ကန်တော်ကဝေမ၊ အပိုင်း(၃)
တစ်ပတ်လောက်ကြာတော့ ဆရာကြီးလုပ်ခိုင်းထားတဲ့သနွပ် ရပြီဗျို့။ အောင်မာ တော်တော်တော့လေးသားဗျ။ သနွပ်ထိပ်ကလှံသွားကလည်း ချွန်မြနေတာဗျို့။ အရိုးနောက်မှာ ကွင်းတစ်ခုပါတယ်ဗျ။ အဲဒီမှာကြိုးတပ်ရမှာလေ။ မိချောင်းကိုထိုးပြီးရင်အဲဒီကြိုးကနေ သနွပ်ကိုပြန်ဆွဲယူရတာဗျ။
ငွေသနွပ်ကို ဆရာကြီးက သေသေချာချာ စီရင်တယ်ဗျ။ မန်တန်တွေရွတ်တယ်။သက်ဆိုင်ရာအစောင့်အရှောက်တွေကို အပ်တယ်။ ကျုပ်တို့သုံးယောက်အဲဒီမြို့ကိုရောက်တော့ ကန်တော်လိုက်ပို့မယ့်မြင်းလှည်းတောင်ခေါ်လို့မရလို့ မြင်းလှည်းတော်တော်ရှာယူရတယ်ဗျ။ နောက်တော့အသက်ကြီးကြီး မြင်းလှည်းသမားတစ်ယောက်က သူလိုက်ပို့မယ်လို့ပြောသဗျ။ ဒါနဲ့တာတေတို့၊ ကန်တော်ကျောင်းကဘုန်းကြီးဉာဏဆီကို ရောက်ခဲ့ကြတယ်။ဘုန်းကြီးဉာဏက သက်တော်ငါးဆယ်ကျော်ကျော်ပဲ ရှိသေးတာပါ။ ကျုပ်တို့ကိုတွေ့တော့ ဘုန်းကြီးက လွှတ်ဝမ်းသာသွားတာဗျို့။
"ဟာ ဒကာကြီးတို့ရောက်လာပြီလား၊ လာကြ၊ လာကြ၊ ဘုန်းကြီးကဒကာကြီးတို့ကို နေ့တိုင်းကိုမျှော်နေတာဗျ"
ကျုပ်တို့လည်း ဘုန်းကြီးကို ဝတ်ပြုပြီးပြောင်လက်နေတဲ့ ကြမ်းပြင်မှာပဲထိုင်လိုက်ကြတယ်။ ဆရာကြီးပြောတဲ့အတိုင်းပါပဲဗျာ။ ဘုန်းကြီးကျောင်းဝင်းကအတော်ကိုကျယ်တာဗျ။ အထဲမှာလည်း သီးပင်စားပင်တွေနဲ့ ကျောင်းဝင်းကြီးတစ်ခုလုံးစိမ်းစိုအေးမြနေတာပါဗျာ။
"ဒီကျောင်းမှာက သံဃာခုနစ်ပါးနဲ့ ကိုရင်ဆယ်ပါးရှိတယ် ဒကာကြီးရဲ့၊ ကျောင်းသားကလေးငါးယောက်လည်းရှိတယ်။ သံဃာတစ်ချို့နဲ့ကိုရင်တွေက ဟိုအနောက်ဘက်က ကျောင်းကြီးမှာသီတင်းသုံးတယ်။ ဘုန်းကြီးနဲ့သံဃာသုံးပါးပဲ ဒီကျောင်းမှာသီတင်းသုံးတာ။ ဒကာကြီးတို့က ဟောဒီကျောင်းကြီးအပေါ်ထပ်မှာ လွတ်လွတ်လပ်လပ်တည်းခိုနေထိုင်ကြ၊ စားဖို့သောက်ဖို့အားလုံးပြည့်စုံပါတယ်။ ဒကာကြီးတို့ဆောင်ရွက်မယ့် ကိစ္စကိုသာ အေးအေးဆေးဆေးလုပ်ကြပေတော့"
"မှန်ပါ့ဘုရား၊ အခုရက်မှာ ဘာထူးခြားသေးတုံးဘုရား"
လို့ ဆရာကြီးက ဘုန်းကြီးဉာဏကို လျှောက်တယ်ဗျ။
"ဟာ ထူးပါပြီလား ဒကာကြီးရာ၊ ဒီကဝေမက မိန်းမချောချောပုံစံပြောင်းပြီး မြို့ထဲမှာ သွားလာနေဆိုပဲဗျ။ ပြီးတော့ကလေးမလေးတွေကိုတွေ့ရင် ရောနှောပြောဆိုပြီး ဘာနေ့သမီးလဲ၊ နာမည်ဘယ်လိုခေါ်လဲနဲ့ မေးဆိုပဲဗျ"
"ဟာ"
ကျုပ်ပါးစပ်က အသံထွက်တောင်သွားတယ်ဗျို့။ ဘုန်းကြီးကတောင် တာတေကို လှမ်းကြည့်သဗျ။
"မှန်ပါ့ဘုရား၊ ဒီကဝေမဟာ ကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ဒီကန်တော်ကို ရောက်နေတာပါဘုရား၊ အရှင်ဘုရားဆီကကြားရတဲ့ သတင်းအရဆိုရင်တော့ သူ့ ကိစ္စဆောင်ရွက်ဖို့ သိပ်မကြာတော့ဘူးထင်တယ်ဘုရား၊ ဪ ဒါထက် ဒီကန်တော်လို့ခေါ်တဲ့ကန်ကြီးဟာ ဘယ်တုန်းကတည်းကရှိတာလဲ ဘုရား"
