ဝါးအမြုတေ အပိုင်း(၂)
ခဏကြာသောအခါရှေ့ဆက်ခဲ့သည်။ မကြာခင် ပလ္လင်စာတော ရောက်သည်။
“သားရေ ဒီတောက နတ်ကြီးတယ်၊ မဟုတ်တဲ့ စကားတွေ မပြောနဲ့။ မတွေးနဲ့။ ကိုယ့်ဖာကိုယ် မျှစ်ကောင်းကောင်းရပါစေလို့ပဲတွေး။ နောက်ပြီးတော့ တောဝက်တွေဘာတွေလဲ သတိထား၊ မျက်စိလျှင်လျှင်ထား ဟုတ်ပြီလား” ကိုခင်မောင်စိုးက သားကို သင်ပေးနေရသည်။ သူ့သား သက်စိုးမှာ ဒီတောဖက်မရောက်ဖူးသောကြောင့်ဖြစ်သည်။
မကြာမီသူတို့မိသားစု ဝါးရုံကြီးတွေ ပေါများသည့် နေရာသို့ ရောက်လာကြသည်။ တောင်ကြော အောက်ခြေတွင်ဖြစ်သည်။
“ကဲ မိန်းမ မင်းဒီနားမှာ ခူး” ကိုခင်မောင်စိုးကပြောသည်။
အေးဘုံက ခေါင်းညိတ်လိုက်သည်။ ထိုနေရာတွင် ဝါးရုံသုံးလေးရုံရှိသည်။ လူခွဲ၍ မျှစ်မခူး၍မဖြစ်၊ အချိန်က အရေးကြီးသည်။ ရွာအရောက် လာဝယ်သည့် မျှစ်ဒိုင်ကို အချိန်မီရောင်းနိုင်မှဖြစ်မည်။ အချိန်မီ မရောင်းနိုင်ပါက မျှစ်က လတ်ဆတ်မှု လျော့နည်းသွားသည်။ ထိုအခါတွင် မျှစ်တွေကို ပြုတ်ပြီးမှ ရောင်းရတော့သည်။ ဈေးကတော့ သိပ်မကောင်းပေ။
ကိုခင်မောင်စိုးတို့ သားအဖတောင်ကြောပေါ်ဆက်တက်သွားသည်။ မကြာခင် ဝါးရုံများရှိသည့်နေရာသို့ရောက်သည်။ ကိုခင်မောင်စိုးက လက်ညှိုးထိုးပြလိုက်သည်။ သဘောကတော့ သူ့သားကို ဒီနေရာမှာတူးဖို့ပြောခြင်းဖြစ်သည်။ သက်စိုးကလဲ ထိုဝါးရုံတွင်နေခဲ့သည်။ ကိုခင်မောင်စိုးကတော့ တောင်ပေါ်ဆက်တက်သွားလေသည်။
မိုးသားတိမ်လိပ်တို့ တဖြည်းဖြည်းတက်လာသည်ကို တောင်ကြောပေါ်မှ လှပစွာရှုမြင်နိုင်သည်။ သက်စိုးသည် တောင်းကြီးကိုချကာ ဓါးကိုကိုင်လိုက်သည်။ ဝါးရုံအောက်ခြေကို သေချာလိုက်ကြည့်သည်။ မျှစ်စို့များကို တစ်တောင်အောက်မျှစ်စို့များသာ စားသုံးနိုင်ပြီး တစ်တောင်ထက်ကျော်သွားပါက မျှစ်မှာရင့်သွားသည့်အတွက် ဝါးအဖြစ်အသုံးပြုရန် ချန်ထားရသည်မှာ အစဉ်အလာဖြစ်သည်။ ထို့ကြောင့် မျှစ်ကို ငယ်က စားဖော်၊ ကြီးတော့ အိပ်ဖော်ဟု စကားပုံရှိသည်မဟုတ်ပါလား။
တစ်နာရီခန့်ကြာသောအခါ သက်စိုးသည် မျှစ် ၅ ပိဿခန့်ရပြီဖြစ်သည်။ သူ့အမြန်နှုန်းသည် နှေးလှသည်၍ပင်ပြောရမည်။ ကိုခင်မောင်စိုးဆိုလျှင် မျှစ် ၈ပိဿ ၁၀ပိဿ လောက်ရတတ်သည်။ အတွေ့အကြုံကလဲ စကားပြောမည်။ သက်စိုးသည် စိုက်နှစ်ကာ မျှစ်ဆို့များကို ရှာကြံပြီး ဓါးထက်ထက်ဖြင့်ထိုးကာ ဖြတ်နေသည်။ ထိုစဉ်သူသည် ရေဆာလာသည်။ ရေဗူးထဲမှ ရေကလဲ ကုန်ပြီဖြစ်သည်။ ကိစ္စတော့မရှိ။ ဒီတော ဒီတောင်သည် စိမ့်စမ်းများ အလွန်ပေါ်များသည်။ သက်စိုးတို့လို မျှစ်ခူးသူများသည် စိမ့်စမ်းရေသာ သောက်ကြသည်ဖြစ်သည်။ ထို့ကြောင့် နားကိုစွင့်လိုက်သည်။ မနီးမဝေးမှ ရေကျသံသဲ့သဲ့ကြားရလေသည်။ ထို့ကြောင့် ရေသန့်ဘူးခွံကို ကိုင်ကာ ထိုနေရာသို့ ပြေးလာခဲ့လေသည်။
တောင်ကြောပေါ်မှ ကျဆင်းလာသော စမ်းချောင်းကလေးသည် ကျောက်ခွက်များအတွင်းပြေးလွှားစီးဆင်းနေသည်။ ရေက အလွန်အေးလှသည်။ သဘာ၀ ရေခဲရေဖြစ်သည်။ ထိုရေမှာလဲ အငန်ဓါတ်တစ်မျိုးပါသည်။ သက်စိုး မန္တလေးရောက်တော့ မန္တလေးကရေကို မသောက်တတ်။ ပေါ့သောကြောင့်ဖြစ်သည်။ သက်စိုးလဲ ရေဗူးဖြင့် ခံပြီး အဝသောက်လိုက်သည်။ ထို့နောက် နောက်တစ်ဗူးအပြည့် ထပ်ဖြည့်လိုက်သည်။
ပြန်လှည့်ထွက်မည်အလုပ် အသံတစ်ခုကို ကြားလိုက်ရသည်။ အသံမှာ သီချင်းသံဖြစ်သည်။ လူတစ်ယောက်သီချင်းဆိုနေသံဖြစ်သည်။ ယခုကဲ့သို့ တောထဲတွင်လဲ အခြားမျှစ်ခူးသူများလဲ ရှိသည်။ လူများသည့်အဖွဲ့များဆိုလျှင် ဝါးတစ်ရုံကို သုံးလေးယောက် ဝိုင်းခူးကြသဖြင့် စကားပြောခြင်း၊ သီချင်းဆိုချင်းများ ပြုလုပ်တတ်ကြသည်။ သက်စိုးဆက်လက်၍ နားထောင်နေမိသည်။ သီချင်းသံမှာ မိန်းကလေး သီချင်းသံဖြစ်သည်။ သူလဲ သိချင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ မျှစ်ခူးရင်း တခြားအနီးအနားမှ ရွာသူလေးများနှင့် ကြိုက်ကာ အိမ်ထောင်ကျသည်များပင်ရှိသောကြောင့်ဖြစ်သည်။
သက်စိုး သီချင်းသံနောက်ကို လိုက်သွားလေသည်။ သီချင်းသံမှာ တောင်ကြောအထက်နားမှလာသည်ဖြစ်သည်။ မိန်းကလေးဆိုနေသည့်သီချင်းမှာ ခေတ်ပေါ်တေးမဟုတ်၊ သက်စိုးကတော့ ဘာသီချင်းမှန်းမသိ၊ နားထောင်ကောင်းသည်ကတော့ အမှန်ဖြစ်သည်။
“သီတာ ဖီလာ မြောင်ကာဆီပါလို့ . . တောင်ကြီးတွေက အုံမှိုင်းရည် . . . အုံမှိုင်းရည်"”
သီချင်းသံက အေးအေးလေးနှင့် အသံမှာလဲ အလွန်မှန်နေသည်။ သက်စိုးလဲ အလောတကြီးလိုက်သွားသည်။ ဆယ်ကျော်သက် မိန်းမငယ်လေးတစ်ယောက်၏ အသံနှင့်တူနေလေသည်။
တောင်ကြောပေါ်အရောက်တွင် ဝါးရုံကြီးတွေက ဟီးထနေသည်။ ဝါးပိုးဝါးရုံကြီးများဖြစ်သဖြင့် အုပ်ဆိုင်းနေသည်။ သက်စိုးလဲ အသံကို အလွန်နီးကပ်စွာကြားနေရပြီဖြစ်သည်။ သူလဲ ရုတ်တရုတ်မသွားဘဲ သီချင်းဘယ်သူဆိုနေလဲဆိုတာ သိရရန်အတွက် တဖြေးဖြေး ဝါးရုံနားကို ကပ်သွားလေသည်။ သူသွားနေစဉ် ရယ်မောသံ၊ လူနှစ်ယောက်စကားပြောသံ၊ တခစ်ခစ် ရယ်သံများကို ကြားနေရလေသည်။
“ဟင် လူလဲမရှိပါလား”
သက်စိုးက အသံကြားရာ ဝါးရုံပင်ကို လှမ်းကြည့်လိုက်သည်။ ဝါးရုံပင်ကြီးသုံးပင်သည် မြေပြန့်တွင် ဖိုခနောက်ဆိုင်အနေအထားဖြင့် ပေါက်နေလေသည်။ အရိပ်ကောင်းသည်။ အုပ်ဆိုင်းနေသည်။ အသံကတော့ ရပ်မသွားသေး။ သက်စိုး ခေါင်းနားပန်းကြိးသွားသည်။ ကြက်သီးတွေထလာသည်။ တောခြောက်နေတာလား၊ သရဲနဲ့တွေ့တာလား။
သက်စိုးသူ့အဖေပြောတာကို ပြန်အမှတ်ရသွားသည်။ ထိုအကြောင်းမှာ ဝါးအမြုတေဖြစ်သည်။
အပိုင်း(၃)ဆက်ရန်. . .
Comments
Post a Comment