရဘူး။

သြော် …မဖဲဝါရဲ့ အစ်ကို ကွင်းပိုင်ကြီးဆိုတာ ဒါပါလား။
ပုဆိုးကွက်တုံးကြီးနဲ့ဗျ။ အပေါ်ပိုင်းမှာတော့ အဝတ်အစား
မရှိဘူး။ ဆံပင်က ဖားလျားကြီး ကျောကုန်းပေါ်လောက်အထိ
ကျနေတယ်။ ခြေသလုံးကြီးတွေက ထန်းပင်လုံးလောက်
ရှိတာဗျ။ လက်မောင်းကြီးတွေကလည်း ထန်းပင်
အရင်းလောက်ကို ရှိတာဗျို့။

မျက်လုံးကြီးနှစ်လုံးက နီရဲပြီး ပြူးထွက်နေလိုက်တာ။
ဟင်းသောက်ပန်းကန်ကြီးတွေ မှောက်ထားသလိုပဲဗျာ။
ကျုပ်က မဖဲဝါ မှာတဲ့အတိုင်းပေါ့ဗျာ၊ ကတ္တီပါ အိတ်ထဲက
မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီး
ကိုယ်ခွဲဝိညာဉ်ကို ပင့်လိုက်တယ်။ ကျုပ်လက်ထဲမှာ
ကိုင်ထားတဲ့ မဖဲဝါအရုပ်ကလေးက ဆတ်ကနဲ
လှုပ်လာတယ်။ မဖဲဝါရဲ့ ကိုယ်ခွဲဝိညာဉ်
ဝင်သွားပြီဆိုတာ ကျုပ်သိတယ်ဗျ။

ကျုပ်က မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကို
ကွင်းပိုင်ကြီးမြင်အောင် မြှောက်ပြလိုက်တယ်
ကွင်းပိုင်ကြီးက ကျုပ်နဲ့ ကိုက်နှစ်ဆယ်လောက်မှာ
ရပ်နေတာဗျ။

"ကွင်းပိုင်ကြီး ကျုပ်က မဖဲဝါရဲ့ မိတ်ဆွေ
တာတေပါ၊ မဖဲဝါကို ကဝေတစ်ယောက်က
ဖမ်းချုပ်ထားတယ်ဗျ၊ အဲဒီကဝေက မဖဲဝါ
စောင့်ရတဲ့ မီးလောင်ကုန်းသင်္ချိုင်းနောက်က
ဂူဟောင်းကြီးထဲမှာရှိတဲ့ မြို့စားသိုက်ကို
တူးဖို့ မဖဲဝါကို ဖမ်းချုပ်ပြီး နှိပ်စက်နေတာဗျ။
မဖဲဝါက ကွင်းပိုင်ကြီးကို ခေါ်ခဲ့ဖို့ မှာလိုက်တယ်၊
ကျုပ်နဲ့ ခုချက်ချင်း လိုက်ခဲ့ပါ "

ပြောပြီးတာနဲ့ ကျုပ်က နောက်ကို လှည့်ပြီးထွက်ခဲ့တယ်။

"ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်"

ဟော ကျုပ်ပြောတာတွေကို ကွင်းပိုင်ကြီး
နားလည်ပုံရတယ်ဗျ၊ ကျုပ်နောက်က ပါလာပြီ။
သူ့ခြေသံကြီးတွေ ကြားနေရတာကိုက
ကြောက်စရာကြီးပါဗျာ၊ ကျုပ်ဖြင့် မဖဲဝါကို
ကဝေဖမ်းပြီး နှိပ်စက်နေလို့သာ ထွက်လာခဲ့ရတာ၊
ကွင်းပိုင်ကြီးကို ကြောက်လိုက်တာမှ ကြက်သီးတွေ
တဖျန်းဖျန်း ထလို့ဗျို့။

"ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ် ဘုတ်"

ကျုပ်က ခပ်သုတ်သုတ် လျှောက်လေ ကွင်းပိုင်ကြီးရဲ့
ခြေသံကလည်း ခပ်သုတ်သုတ် ကြားရလေပဲဗျ။
ကျုပ်တော့ နောက်ကို တစ်ချက်မှ လှည့်မကြည့်တော့ဘူးဗျာ
ဖြစ်ချင်ရာသာ ဖြစ်ပစေတော့လို့ တွေးထားလိုက်တယ်။
မီးလောင်ကုန်းသင်္ချိုင်းကိုရောက်တော့ သင်္ချိုင်းနောက်
ဘက်က ကုက္ကိုတောကို ကျုပ် ဝင်ခဲ့တယ်

မြို့စားကြီးရဲ့ ဂူဟောင်းကြီးနားကို ရောက်တော့
ကျုပ် ရပ်လိုက်တယ်။ ကျုပ်နောက်က ခြေသံကြီးလည်း
ရပ်သွားပြီဗျ။

အပိုင်း(၅)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)