"ဟာ ဒကာကြီးနှယ် ဒီမြို့က မြို့ဟောင်းကြီးလေ။ အင်းဝခေတ်လောက်ကတည်းက တည်တဲ့မြို့ဗျ။ ရှေးဘုရင်တွေလက်ထက်တော်က မြို့စားကြီးတွေ ခန့်အပ်ပြီးအုပ်ချုပ်တဲ့မြို့ဗျ။ ဒီရေကန်ကြီးက မြို့မတည်ခင်ကတည်းက ရှိတဲ့သဘာဝကန်ကြီး ဒကာကြီးရဲ့။ တောင်ကျရေအမြဲဝင်နေတာ။ စမ်းပေါက်တွေနဲ့ဆက်နေတာလို့ ပြောကြတယ်။ ဘယ်တော့မှရေမခန်းဘူးဗျ။ ပြီးတော့ မိုးဘယ်လောက်ကြီးကြီး ရေလျှံတယ်ဆိုတာလည်း မရှိဘူးဗျ။ အင်မတန်ထူးတဲ့ကန်ကြီးဗျ။ ဒါကြောင့်လည်းရှေးဘုရင်တွေလက်ထက်တော်ကတည်းက ဒီကန်ကို ကန်တော်လို့ခေါ်ကြတာပေါ့"
"ဪ ဒါဆိုရင် ဒီကန်ရဲ့သက်တမ်းက ကြာပြီပဲ၊ ဒါထက်ဒီမြို့မှာ ဒီကန်အောက်ကိုရေတွေဘာတွေ ငုပ်ဖူးတဲ့သူရှိသလား ဘုရား"
"ဟာ ဒကာကြီးနှယ် ဘယ်မှာလာပြီးရေငုပ်ရဲပါ့မလဲဗျာ။ ဒီကန်ထဲမှာ ဥစ္စာစောင့်သိုက်ရှိသလို မိချောင်းကြီးရှိသလိုကို ယုံနေကြတာဗျ။ ရေဆင်းကူးဝံ့သူတောင် မရှိဘူး ဒကာကြီးရဲ့"
"အရှင်ဘုရား မိန့်တဲ့အထဲမှာ မိချောင်းဆိုတာ ပါသွားသလားဘုရား"
"ဟုတ်တယ်ဒကာကြီးရေ၊ ဒီလို ဒီလို တစ်ခါကဒီမြို့မှာ ခပ်ပေပေခပ်ရွတ်ရွတ် လူတစ်ယောက်ရှိတယ်။ သူကမြင်းလှည်းသမားဗျ။ ပြီးတော့ဒီလူကအောက်ပြည်ကပြောင်းလာတာဗျ။ သူပြောတော့ ပင်လယ်မှာနေခဲ့တာ ရေငုပ်သိပ်ကျွမ်းတယ်ဆိုပဲ၊ ဒါနဲ့တစ်နေ့တော့မြင်းလှည်းဂိတ်မှာ အလောင်းအစားလုပ်ကြသတဲ့ဗျို့။ ဒီလူကရေအောက်မှာ ငါးမိနစ်ငုပ်နိုင်တယ်ဆိုပဲ။ အဲဒါကိုကျန်တဲ့လူတွေက မယုံဘူးဗျ။ ဒါနဲ့အလောင်းအစားလုပ်ကြတာပေါ့ဗျာ။
ဟောဒီကျောင်းရှေ့မှာ မြင်းလှည်းတွေမှတန်းစီပြီး ရပ်ထားတာဗျို့။ လူတွေမှလိုက်လာပြီးကြည့်ကြတာ မနည်းဘူးဗျ။ အဲဒီလူက အက်ျီချွတ်ပြီး ခါးတောင်းလေးမြှောင်အောင်ကြိုက်၊ ရေထဲဝုန်းကနဲခုန်ချ၊ ကုန်းပေါ်ကလူတွေက နာရီမှတ်ပေါ့ဗျာ"
"ဟာ သူနိုင်ရောလားဘုရား"
ဆရာနွံဖကဝင်ပြီးမေးတယ်ဗျ။ ဘုန်းကြီးဦးဉာဏကပြုံးပြုံးကြီးလုပ်ပြီး ပြောတယ်ဗျ။
"ဘယ်ကလာ နိုင်မတုံး ဒကာကြီးရာ၊ ရေထဲဆင်းရုံရှိသေးတယ်ဗျ၊ ရေအောက်မှာ ဝုန်း ဝုန်း ဝုန်း နဲ့ကြားတာဗျ။ ခဏနေတော့ဒီလူ မောကြီးပန်းကြီးနဲ့ကုန်းပေါ်ကို ရေကူးပြီးတက်လာတာ လူဆိုတာမောပြီး ဟောဟဲလိုက်နေတာဗျို့။ ဘာတုံး ဘာတွေ့လို့တုံးလို့ ဝိုင်းမေးတော့ မိချောင်းကြီး၊ မိချောင်းကြီးလို့ နှစ်ခွန်းအော်ပြီး သတိလစ်သွားလိုက်တာ ပြန်ကိုလည်မလာတော့ဘူးဗျို့"
"ဟာ သေရောလားဘုရား"
"သေပါရောလား ဒကာရဲ့"
"ဟင် ကုန်းပေါ်ကလူတွေကရော အဲဒီမိချောင်းကိုတွေ့လိုက်ရသလား ဘုရား"
"ဘယ်သူမှ မတွေ့ပါဘူးဗျာ၊ အဲဒီကတည်းကကန်ထဲမှာ မိချောင်းရှိတယ်ဆိုတဲ့သတင်းက ကျော်ထွက်သွားပြီး ရေစပ်ကိုတောင် မဆင်းဝံ့ကြတော့ဘူးဗျို့"
အပိုင်း(၄)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment