ဝါးအမြုတေ အပိုင်း(၅)
နောက်တစ်နေ့မနက်စောစော သားအဖနှစ်ယောက် ဝါးဆစ်ဗူးကို လွယ်အိတ်တွင် လုံခြုံစွာထည့်ကာ မန္တလေးသို့ ထွက်ခဲ့သည်။ ဘုရားကြီးတောင်ဘက်စောင်းတန်းတွင် ကောင်လေးတစ်ယောက်က စောင့်နေသည်။ ထို့နောက် ထိုကောင်လေး၏ ဆိုင်ကယ်နောက်သို့ လိုက်ခဲ့ကြသည်။ ထို့နောက် အိမ်ကြီးအိမ်ကောင်းများရှိသည့် ရပ်ကွက်တစ်ခုထဲဝင်လိုက်ကြသည်။ အလွန်တစ်ရာခံငြားသော အိမ်ကြီးရှေ့တွင်ရပ်လိုက်ကြသည်။ အိမ်ထဲမှ လူတစ်ယောက်ထွက်လာပြီးကြိုသည်။ လိုက်ပို့သည့်ကောင်လေးကိုတော့ ငါးထောင်တန်အထပ်လိုက်ပေးလိုက်သည်ကိုတွေ့ရသည်။ ဘယ်နှရွက်မှန်းတော့ သေချာမသိ။
အိမ်ထဲတွင် အသက်၆၀ ခန့်အဖိုးကြိးတစ်ယောက်က မိတ်ဆက်သည်။ သူက မြန်မာဆေးဆရာကြီးတစ်ဦးဖြစ်ကြောင်း။ ဝါးအမြုတေကို စမ်းသပ်ပြီးတာနဲ့ စစ်လျှင် တန်းဝယ်မည်ဖြစ်ကြောင်းပြောလေသည်။ ထို့နောက် အိမ်ရှေ့အခန်းကြီးတစ်ခုအတွင်းခေါ်သွားလေသည်။
“ညီလေးတို့ ပါလာတဲ့ ဝါးအမြုတေ ပြကွဲ့” ကိုခင်မောင်စိုးက လွယ်အိတ်ထဲမှ ဝါးဆစ်ဗူးကိုထုတ်လိုက်သည်။ ဆေးဆရာကြီးက ဝါးဆစ်ဗူးကို သေချာကြည့်လိုက်သည်။ ထို့နောက် ဝါးဆစ်ကို ဖွင့်ကာအထဲမှ စမ်းရေများအတွင်းမှ ဝါးအမြုတေကို နှိုက်လိုက်လေသည်။ ထို့နောက် ထိုင်ခုံတွင် ထိုင်နေသော လူကြီးတစ်ဦးဆီသွားလိုက်သည်။ ထိုလူကြီး၏ ဗိုက်ကြီးမှာ အလွန်ပူဖောင်းကားနေပြီး ပေါက်ကွဲခါနီးပူဖောင်းကြီးလိုဖြစ်နေသည်။
“ဝါးအမြုတေ အစစ်ဆိုရင်၊ ရေဖျဉ်း၊ လေဖျဉ်း အရမ်းနိုင်တာကွ” ဆေးဆရာကြီးကပြောပြီး နှုတ်မှ တစ်ခုခုကို ရွတ်မန်းလိုက်သည်။ ထို့နောက် ထိုဝါးအမြုတေကို ကိုင်ကာ ထိုင်နေသောသူကြီး၏ ဗိုက်ကို အထက်မှအောက်သို့ လေးငါးကြိမ်ခန့်ပွတ်လိုက်သည်။
“ကဲ သူ့ကို အိမ်သာထဲခေါ်သွားကြ” ဆေးဆရာကြီးက တပည့်တွေကို ပြောလိုက်သည်။ တပည့်များလဲ ထိုလူကြီးကို တွဲပြီး အိမ်သာသို့သွားကြသည်။ အိမ်သာပင်မရောက်လိုက် ဖင်တွင် ရေတွေကျလာလေသည်။ ထိုအခါ တပည့်များက အိမ်သာဆီအတင်းဆွဲခေါ်သွားကြသည်။
“ကဲ သူ့ကို လွတ်ထားလိုက်ကြ လာနောက်တစ်ယောက်ရှိသေးတယ်” ဆေးဆရာကြီးက အခန်းသဖွယ်လိုက်ကာများဖြင့်ကာရံထားသော အခန်းအတွင်းဝင်လိုက်သည်။ အတွင်းတွင် အဖိုးကြီးတစ်ယောက် ကုတင်ဖြင့်လှဲနေသည်။
“သူကတော့ လေဖြတ်တာ၊ လေးငါးနှစ်ရှိပြီ၊ အောက်ပိုင်းက သုံးမရတော့ဘူး၊ ခွေနေပြီ” ဟု ပြောပြီး ဝါးအမြုတေနှင့် အထက်ပါအတိုင်း ပွတ်တိုက်ပြန်သည်။ ပွတ်တိုက်ပြီးခဏအကြာတွင် ခြေချောင်းကလေးများ လှုပ်လာသည်။ ဒူးကို ဖြည်းဖြည်းချင်း ထောင်နိုင်လာသည်။
