ကွင်းပိုင်နှမ မဖဲဝါ၊ အပိုင်း(၅)



"ဟဲ့ သရဲမ၊ ဒီပစ္စည်းတွေဟာ နင့်ပစ္စည်း မဟုတ်လား၊
ဘာဖြစ်လို့ နင်ကာကွယ်နေရတာလဲ၊ နင့်ကို ငါ
ဒီလောက် နှိပ်စက်တာတောင် နင်ခံနိုင်နေသေးတယ်
ကဲ…အခု နောက်ဆုံး မေးမယ်၊ ပစ္စည်းတွေ ငါ့ကို
အပ်မလား၊ မအပ်ရင် ငါ့ နင်ကို မီးလောင်တိုက်
သွင်းတော့မယ်၊ နင်ဖွက်ထားတဲ့ မြို့စားရဲ့သိုက်ကို
အခု ဖော်လိုက်စမ်းဟေ့၊ ဖျန်း "

"အောင်မယ်လေး ပူလိုက်တာတော် "

မဖဲဝါရဲ့ မချိမဆံ့ အော်လိုက်တဲ့ အသံကြီးဗျ၊
အသံနက်ကြီးနဲ့ အော်လိုက်တာဗျ၊ ကျုပ်တောင်
လန့်သွားတယ်။ နောက်ကို ကျုပ် လှည့်ကြည့်လိုက်တော့
ကွင်းပိုင်ကြီးက လက်သီးကြီးတွေ ဆုပ်ထားပြီး
အံကြီးကြိတ်ထားတယ်။ကွင်းပိုင်ကြီးရဲ့ လက်သီးကြီးတွေက
တင်းတောင်းကြီးတွေလောက် ရှိတာဗျ။

အံကြိတ်လိုက်တော့မှ ကြယ်ရောင်အောက်မှာ
အစွယ်ကြီးတွေ ဖွေးနေတာကို တွေ့လိုက်ရတာဗျ။
သိုက်ဆရာ ကဝေရဲ့ ကြိမ်းမောင်းသံကြီးတွေ၊
မဖဲဝါရဲ့ မချိမဆံ့အော်သံ၊ ကွင်းပိုင်ကြီးရဲ့
အစွယ်ဖွေးဖွေးနဲ့ ဒေါသမျက်နှာကြီးတွေကို
တွေ့လိုက်ရတော့ ကျုပ်ဖြင့် လိပ်ပြာလွင့်
မသွားအောင် မနည်းကို သတိထားနေရတော့တာဗျို့။

ကျုပ်လုပ်ရမယ့် အလုပ်ကိုလုပ်ဖို့ 'သိုက်ဖော်'ဆေးလုံးကို
ယူလိုက်တယ်၊ ဒီဆေးတော်က ဆရာဖိုး ပေးခဲ့တာဗျ။
ဆရာဖိုးဆိုတာ 'ဘင်ဂျိုဘစော'ဝတ္ထုမှာ ပါတဲ့
သိုက်ဆရာကြီးလေဗျာ။ အင်မတန်မှ အစွမ်းထက်သလောက်
အင်မတန် တည်ကြည်ပြီး အင်မတန်မှ ကတိသစ္စာ
တည်တဲ့ ပုဂ္ဂိုလ်ကြီးပါဗျာ။ ကျုပ်တို့ရွာက
ပျောက်သွားတဲ့ ဘင်ဂျိုဘစောကြီးကို 
သိုက်ထဲမှာ တွေ့လို့ ဆရာဖိုးနဲ့ ကျုပ်
ပြန်ခေါ်ခဲ့ကြတာလေဗျာ။

ဒီဆေးလုံးကို ကတ္တီပါဘူးလေးနဲ့ ထည့်ထားတာဗျ။

"မောင်တာတေ၊မင်းကြည့်ကွဲ့၊ ဆေးတော်က
တစ်လုံးတည်းပဲ ၊ ဒါပေမဲ့ မင်း ဘယ်နှခါပဲသုံးသုံး
သုံးပြီးတာနဲ့ ဒီကတ္တီပါဘူးထဲကို သူ့အလိုလို
ပြန်ရောက်နေလိမ့်မယ် "

ဆရာဖိုး ကျုပ်ကို မှာသွားတာဗျ။
ကျုပ်ဆေးတော်ကို ထုတ်ယူလိုက်တယ်
ပြီးတော့ ဆေးတော်နှိုးတဲ့ ဂါထာကို 
ကျုပ်ရွတ်လိုက်တယ်။ ကျုပ်လက်ထဲမှာ
ဆုပ်ထားတဲ့ 'သိုက်ဖော်'ဆေးတော်လုံးက
ခုန်နေပြီဗျို့။ 

"ကဲကြာ "

မြို့စားမင်းရဲ့ ဂူဟောင်းကြီးကို ကျုပ်ဆေးလုံးနဲ့
ပစ်လိုက်ပြီဗျို့

"ဝုန်း ဖျန်း ဖျန်း ဖျန်း ဖျန်း "

ဟာ မီးခိုးလုံးကြီး ဝုန်းကနဲ ပေါ်လာတာဗျို့
ဟာ မီးတွေ ၊ ဟာ မဟုတ်ဘူးဗျ၊ စက်တွေဗျ၊
စက်တွေ၊ ဒါ ကဝေစက်တွေဗျ၊ ကျုပ် ချက်ချင်းပဲ
နောက်ကို ခြေလှမ်းသုံးလေးလှမ်း ဆုတ်လိုက်တယ်

ဟာ ကွင်းပိုင်ကြီး ပြေးလာပြီဗျို့။ အခိုးအငွေ့တွေ
ပျောက်ကွယ်သွားတော့ ကဝေရဲ့ စက်ရောင်ကြီးက
လင်းပြီး ကျန်ရစ်ခဲ့တယ်။ ဟော…တွေ့ပြီ၊ တွေ့ပြီ၊
ဟိုမှာ မဖဲဝါ၊ မဖဲဝါရဲ့ တစ်ကိုယ်လုံးကို စက်တွေ
လွှတ်ပြီး ကြိုးတုတ်သလို တုတ်ထားတာဗျို့။
မဖဲဝါက ဆံပင်ဖားလျားကြီးနဲ့ ဒူးတုပ်လျက်ကြီးဗျ။

ကဝေက ဆေးကြိမ်လုံးကြီး ကိုင်လို့ဗျ။
ဒီဆေးကြိမ်လုံးနဲ့ မဖဲဝါကို ရိုက်ပြီး 
သိုက်ဖော်ခိုင်းနေတာဗျ။ ရုတ်တရက်
အခိုးအငွေ့တွေထပြီး မြို့စားသိုက်
ပေါ်လာတော့ ဝမ်းသားအားရနဲ့ ဖြစ်သွားတာဗျို့။

"ကဲ ဘယ်လိုတုံး သရဲမ၊ နင် နောက်ဆုံးတော့
နင်စောင့်ရတဲ့သိုက်ကို ဖော်လိုက်ရပြီမို့လား၊
ဟား ဟား ဟား ဟား "

ကျုပ် ကြည့်လိုက်တော့ သော့ခတ်ထားတဲ့
ကြေးသေတ္တာတွေဗျ။ ရှေးဟောင်းသေတ္တာကြီးတွေဗျို့
ဘယ်နှလုံးမှန်းတော့ မသိဘူး၊ တစ်လုံးပေါ်တစ်လုံး
ဆင့်ထားတာဗျ။ ကျုပ် သိုက်ဖော်ဆေးနဲ့
ပစ်လိုက်လို့ သိုက်ပေါ်လာတာကို ကဝေက
မဖဲဝါ သူနှိပ်စက်တာကို မခံနိုင်လို့ သိုက်ဖော်
ပေးလိုက်တယ်ထင်ပြီး ဝမ်းသာအားရ ဖြစ်နေတာဗျ။

