လူသားစား ကဝေ အပိုင်း(၈) ဇာတ်သိမ်းပိုင်း
ဆရာကြီးက လက်ဝါးဖြန့်ပြီး ပြောလိုက်တယ်
ဆရာနွံဖကလည်း အင်းတစ်ချပ်ယူပြီး
ဆရာကြီးလက်ထဲကို ထည့်ပေးလိုက်တယ်
ဆရာကြီးက အင်းကို ပါးစပ်နားကပ်ပြီး
မန္တန်ရွတ်တယ်။ပြီးတော့ လှိမ့်နေတဲ့ ကဝေကြီးကို
အင်းနဲ့ပစ်လိုက်တယ်။
"ဝုန်း အား"
မီးခိုးတွေ မှောင်သွားတယ်။မီးခိုးလုံးကြီးကြားက
တအားကြုံးအော်လိုက်တဲ့ ကဝေကြီးရဲ့ အသံဟာ
တောကြီးတစ်ခုလုံး ဟိန်းသွားတာပဲဗျာ။မီးခိုးတွေ
ပျယ်သွားတော့ ကဝေကြီး ငြိမ်နေပြီဗျ။
လှုပ်ကို မလှုပ်တော့ဘူး။
ဆရာကြီးက အခြေအနေကို ခဏစောင့်ကြည့်ပြီးမှ
သူ့ရဲ့ပိုက်ကွန်ကို ပြန်ပြီးဆွဲယူလိုက်တယ်။
"မှတ်ထားကွ နွံဖရဲ့။ဒါကို ကဝေကွန်ယက်လို့ခေါ်တယ်
ဒီကွန်ယက်အောက်ရောက်လို့ကတော့ ဘယ်ကဝေမှ
မခံနိုင်ပါဘူးကွာ"
ဆရာကြီးက သူ့ရဲ့ကဝေကွန်ယက်ကို လွယ်အိတ်ကြီးထဲ
ပြန်ထည့်လိုက်တယ်။
"ဝုန်း"
ဟာ ကဝေကြီးရဲ့ အလောင်းကောင်ကြီးက အလိုလို
မီးထတောက်တာဗျို့။
အိုး တော်တော်ကို ပူတာပဲဗျာ။ဆရာကြီးနဲ့ ဆရာနွံဖတောင်
နောက်ကို ပြန်ဆုတ်လာကြရတယ်ဗျို့။
ဘယ်လိုဖြစ်လို့ ဒီလောက်ပူတာပါလိမ့်လို့
ကျုပ် တွေးနေတုန်းမှာပဲ…
"အဲဒါ ငရဲမီးတောက်လို့ ခေါ်တယ်ကွ။အကုသိုလ်
အလွန်ကြီးတဲ့ ကဝေကြီးတွေ သေတဲ့အခါ
ထပြီးတောက်တတ်တယ်ကွ။ဒါကြောင့်
တအားပူနေတာပေါ့"
ငရဲမီးတောက်ကြီး ငြိမ်သွားတော့ ကဝေကြီး
ပျောက်ပြီဗျို့။ပြာတောင်မကျန်ခဲ့ဘူးဗျ။
"ကဲ အဲဒီတဲကို မီးရှို့လိုက်ကွာ"
လို့ ဆရာကြီးက ပြောတော့ စောရေအေးနဲ့ မန်းအောင်ပွင့်က
ထွက်လာပြီး ရေနွေးကျိုထားတဲ့ မီးဖိုထဲက ထင်းစတွေဆွဲပြီး
တဲပေါ်ပစ်လိုက်တယ်။ခဏနေတော့ ကဝေကြီးရဲ့
တဲကလေး မီးလောင်တာပေါ့ဗျာ။
အိုးတွေ ခွက်တွေရော ငွေဖလားရော ဓါးပါမီးထဲကို
ပစ်ထည့်လိုက်ကြတယ်။
လူသားစားကဝေကြီးတော့ ဇာတ်သိမ်းသွားပြီပေါ့ဗျာ။
တာတေတို့လည်း ညတွင်းချင်းပဲ ကျောက်ထပ်ကနေ
လှည်းကျိုးကို ပြန်လာခဲ့ကြတယ်။
နောက်တစ်နေ့မှာပဲ ရန်ကုန်ကို ပြန်ခဲ့ကြတာပေါ့ဗျာ။
ပြီးပါပြီ
မူရင်းရေးသားသူ = တာတေ

Comments
Post a Comment