“ကောင်းတယ်၊ အောက်ပိုင်းကကောင်းသွားပြီ၊ နောက်ရက်အနည်းငယ်လောက် လမ်းလျှောက်လေ့ကျင့်ခန်း၊ ခြေထောက်လေ့ကျင့်ခန်းတွေ လုပ်လိုက်ရင် လမ်းပြန်လျှောက်လို့ရပြီ” ကုတင်ပေါ်မှ အဖိုးကြိးလဲ ဆရာကြီးကို လက်အုပ်ချီကန်တော့လေသည်။
ဆရာကြီးနှင့် သူတို့သားအဖလဲ အခန်းထဲမှပြန်ထွက်ပြီး ဧည့်ခန်းအတွင်းသို့ ပြန်ဝင်လိုက်ကြသည်။ ထိုအခါ ရေဖျဉ်းစွဲနေသော လူကြီးသည် ဧည့်ခန်းထဲဝင်လာသည်။ သူ၏ ဗိုက်ကြီးမှာ ပေါက်သွားသည့် ဘောလုံးလို အရေပြားတွေက ဘတ်လက် ဘတ်လက် ဖြင့်ကျနေသည်။ သူလဲ ဆရာကြီးကို ထိုင်ကန်တော့ပြီး ပြန်ထွက်သွားလေသည်။
“ကောင်းတယ်ဗျာ ဒီအမြုတေဟာ အစစ်ဘဲဆိုတာ ကျုပ်လက်ခံလိုက်ပါပြီ။ ခင်ဗျားတို့ ဘယ်ဈေးခေါ်မလဲ”
သားအဖနှစ်ယောက် ခေါင်းချင်းဆိုင်လိုက်ကြသည်။
“လွန်ခဲ့တဲ့ လေးငါးနှစ်ကတောင်မှ သိန်း ၂၀၀ ရတယ်ကွ” ကိုခင်မောင်စိုးက သက်စိုးကို တိုးတိုးလေးပြောလိုက်သည်။
“ဒါဆို သားတို့လဲ ၃၀၀ လောက်တောင်းကြည့်မယ်ဗျာ” သက်စိုးက ပြန်ပြောသည်။ ကိုခင်မောင်စိုး ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်တို့ သိန်း ၃၀၀ လောက်လိုချင်ပါတယ် ဆရာကြီး” ကိုခင်မောင်စိုးက တုန်ယင်စွာဖြင့်ပြောလိုက်သည်။ ဆရာကြီးက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီး ကျုပ်လက်ငင်းရှင်းပေးမယ်” ဆရာကြီး၏ တပည့်များသည် အပေါ်ထပ်မှ ငါးထောင်တန်ဆယ်အုပ်စီး ၆ စီးချပြီး ကိုခင်မောင်စိုးတို့ရှေ့ကို ပုံပေးလိုက်သည်။
ကိုခင်မောင်စိုးတို့ သတင်းမှာ သူတို့ တောတိုက်ကလေးကော အနီးအနားရွာများပါမကျန် ပျံ့နှံ့သွားသည်။ ကိုခင်မောင်စိုးတို့မှာ ပုသိမ်ကြီးဆင်ခြေဖုံးတစ်နေရာတွင် အိမ်နှင့်ခြံကလေးဝယ်ပြီး ပြောင်းရွှေ့သွားပြီဖြစ်သည်။
“ငွေတွေရလာပြီဆိုတော့ အလှူလုပ်ရအောင် မိန်းမရေ” ကိုခင်မောင်စိုးက မအေးဘုံဘက်ကိုကြည့်ပြီးပြောလိုက်သည်။
“ကောင်းသားပဲ။ တော့် ကို ရဟန်းခံပေးမယ်လေ။ သားလေးက ကိုရင်ဝတ်ပေါ့” မအေးဘုံကပြောလိုက်သည်။ ကိုခင်မောင်စိုးကတော့ ဘာမှပြန်မပြောတော့။ တစ်သက်လုံး ဝမ်းစာအတွက် ပင်ပင်ပန်းပန်းရှာဖွေစားသောက်လာရသဖြင့် ရဟန်းမတက်ရသေးပေ။ သားငယ်ကတော့ လွန်ခဲ့သည့်နှစ်နှစ်က ရှင်ပြုပေးခဲ့ရသည်။
အလှူနေ့။
ကိုခင်မောင်စိုးတို့ အိမ်သစ်လေးမှာ စည်ကားနေသည်။ နေ့လည်ရောက်သောအခါ ကိုခင်မောင်စိုးနှင့် သက်စိုးကတော့ ဘုန်းကြီးကျောင်းသို့ရောက်သွားပြီဖြစ်သည်။ အိမ်တွင် မအေးဘုံနှင့် အမျိုးတစ်သိုက်သာ အလှူလုပ်ထားသည့် အရာများကို သိမ်းဆည်းနေသည်။ မအေးဘုံကတော့ ဒီဗွီဒီစက်ဖြင့် ကာရာအိုကေ ဆိုနေလေသည်။ စိုးစန္ဒာထွန်း၊ ပိုးအိစံ သီချင်းများကို အားရပါးရဆိုနေလေသည်။ သီချင်းများကို တစ်ယောက်တစ်လှည့်ဆိုကြသည်။
Comments
Post a Comment