"ဘုန်း၊ ဘုန်း၊ ဘုန်း ဘုန်း "

ကွင်းပိုင်ကြီးက သူ့ညီမကို မြင်လိုက်တော့ 
ချက်ချင်းပဲ ရှေ့ကို ပြေးထွက်ပြီး ကဝေကို
ဖမ်းဖို့ လုပ်တာဗျ။ ကျုပ် သိလိုက်တယ်
ကွင်းပိုင်ကြီး မှားသွားပြီ။ ဒီလောက်စွမ်းထက်တဲ့
ကဝေကို သူ ဘယ်လိုမှ ယှဉ်လို့ မရနိုင်ဘူး
ဆိုတာ သူ မသိဘူးဗျ။

မြို့စားသိုက်က ရတနာသေတ္တာတွေကို
မြင်လိုက်ရလို့ ဝမ်းသာအားရဖြစ်နေတဲ့
ကဝေက ရုတ်တရက်ကြီး ပြေးဝင်လာတဲ့
ကွင်းပိုင်ကြီးကို မြင်လိုက်တော့ အံ့သြပြီး
သူ့လက်ထဲက ဆေးကြိမ်လုံးနဲ့ ရမ်းလိုက်တယ်

ကွင်းပိုင်ကြီး တုံ့ကနဲ ရပ်သွားတယ်။ ရှေ့ကို
တိုးလို့ မရတော့ဘူးဗျ။ ဒီမှာတင် ကဝေက
သူ့ပါးစပ်ထဲက စိမ်းပြာပြာ အရောင်တလက်လက်
တောက်နေတဲ့ စက်တွေကို ခပ်မြန်မြန် လွှတ်ပြီး
ကွင်းပိုင်ကြီးကို စက်တွေနဲ့ ပတ်ထားလိုက်ရောဗျာ။

ကွင်းပိုင်ကြီး လှုပ်ကို မလှုပ်နိုင်တော့တာဗျ။
လှုပ်လိုက်တာနဲ့ တအားပူပြီး အသံနက်ကြီးနဲ့
အော်ရတော့တာဗျို့။

"ဟား ဟား ဟား ဟား လက်စသတ်တော့ 
ကွင်းပိုင်က မင်းနှမကို ဖမ်းထားလို့ မင်းလိုက်လာတာပေါ့
ဟုတ်စ၊ သိပ်ကောင်းတာပေါ့ကွာ၊ ယုန်ထောင်တာ
ကြောင်ပါမိနေတော့ သိပ်ကောင်းတာပေါ့ 
ဟား ဟား ဟား ဟား "

မဖဲဝါရော ကွင်းပိုင်ကြီးရော ခေါင်းငိုက်စိုက်ကျသွားပြီဗျို့

"ကဲ ဟောဒီပုလင်းထဲကို ကွင်းပိုင် ဝင်စမ်းဟေ့ "

ကဝေက လက်နှစ်ဖက်ကို ရှေ့တန်းပြီး ကွင်းပိုင်ဆီကို
အနီရဲရောင်စက်တွေ ထပ်လွှတ်လိုက်တာ ကွင်းပိုင်ကြီး
အရွယ်တဖြည်းဖြည်း သေးသွားလိုက်တာ ကဝေ
မြေကြီးပေါ်မှာ ထောင်ပြီး ချထားတဲ့ ပုလင်းထက်
တောင် သေးသွားတာဗျို့။ နောက်ဆုံးတော့
စိမ်းပြာရောင်စက်တွေနဲ့ တုပ်နှောင်ထားတဲ့
ကွင်းပိုင်ကြီးဟာ ကျုပ်ရဲ့ လက်သန်းလောက်
အရွယ်ကလေး ဖြစ်သွားရောဗျာ။

အပိုင်း(၆)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ Creditပေးပါသည်။.

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)