တစ်ပွဲတိုး အောက်လမ်း ၊ အပိုင်း(၁)
ခင်ခင်ဦး ရွာက ပျောက်သွားတယ်…
ပျောက်သွားတယ်ဆိုတာထက်
ထွက်သွားတယ်ဆိုတာက
ပိုမှန်မည်။ ဟုတ်တယ်…
သုံးနှစ်အရွယ် သမီးလေးရဲ့ ရက်လည်ပြီးတဲ့ညမှာပဲ
ခင်ခင်ဦး ရွာက တိတ်တဆိတ် ထွက်သွားတယ်…
သူ ဘယ်ကို ထွက်သွားတာလဲ …
ဘယ်သူမှ မသိဘူး။
ခင်ခင်ဦးကလည်း ဘယ်သူ့ကိုမှ မပြောဘူး
မိခင်ကြီးဒေါ်ညိုကိုတောင်
"ရောက်ရာ ပေါက်ရာ" လို့ပဲ ပြောသွားတယ်။
ခင်ခင်ဦးထွက်သွားတာ အကြောင်းရှိတယ်။
တစ်ရွာလုံး သိတယ်။
အဲဒီအကြောင်းကတော့ သူ့ရဲ့ အိမ်ထောင်ရေး ကိစ္စပဲ။
ခင်ခင်ဦးက ရွာမှာ အချောဆုံး ။
အလှဆုံးလို့တောင် ပြောနိုင်တဲ့
မိန်းမချောလေးတစ်ယောက်ပါ။
ရပ်ဓလေ့ ရွာဓလေ့အရ မိစုံဖစုံမရှိလို့ ကွမ်းတောင်ကိုင်
သတ်မှတ်တာ မခံရပေမဲ့ …
ကာလသားတွေကတော့ ခင်ခင်ဦးရဲ့အနားမှာပဲ
ဝိုင်းကြီးပတ်ပတ် လည်နေကျရဲ့ …
တိုတိုပဲ ဆိုကြပါစို့ ။
ခင်ခင်ဦး အသက်(၁၇)နှစ်အရွယ် လှသွေးတွေ
အစွမ်းကုန် ပွင့်လန်းနေဆဲမှာပဲ
အိမ်ထောင်ကျသွားခဲ့တယ်။
ခင်ခင်ဦးဘက်က မေတ္တာသက်ဝင် ချစ်ခင်လို့တော့
မဟုတ်ဘူး ။တစ်ဖက်သတ် အနိုင်ကျင့်ခံလိုက်ရတာ။
ရွာက မြေပိုင်ရှင်သား ။ ထန်းရည်သမား။
ကြက်သမား အုန်းမြင့်ရဲ့ လှည်းတင်ပြေးတာကို
ခံလိုက်ရတာ။ တောရွာရဲ့ ဓလေ့တစ်ခုပါပဲ။
အပျိုပြန်မဖြစ်တော့မယ့် အတူတူ
မချစ်သော်လည်း အောင့်ကာနမ်းသလို
မနမ်းသော်လည်း ပင့်သက်ရှုခဲ့ရသည်။
ခင်ခင်ဦး အုန်းမြင့်ကို ယောင်္ကျားတော်ခဲ့ရတယ်။
တစ်ရွာလုံးကတော့ ခင်ခင်ဦးဘက်က ရှိတယ်။
သနားကြင်နာခဲ့ကြတယ်။
နောက်ဆုံးတော့ ဆင်းရဲနွမ်းပါးတဲ့ ခင်ခင်ဦးတစ်ယောက်
အုန်းမြင့်လို မြေပိုင်ရှင်သားနဲ့ ရတယ်လို့ပဲ
အဆိုးထဲက အကောင်း ယူဆလိုက်ကြတယ်…
အိမ်ထောင်ပြုတယ်ဆိုတာ မိန်းမတစ်ယောက်အတွက်
မမြင်နိုင်တဲ့ ကံတရားနဲ့ အလောင်းအစားလုပ်ရတာပဲလေ။
မရခင်က အင်မတန်ဆိုးသွမ်းခဲ့တဲ့ ယောင်္ကျား…
မိန်းမရမှ လူကောင်းသူကောင်းဖြစ်သွားလို့
သူနဲ့ရတဲ့ မိန်းမ ကောင်းစားသွားတာရှိသလို…
မိန်းမ မရခင်က ကြိုးစားတဲ့ ရိုးသားတဲ့ယောင်္ကျားက
မိန်းမလည်း ရပြီးရော အရက်သမား ဖြစ်သွားတယ်
ဖဲရိုက် ကြက်တိုက် ဆိုးမိုက်သွားတယ်…
အဲဒီအခါကျတော့လည်း သူနဲ့ ရတဲ့ မိန်းမခမျာ
ငါးပါးမှောက်သွားတယ်။
တစ်သက်လုံး ဒူးနဲ့ မျက်ရည် သုတ်ရတယ်။
ခုလည်း အုန်းမြင့် လူကောင်း သူကောင်းဘဝ
ပြောင်းလဲသွားရင် ခင်ခင်ဦး ကံကောင်းနိုင်တယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ စောင့်ကြည့်နေခဲ့ကြတယ်…
ဒါပေမဲ့ လူမိုက်က လူမိုက်ပဲ။
အုန်းမြင့်က အုန်းမြင့်။
ကွဲပြား မသွားခဲ့ဘူး။
ဆိုးမွဲမိုကျမွဲ။
ပမွေဲတမွေဲပါပဲ။
ဒီအထဲမှာ ချီးကျူးစရာ သနားစရာကောင်းတာက
ခင်ခင်ဦး …
မချစ်မနှစ်သက်ဘဲ ယူခဲ့ရတဲ့ယောင်္ကျားပေမဲ့
မယားဝတ္တရားငါးပါးနဲ့အညီ ကျင့်ကြံနေထိုင်တယ် …
ဘုရားတစ်ဆူ ဂူတစ်လုံးလို လင်ကို ကိုးကွယ်တယ်…
အုန်းမြင့် သူ့အပေါ် ဘယ်လောက်ဆိုးဆိုး
သည်းခံနိုင်ခဲ့တယ် ။ အနွံအတာ ခံခဲ့တယ်။
အုန်းမြင့်ရဲ့ ရက်စက်ညှင်းဆဲမှုကလည်း
ကမ်းကုန်အောင် မိုက်ရိုင်းလာတယ်။
တစ်ရွာလုံးရဲ့ မျက်ရှုဖြစ်တဲ့ ခင်ခင်ဦးကို
အပျိုဘဝတုန်းက တမ်းတမ်းစွဲ ရူးမိုက်ခဲ့ပေမဲ့
အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ
အချိုးပြောင်းသွားတယ်။
ခင်ခင်ဦးကြောင့် တစ်ရွာလုံးမုန်းတာ ခံရတယ်…
သူ့ကို လူယုတ်မာအဖြစ် မြင်ကြတယ်…
ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးမျိုးနှိပ်စက်လာတယ်…
သွေးထွက်သံယို ဒဏ်ရာတွေရတဲ့အထိ
ကိုယ်ထိလက်ရောက် ရိုက်နှက် စော်ကားလာတယ်။
ခင်ခင်ဦးဘဝ"လင်ဆိုးမယား တဖားဖား" ဖြစ်ခဲ့ရတယ်။
"ဝဋ်ကြွေးတွေကို ဒီဘဝမှာပဲ ကျေအောင်ဆပ်မယ်"
ဆိုတဲ့ ခံယူချက်နဲ့ ဒူးနဲ့မျက်ရည်သုတ်ပြီး
ခင်ခင်ဦးပေါင်းတယ်။
လူကွယ်ရာနောက်မှ ကြိတ်မှိတ်ငိုခဲ့တယ်။
ဒီလိုနဲ့ ခင်ခင်ဦးရဲ့ ဘဝအမောတွေကို
သက်သာစေမယ့် ဆည်းလည်းလေးတစ်လုံး
ခင်ခင်ဦးဘဝထဲ ရောက်လာတယ်။
အိမ်ထောင်သက် နှစ်နှစ်အကြာမှာ သမီးလေးတစ်ယေက်
မွေးဖွာခဲ့တယ်။သမီးလေးရလာတော့လည်း
သမီးမျက်နှာနဲ့ အုန်းမြင့် လိမ္မာလာလေမလား
ဆိုတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာပြန်တယ်…
ဒါပေမဲ့ သမီးလေးသာ တဖြည်းဖြည်း ချစ်စဖွယ်
ကြီးပြင်းလာတယ်…
တောက်ဆတ် ။ တောက်ဆတ် လမ်းလျှောက်လာတယ်…
မပီကလာ ပီကလာ ။
တွတ်တီးတွတ်တာ စကားလေးတွေ
ပြောတတ်လာတယ်…
အုန်းမြင့်ကတော့ လူမိုက်က လူမိုက်ပါပဲ။
အခြားရွာက မိန်းမတစ်ယောက်ကို
မယားငယ် ယူထားတယ်ဆိုတယ်ဆိုတဲ့
သတင်း ထွက်လာတယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ
တိုးတိုးတိတ်တ်ိတ် သတင်းက
ကျယ်လောင်လာတယ်။
ကျယ်လောင်ရာကနေ ထင်ရှားလာတယ်။
နောက်ဆုံးမှာ မယားငယ်မစန်းကို
အိမ်ပေါ်ခေါ်လာတဲ့အထိ တိတိလင်းလင်း
ဖြစ်သွားတယ်။ဘယ်လိုပဲဖြစ်ဖြစ်
ခင်ခင်ဦးအနေနဲ့ ထူးပြီး မခံစားရဘူး။
နဂိုကတည်းက ဝဋ်ကြွေးဆပ်တယ်လို့
သတ်မှတ်ထားတာကိုး။
တစ်ခုတော့ ရှိတယ်။
မြန်မာ့ဓလေ့ရိုးရာ အစဉ်အလာက
တစ်လင်တစ်မယားစနစ် ထွန်းကားတဲ့
ဓလေ့ထုံးစံရှိတယ်။
တစ်ယောက်က တစ်ယောက်
ပြောင်းရမှာကို အရှက်အကြောက်ကင်းသူကလွဲပြီး
မလုပ်နိုင်ဘူးလို့ ခံယူထားတယ်။
တစ်ပင်လဲလို့ တစ်ပင်ထူပြီး အားကိုးရာ
ရှာတာမှာတောင် ကန့်သတ်မှုတွေ ရှိတယ်။
ဒီလို ဓလေ့ထုံးစံတွေကြားမှာ မယားငယ်
အိမ်ပေါ်ခေါ်တင်လာတဲ့ကိစ္စကိုတော့
ခင်ခင်ဦး မလိုလားဘူး။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment