လူခြောက်မယား အပိုင်း(၄)



'ဟာ…အဘကလည်း ပေါက်ပေါက်ရှာရှာပြောတော့မယ်၊ လူခြောက်မဟုတ်ပါဘူးဗျ၊လူပါ၊ ရုံးထောင့်ရွာက မယ်ဆင့်ပါဗျ၊ မယ်ဆင့်က တော်တော်ချောတာ အဘရ၊ ကျုပ်နဲ့ သမီးရည်းစားဖြစ်နေတာ ကြာပြီဗျ၊ အဘတို့ တောင်းပေးမယ်ဆိုရင် ကျုပ်မယ်ဆင့်ကတစ်ဆင့် သူ့မိဘတွေကို ပြောခိုင်းလိုက်မယ်'

'ဟ …ဒီပ၊ မင်း တကယ်ပြောနေတာလားလူလေးရဲ့'

'တကယ်ပြောတာ အဘရဲ့၊ အဘ မယုံရင်စုံစမ်းကြည့်လေဗျာ၊ ကျုပ်နဲ့ မယ်ဆင့်နဲ့သမီးရည်းစားဖြစ်နေတာ သုံးနှစ်တောင်ရှိပြီဗျ'

'ရည်းစားဖြစ်တာတော့ ဟုတ်တယ်ပဲ ထားပါ ဒီပရာ၊ ဒါပေမဲ့ သူ့မိဘများက သူတို့သမီးနဲ့ သဘောတူပါ့မလားသားရယ်'

'ဘာဖြစ်လို့တုံး အဘရဲ့'

'ဟ…ဘာဖြစ်ရမှာတုံး လူလေးရဲ့၊လူလေးက လူခြောက်လေကွာ'

'ဟား၊ ဟား ၊ ဟား ၊ ဟား အဘကဒါကို စိတ်ပူနေတာလား၊ ဒီအတွက်မပူနဲ့ဗျ၊ ကျုပ်က ဝဋ်ကြွေးကြောင့်သာ
လူခြောက်ဖြစ်ရတာပါ၊ ကျုပ်ပြုခဲ့တဲ့ကောင်းမှုကံတွေကြောင့် လူတစ်ယောက်လို နေလို့ထိုင်လို့ရပါတယ်
အဘရဲ့'

'သြော်…ဒါဆိုရင် ငါ့သားက သူ့ကိုအိပ်မက်ပေးပြီး လူပျိုလှည့်တာပေါ့ဟုတ်လား'

'ဟုတ်တယ် အဘရဲ့၊ မယ်ဆင့်ကို ကျုပ် ရုံးထောင့်သွားတုန်းက မြင်ဖူးပြီးသဘောကျသွားတာဗျ'

'ဟင်၊ ငါ့သားက ရုံးထောင့် ဘာသွားလုပ်တာတုံး'

'အဘနဲ့ လိုက်ခဲ့တာလေဗျာ၊ ရုံးထောင့်မှာအဘသူငယ်ချင်း ဦးဥသြရှိတယ်မို့လားဗျ၊အဘ ဦးဥသြဆီကိုသွားလည်တုန်းကအဘနဲ့ ကျုပ်လိုက်လာခဲ့တာ၊ အဲဒီတုန်းက မယ်ဆင့်က ဦးဥသြတို့အိမ်ကို ဆီလာပို့တာ၊ ကျုပ်တွေ့လိုက်ရတာဗျ၊ အဲဒီညကမယ်ဆင့်ကို အိပ်မက်ပေးပြီး ကျုပ်သွားတွေ့တယ်၊ နောက်တော့ မယ်ဆင့်ဆီကိုကျုပ်ညတိုင်း ရောက်ပြီး ကြိုက်သွားကြတာ၊ မယ်ဆင့်က ကျုပ်ကို အပြင်မှာတွေ့ချင် မြင်ချင်တယ်ဆိုလို့ သူရောကျုပ်ရောဆုတောင်းကြတယ်၊ ဆုတောင်းပြည့်တာလား၊ အတိတ်ကံကြောင့်လားတော့မသိဘူးအဘရဲ့၊ မယ်ဆင့် ကျုပ်ကိုမြင်ရတယ်'

'ဟေ…ဟုတ်လား လူလေးရဲ့၊ မင်းတို့ဟာက တယ်လည်း ထူးဆန်းပါလားကွယ်'

'မယ်ဆင့်နဲ့ ကျုပ်နဲ့ စကားပြောနေတာကိုဘေးကမြင်ရင်တော့ မယ်ဆင့်တစ်ယောက်တည်း ပြောနေတယ်လို့ပဲထင်ရတာပေါ့အဘရယ်၊ ဒါပေမဲ့ မယ်ဆင့်က ကျုပ်ကို
ထိလို့ကိုင်လို့ ရသလို ကျုပ်ကလည်း သူ့ကို လူလူချင်း ထိသလို ထိလို့ရတယ်အဘရဲ့"

'ဟင်…ဒါဆိုရင် လူလေးမယ်ဆင့်နဲ့ ပေါင်းသင်းလို့ရတာပေါ့ ဟုတ်လား'

'ရတယ် အဘ'

လို့ နင့်ကိုကြီးဒီပက ရှက်ကိုးရှက်ကန်းနဲ့ပြောသတဲ့ တာတေရေ"

"ဟာ …ထူးဆန်းလိုက်တာ အရီးရာ"

"အေး…အဲဒါ နင့်ဘထွေးက မယုံဘူးဟဲ့၊ရုံးထောင့်ကို သွားတယ်၊ သူ့သူငယ်ချင်းဥသြတို့အိမ်မှာ တည်းပြီး ကလေးမလေးကို ခေါ်တွေ့တယ်၊ တွေ့တော့ နင့်ဘ
ထွေးက ကလေးမလေးကို မေးစမ်းကြည့်သတဲ့ဟေ့။

'သမီးမယ်ဆင့်၊ အဘက မောင်ဒီပရဲ့အဘပါ၊ ထနောင်းကုန်းကလာတာပါ၊ အဘသားနဲ့သမီးနဲ့လူငယ်ချင်း မေတ္တာမျှနေကြတယ်ဆိုတာဟုတ်သလားကွယ်'

လို့ မေးတော့ မယ်ဆင့်က မဆိုင်းမတွဘဲဟုတ်ကြောင်းပြောသတဲ့ တာတေရေ၊ ဒါနဲ့ဒီပပြောတာတွေ ဟုတ် မဟုတ် ဖြည်းဖြည်းချင်းမေးတော့ မယ်ဆင့်ကလည်း ဟုတ်ကြောင်းပြောတယ်၊ ဒါနဲ့ပဲ ဥသြတို့လင်မယား
ကို အကြောင်းစုံပြောပြပြီး စီစဉ်ခိုင်းရတာပေါ့ဟယ်၊ နင့်ကိုကြီး ဒီပက ကိုဖိုးဆန်းကိုရော ငါ့ကိုပါ အိပ်မက်ပေးတယ်

'အမေ…ကျုပ် အတိတ်က ပြုခဲ့တဲ့ကုသိုလ်ကံတွေကြောင့် မြေကြီးထဲမှာ မြှုပ်ထားတဲ့ပိုင်ရှင်မရှိတဲ့ ရွှေသိုက်တစ်ခုရထားတယ်၊အဲဒီထဲက ငါးဆယ်သားကို မယ်ဆင့်အတွက် တင်တောင်းပေးပါ၊ ကျန်တာတွေကို အဘနဲ့အမေယူကြပေါ့၊ နောင်လည်းလိုအပ်ရင် ကျုပ်သွားယူပေးပါ့မယ်'

လို့ ပြောတယ်ဟဲ့။ အိပ်ရာကနိုးတော့ တို့အိမ်ရာဘေးမှာ တကယ်ကို ရွှေထုပ်ကြီးရောက်နေတာဟေ့၊ ချိန်ကြည့်တော့ ခုနှစ်ဆယ့်ငါးကျပ်သား ရှိတယ်၊ ငါတို့က အစိတ်သားယူထားပြီး မယ်ဆင့်ကို တင်ထားဖို့ငါးဆယ်သားဖယ်ထားလိုက်တယ်၊ ရုံးထောင့်က ဥသြတို့လင်မယားက မယ်ဆင့်မိဘတွေနဲ့ ညှိနှိုင်းပြီးတာနဲ့ ငါတို့သွားပြီး မယ်ဆင့်ကို တောင်းတယ်"

'အဲဒီတုန်းက ကိုကြီးဒီပရောပါလားအရီးရဲ့'

'ဟဲ့ ပါတာပေါ့ တာတေရဲ့၊ သူ့ကိုမိန်းမတောင်းပေးတဲ့ဟာ သူမပါလို့ရမလားဟဲ့ '

'ဒါပေမဲ့ သူ့ကိုတော့ ဘယ်သူမှ မမြင်ရဘူးပေါ့ အရီးရဲ့'

'ဘယ်သူမှ မမြင်တာတော့ မဟုတ်ဘူးတာတေရေ၊ မယ်ဆင့်ကတော့ မြင်ရတယ်ဟဲ့၊ လူကြီးတွေကိုကန်တော့တော့မယ်ဆင့်က ပြောတာဟေ့၊ 'ကိုဒီပ…အဖေ
နဲ့ အမေကို ကန်တော့ရအောင်'တဲ့။ အဲဒီလို ပြောပြီးတာနဲ့ ငါတို့ကို ကန်တော့ကြတယ်၊ ပြီးတော့ …

'ကိုဒီပ …မယ်ဆင့်မိဘတွေကို ကန်တော့ရအောင်' လို့ မယ်ဆင့်ကပြောပြီး ကန်တော့ကြတယ်။ အရီးတို့မိဘတွေကတော့ မယ်ဆင့်တစ်ယောက်ပဲ မြင်တာပေါ့ဟယ်၊ ဒါပေမဲ့ရုံးထောင့်က လူကြီးတွေက အကြောင်းစုံသသွားကြတော့မေးတယ်၊

'လုံမလေး မယ်ဆင့် မောင်ဒီပကိုလုံမလေးမြင်ရသလား'တဲ့။

တာတေရေ မယ်ဆင့်က လူကြီးတွေရှေ့မှာပဲ ပြန်ဖြေတယ်။ 

'ကျမ ကိုဒီပကိုမြင်ရပါတယ် ဘိုး'

'အေး အေး၊ ဘဝတွေများ တယ်လည်းဆန်းကြယ်ပေတာကိုး လုံမလေးရယ်၊ ဘဝရေစက်တွေပါလာခဲ့လို့လည်း ခုလိုဆုံစည်းပြီး ပေါင်းဖက်ရတာပလေ၊ သူများတွေမြင်ဖို့ မမြင်ဖို့က အဓိက မဟုတ်ဘူးလေ၊လုံမလေးတို့ချင်း မြင်တွေ့ကြရင် ပြီးတာပါပဲကွယ်'လို့ ရုံးထောင့်က လူကြီးတွေက ပြောပြီး…

'မောင်ဒီပကလည်း လင့်ဝတ္တရားငါးပါးနဲ့အညီ နေထိုင်ပေါ့ကွယ်၊ မယ်ဆင့်ကလည်း မယားဝတ္တရားငါးပါးကျေအောင်နေကွဲ့လုံမလေးရဲ့၊ မောင်ဒီပကလည်းဇနီးမယားဆိုပေမယ့် မယ်ဆင့်ကို ညီမလေးလိုလည်း စောင့်ရှောက်ပေါ့ကွယ်'

အပိုင်း(၅)ဆက်ရန်...

မူရင်းရးသားသူအား လေးစားစွာcreditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)