တစ္ဆေတွေနေတဲ့၊ အပိုင်း ၄။


တစ္ဆေတွေနေတဲ့၊ အပိုင်း ၄။

ကိုထန်းဖူးဆိုတဲ့လူက ကိုမောင်ပုကို ပြောပြ
တာဗျ။ စကားဝိုင်းက တော်တော်ကို ကောင်း
သွားတာဗျို့။ သူကြားဖူးတာ၊ ကိုယ်ကြားဖူး
တာတွေ ပြောကြတော့တာပေါ့ဗျာ။ထန်းရည်
ဆိုတာလည်း တစ်မြူပြီး တစ်မြူ ချပေးရတာ
ဗျို့။ အမြည်းကတော့ အမဲကြော်ပေါ့ဗျာ။

အဲ…ပြောရဦးမယ်ဗျ။

တာတေဆိုတဲ့ ကျုပ်က အညာသားဆိုပေမယ့်
ထန်းရည်တော့ မကြိုက်ဘူးဗျ။အခုလည်း မိတ်
ဖြစ် ဆွေဖြစ် အနေနဲ့သာ အာစွတ်ရုံ ကျုပ်
သောက်တာဗျို့။သောက်ကို မသောက်နိုင်တာ
အဲဒီညနေကတော့ ပခန်းကိုကြီးကျော်တို့ သိပ်
ကြိုက်တဲ့ ညနေမျိုးထင်ပါရဲ့ဗျာ။ လွှတ်ပျော်ဖို့
ကောင်းတာဗျ။ ကျုပ်ကိုလည်း တော်တော်ခင်
သွားကြတာ။

ထီးဂလိုင်ကို မကြာခဏ အလည်လာဖို့ ထပ်
ကာ ထပ်ကာ ဖိတ်ခေါ်ကြတယ်။ တာတေဆို
တဲ့ ကျုပ်ကလည်း လာလည်ပါ့မယ်လို့ ကတိ
ကဝတ်ပြုရတာပေါ့ဗျာ။ အားလုံးစားသောက်
ပြီးကြတော့ ရွာထဲကို အုပ်လိုက်ကြီး ပြန်ဝင်
လာကြတာပေါ့ဗျာ။

အားလုံး လမ်းလျှောက်တာ နောက်ကို ကော့
လန် ကော့လန်နဲ့ဗျို့။ အဲ…ပြောရဦးမယ်။ လူ
ဆိုတာ အရက်မူးရင် အရှေ့ကို စိုက်သွားတတ်
တယ်ဗျ။ ထန်းရည်မူးရင်တော့ နောက်ဘက်ကို
လန်ပြီး မူးတာလေဗျာ။

အမူးလွန်လို့ လဲရင်လည်း အရက်သမားက
ရှေ့ကို မှောက်လျားထိုးလဲတာဗျ။ ထန်းရည်
သမားများကြတော့ အမူးလွန်ပြီဆိုရင် နောက်
ကို ပက်လက်လန်ပြီး လဲတာဗျို့။

နောက်နေ့ကျတော့ ကိုဘထွန်းနဲ့ ကျုပ် ရွာ
ပြန်ခဲ့ကြတယ်။ ကျုပ်တို့နှစ်ယောက် လှည်း
ကြုံလိုက်လာတာဗျ။လှည်းကြုံက ယင်းချောင်း
မရောက်ခင် တစ်တိုင်လောက်အလို(နှစ်မိုင်)
က တောင်ချိုင့်ဆိုတဲ့ ရွာအထိ ရောက်တာ။

ယင်းချောင်း ဟိုဘက်ကို ကျုပ်တို့နှစ်ယောက် ကုန်းကြောင်းသွားကြမှာဗျ။ ဒီခရီးလောက်က
တော့ ကျုပ်တို့က သွားနေကြပါဗျာ။ တောင်
ချိုင့်ကနေ ထွက်လာတော့ ညနေတော်တော်
စောင်းနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့
လှည်းကြုံလိုက်လာတဲ့ ကိုချိုဆိုတဲ့လူက သူ
တို့အိမ်ကို ဝင်ပါဆိုပြီး ဇွတ်အိမ်လည်ခေါ်တာ
ဗျို့။ ကျုပ်တို့နှစ်ယောက်လည်း အားနာတာနဲ့
လိုက်ခဲ့ကြတာ။

သူ့အိမ်ရောက်တော့ ညနေစာ စားပြီးမှ သွားပါ
လို့ ဇွတ်ဆွဲပြန်ရောဗျို့။ လွှတ်သဘောကောင်း
တဲ့ ကိုချိုတို့မိသားစုကို အားနာတာနဲ့ ညနေစာ
စားကြရတာပေါ့ဗျာ။

ဒါကြောင့် ညနေစောင်းတော့မှ တောင်ချိုင့်က
ထွက်ဖြစ်တော့တာဗျ။ တောင်ချိုင့်က ထွက်
လာတော့ အံ့သြစရာဗျာ။ ကောင်းကင်မှာ မိုး
သားမည်းမည်းတွေ တက်လာလို့ဗျို့။

" ဟာ ကိုဘထွန်းရေ မိုးတွေ ချက်ချင်းတက်
ပါလားဗျို့"

"အေးကွ တာတေရ၊ ယင်းချောင်းရောက်အောင်
ခပ်သုတ်သုတ်ကလေး လျှောက်ရအောင်ဟေ့၊
ကိုချိုတို့အိမ်သားတွေ အတင်းဆွဲတာနဲ့ ထမင်း
စားနေလို့ နောက်ကျသွားတာကွ"

"ဟာ ကိုဘထွန်းရယ် သူတို့ကလည်း ကျုပ်တို့
နှစ်ယောက်ကို တွေ့တွေ့ချင်းကို ခင်တာဗျ၊ လွှတ်သဘောကောင်းတဲ့ မိသားစုပါဗျာ၊ ဒီ
တော့လည်း ထမင်းစားဖို့ကို ဘယ့်နှယ်လုပ်
ငြင်းမလဲဗျာ"

ကျုပ်နဲ့ ကိုဘထွန်းနဲ့ ခပ်သုတ်သုတ် လျှောက်
ကြတယ်၊ ကိုဘထွန်းက ကျုပ်ထက် ငါးနှစ်
ခြောက်နှစ်လောက်တော့ ကြီးမှာဗျ။ ဒါပေမဲ့
လူက လူဗလံကလေး။ ကျုပ်ထက်တောင် 
နည်းနည်း ညှက်ချင်သေးတယ်။ဒါပေမဲ့ လူက
တော့ လူလျင် လူသွက်ဗျို့။ ယင်းချောင်း မ
ရောက်ခင် မိုးမိမှာစိုးပြီး ရှေ့ကနေ ခပ်သုတ်
သုတ် လျှောက်သွားနေတာကို ကျုပ်က သူ့
နောက်ကနေ အလျားထိုးလိုက်နေရသဗျို့။

ကျုပ်တို့နှစ်ယောက် ယင်းချောင်းကမ်းပါး
ရောက်တော့ ကောင်းကင်မှာ မိုးတွေ မည်း
နေပြီ။ အချိန်ကလည်း မိုးချုပ်စဖြစ်ပြီဗျ။

"ကဲ တာတေ၊ သတိထားကူးဟေ့၊ မိုးတော့
လွတ်သေးတယ်ကွ"

ပြောပြောဆိုဆိုနဲ့ ကိုဘထွန်းက ပုဆိုးခါး
တောင်းကျိုက်တယ်။ ကျုပ်လည်း ကပျာက
ယာ ပုဆိုးခါးတောင်းကျိုက်လိုက်ရတာပေါ့
ဗျာ။ ကျုပ်တို့နှစ်ယောက် ချောင်းထဲကို ဆင်း
ခဲ့ကြတယ်။ ယင်းချောင်းက ရေစီးကသန်
တော့ အောက်ကသဲမြေမှာ ကြာကြာရပ်လို့
ရတာမဟုတ်ဘူးဗျ။ ရပ်ရင် သဲက ကျွံဝင်သွား
လူက ယိုင်ပြီး ဟန်ချက်ပျက်သွားတတ်တယ်။

ဒီလိုအခါမျိုးမှာ ရေစီးကသန်တော့ လဲကျ
သွားတတ်တာဗျ။ ဒါကြောင့် အောက်က 
နင်းထားတဲ့သဲ ကျွံဝင်မသွားခင် ခပ်သုတ်
သုတ်လျှောက်ကြရတာ။ကျုပ်တို့နှစ်ယောက် 
ချောင်းထဲမှာ ခြေလှမ်း ဆယ့်ငါးလှမ်းလောက်  
လျှောက်မိတယ်ဆိုရင်ဘဲ ကျုပ်က ချောင်းအ
ထက်ပိုင်းကို လှမ်းကြည့်လိုက်မိတယ်ဗျို့။

"ဟာ ကိုဘထွန်း ရေတွေလာပြီ၊ နောက်ပြန်
ပြေး နောက်ပြန်ပြေး"

တောင်ကျရေဗျို့။ ကျုပ်က နောက်ပြန်ပြေး
တယ်။ ဘယ်လွတ်လိမ့်မတုံးဗျာ။ တောင်ကျ
ရေပဲ။ လူမပြောနဲ့။ မြင်းပြေးရင်တောင် မလွတ်
ဘူးဗျ။ ကျုပ်ရော ကိုဘထွန်းရော ရေလုံးရိုက်
ပြီး ပါသွားတယ်။ ဒါပေမဲ့ ကိုဘထွန်းရော ကျုပ်
ရောက ရေကူးလည်း သန်တယ်၊

သတိလည်းကောင်းတယ်ဆိုတော့ ကမ်းဘက်
ကို ကူးတာပေါ့ဗျာ။ ချောင်းထဲမှာ မှောင်သွားပြီ
ဗျ။ မိုးချုပ်တာရော၊ မိုးမှောင်တာရော ပေါင်းပြီး
မည်းမှောင်သွားပြီ။

"ဝေါ ဝေါ"

ကြောက်စရာကောင်းတဲ့ ရေစီးသံကြီးကို ကြား
နေရတာ သွေးပျက်စရာပဲဗျာ။ ချောင်းရေက
ချက်ချင်း ပြင်ကျယ်ကြီး ဖြစ်သွားပြီး ကမ်းက
ဝေးသွားတော့ ကျုပ်တို့နှစ်ယောက် တော်
တော်ကူးနေရတာပေါ့ဗျာ။ရေစီးနဲ့ မျောလည်း
မျောနေကြတာဗျ။

"အား"

ဟာ ကိုဘထွန်း အော်သံဗျို့။ ကျုပ် လန့်သွား
တယ်။ ဘာမှလည်း မမြင်တော့ဘူး။ မှောင်ပိန်း
နေပြီ

"ကိုဘထွန်း၊ ဘာဖြစ်တာတုံး"

အပိုင်း ၅ ဆက်ရန်...

မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)