ကျောက်တစ်လုံးသိုက်၊ အပိုင်း(၃)
"ဟိုဆရာနဲ့ တပည့်နှစ်ယောက်လဲ မမြင်ပါလား၊
သူတို့ ဘယ်ရောက်သွားလဲ"
မောင်အေးက အားလုံးကို ရှင်းပြလိုက်သည် နတ်စင်မှာ
အောက်လမ်းနည်းနဲ့ တိုက်ခိုက်ထားပြီး
နတ်ပြုစားထားသလို လိမ်ညာခဲ့သည့်အကြောင်း
ရွာသားတို့ သိသွားကြသည်။
"အောက်လမ်းနည်းနဲ့ ယုတ်ညံ့တဲ့ အစီအရင်
ပြုပြီး ပြာချ၊ ဟင်္သာပြဒါးနဲ့ ဖျော်၊ တံစူးဝါးကို
စုတ်တံလုပ်ပြီး ဒီနတ်စင်အောက်မှာ
ကိုယ်ခိုင်းချင်သလို ရေးထား အောက်လမ်းနည်းပဲ
ယုတ်ညံ့လွန်းလို့ နတ်လဲ အငိုက်မိသွားပြီး၊
သူတို့ခိုင်းချင်တဲ့အတိုင်း လိုက်လုပ်ပေးနေတာ"
"ဆရာကြီးက ဘယ်လိုသိတာလဲ"
"ဆရာကြီးနဲ့ ကျနော်တို့ ခရီးထွက်လာတာ
နတ်စင်ရှေ့အရောက် ၊ ဆရာကြီးက အောက်လမ်းစီရင်
ထားတာကို အာရုံပြုကြည့်ပြီးသိလို့၊ သူတို့
အစီအရင်ကို ဖျက်ပစ်လိုက်တာ၊
ဒီက အစီအရင်ကို ဖျက်ပစ်လိုက်တဲ့အချိန်
မိန်းကလေးမှာ ဝင်ပူးကပ်နေတဲ့ ရွာစောင့်နတ်လည်း
အနှောင်အဖွဲ့ လွတ်သွားတဲ့အတွက်၊
နတ်က ဓါးဆွဲပြီး လိုက်တော့တာပေါ့ "
"ကဲ…ကဲ …မိန်းကလေးလည်း နေကောင်းသွားပြီ၊
နောက်ကို အခုလို လုပ်စားတဲ့ မသမာတဲ့ဆရာမျိုး
တွေနဲ့ မကြုံရအောင် သတိထားပြီး နေကြပေါ့ကွယ်"
"ကျေးဇူးတင်လှပါတယ်၊ ဆရာကြီး ကျနော်တို့
ရွာမှာ ဝင်တည်းသွားပါအုံးလား ကျနော်တို့
ကျေးဇူးပြုချင်လို့ပါ "
"ကျေးဇူးတင်ပါတယ်ကွယ်။ ဆရာကြီးတို့
သွားရမယ့်၊ ခရီးကဝေးလို့ ရွာထဲမဝင်တော့ပါဘူး
အပြန်ခရီး သည်ဘက် ရောက်ရင် ဝင်တည်းပါ့မယ်"
"အပြန်ကျရင်တော့ အချိန်ရရ၊ မရရ ကျနော်တို့
ရွာကိုဝင်ခဲ့ပါ ဆရာကြီး တစ်ရက်တန်သည်
နှစ်ရက်တန်သည် အနားယူပြီးမှ ပြန်ပါဆရာကြီး"
"ကဲ ကဲ …အားလုံးပြန်ကြတော့ ကလေးမလေးကိုလဲ
အနှောက်အယှက် ဘယ်သူမှ အန္တရာယ်မပေးနိုင်တော့ပါဘူး
စိတ်ချလက်ချသာပြန်ကြတော့ ဆရာကြီးတို့လည်း
ခရီးဆက်တော့မယ် "
ထိုသို့ ပြောဆိုပြီး ဆရာကြီးလည်း ရွာသားများကို
ကျောခိုင်း၍ ထွက်လာခဲ့ကြသည်။
XXXXX
"တောက် …ငါ့အကြံကို လာနှောက်ယှက်တာ
ဟိုဆရာစုတ်နဲ့ သူ့တပည့် မဟုတ်လား "
"ဟုတ်တယ် ဆရာကြီး စားရတော့မယ့်
ဟင်းခွက်ထဲ သဲပစ်ထည့်သလို ခံစားလိုက်ရတယ်"
ဆရာတပည့်တို့သုံးယောက်တို့လည်း တောင်ကုန်း
ကမူပေါ်မှနေ၍ ချုံပင်များ အကာအကွယ်ယူကာ
အခြေအနေကို အကဲခတ်နေသည်။
"ကဲ …တပည့်တို့ ငွေရပေါက်တစ်ခု ပျောက်သွားပေမယ့်
စိတ်ပျက်စရာမလိုပါဘူး၊ ဆရာတို့ ဒီလမ်းကို
လာခဲ့တဲ့ ဦးတည်ချက်က ကျောက်တစ်လုံးသိုက်ကို
ဖော်မယ့်ကိစ္စ အကူအညီပေးဖို့ မဟုတ်လား "
"ဟုတ်တယ်လေ…ဆရာကြီး ဒါနဲ့ ကျောက်တစ်လုံးသိုက်ကို
ဦးဆောင်ဖော်မယ့် ဆရာကြီးရဲ့ ဆရာနဲ့ ဘယ်မှာ
ဆုံကြမှာလဲ "
"ဒီကနေ တစ်နေ့ခရီးလောက် သွားရတဲ့ နှစ်ဆင့်
ရေတံခွန်မှာ ဆုံဖို့ ကြိုတင်မှာထားတယ်
ကျောက်တစ်လုံးသိုက်နဲ့ နှစ်ဆင့်ရေတံခွန်က
သိပ်မဝေးဘူးဆိုတော့ ဆရာကြီးက အစီအရင်ကြိုတင်
လုပ်ထားလိမ့်မယ်၊ နောက်က လိုက်လာတဲ့
အဘိုးကြီးနဲ့ သူ့တပည့်တို့ မျက်ခြည်ပြတ်အောင်
မြန်မြန်လျှောက်ကြ"
အောက်လမ်းဆရာက အသက်ငါးဆယ်ကျော်
တပည့်နှစ်ယောက်က အသက်သုံးဆယ်ကျော်
သွားနိုင် လာနိုင်တုန်း၊ အထက်လမ်းဆရာကြီးက
အသက်(၇၀)ခန့်ရှိပြီမို့ တစ်နေ့ ခရီးဆိုလျှင်
အတော်အလှမ်းကွာ သွားပေလိမ့်မည်။
သို့အတွက်ကြောင့် ဆရာတပည့်သုံးယောက်လည်း
တစ်ရက်ခရီးကို မနားမနေ လျှောက်ခဲ့ကြရာ
ညနေ ငါးနာရီခန့် နှစ်ဆင့် ရေတံခွန်သို့ ရောက်ခဲ့ကြသည်။
နှစ်ဆင့်ရေတံခွန်ဆိုသည့်အတိုင်း တောင်ပေါ်မှ
ကျလာသည့် ရေတံခွန်က တောင်အလယ်မှာ
ကျောက်ဆောင် တစ်ခုခံနေသဖြင့် တိုက်ရိုက်
ကျဆင်းမနေတော့ဘဲ ပေနှစ်ဆယ်ခန့် အကွာလောက်မှ
အောက်သို့ ကျဆင်းလာခြင်းကြောင့်
နှစ်ဆင့်ရေတံခွန်ဟု ခေါ်ဆိုကြောင်း
သိလိုက်ရသည်။
ဆရာတပည့်သုံးယောက်တို့လည်း အချိန်းအချက်
လုပ်ထားသည့် နေရာသို့ ရောက်ခဲ့သည်။
ဆရာကြီး၏ ဆရာကို အဆင်သင့် တွေ့လိုက်သည်။
"ဟာ ရောက်လာကြပြီ လာကြ"
"ဆရာ…အားလုံး အဆင်ပြေရဲ့လား "
"အခုချိန် အထိတော့ အားလုံးအဆင်ပြေနေတာပဲ"
"အစီအမံက ဘယ်လိုလဲ "
"သိုက်ရဲ့ အစီအမံလား၊ အထက်လမ်း အစီအမံပဲကွဲ့
သိုက်မှာ ကျားရယ်၊ ဘီလူးလေးကောင်ရယ်
ဘီလူးမရယ်၊ အခြားအခြွေအရံတွေရှိတယ်၊
အပြင်စည်းကို ဘီလူးမက စောင့်ပြီး အတွင်းစည်းကို
ကျားက စောင့်တယ် အားလုံး အောင်မြင်ဖို့
ဘီလူးမနဲ့ ကျားကို ချုပ်နိုင်ရင် ကျန်တဲ့
အခြွေအရံတွေကို ထည့်တွက်စရာမလိုဘူး "
"အားလုံး ကျုပ်တာဝန်ထား၊ ခင်ဗျားတို့
ဆရာတပည့်တွေက ကျုပ်ရဲ့ အဖော်ပဲ၊
ကျုပ်လိုချင်တာက ရွှေငွေရတနာမဟုတ်ဘူး
သိုက်အတွင်းထဲမှာ ရှိတဲ့ ပြဒါးရှင်လုံးကို
ရရင် တော်ပြီ၊ ခင်ဗျားတို့ကို ရသမျှ
ရွှေငွေ အကုန်ပေးမယ် "
"ကောင်းပြီလေ…ဘယ်နေ့သွားဖော်မလဲ ဆရာကြီး"
"မနက်မိုးလင်းတာနဲ့ ခရီးစထွက်မယ်
မနက်ဖြန် ညနေပိုင်းဆို ကျောက်တစ်လုံးသိုက်
ရှိတဲ့ နေရာကို ရောက်မယ် "
သို့ဖြင့် ထိုညအတွက် တည်းခိုနေထိုင်ရန်
နေရာထိုင်ခင်း ပြုလုပ်ပြီး စားရေးသောက်ရေး
စီမံနေကြတော့သည်။
XXXX
"ဟိုး … တောင်ကမ်းပါးစောင်းက ကျောက်ကြီး
တစ်လုံးတည်း ထီးထီးထွက်နေတာတွေ့လား"
"ဟုတ်ကဲ့ တွေ့ပါတယ် ဆရာကြီး"
အဲဒီကမ်းပါးစောင်းက ကျောက်ကြီးအောက်မှာ
သိုက်ရှိတယ်ကွဲ့ ၊ ဒါဆို သိုက်နားရောက်ပြီနေပြီပဲ။
သူတို့ဆရာတပည့်လေးယောက် သိုက်ဧရိယာနှင့်
နီးနိုင်သမျှနီးအောင် လာခဲ့ကြသည်။
"ကဲ …ရပ်ကြတော့ ၊ ဒီကနေပြီး ဆရာကြီး
အစီအရင် လုပ်တော့မယ် "
ဦးဆောင်သူ ဆရာကြီးက ဆေးဖယောင်းတိုင်များထွန်းလိုက်သည်။
အပိုင်း(၄) ဆက်ရန်
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Comments
Post a Comment