မရဏဆုံမှတ် အပိုင်း(၅)
လို့ ကျုပ်က နှုတ်ဆက်လိုက်ရတယ်၊ ဒါမျိုးကျတော့
ဘထစ်က ထစ်နေလို့ စကားက ထွက်မလာဘူးလေဗျာ။
ကျုပ်လည်း ဒီတော့မှ ကညင်ပင်ကြီးတွေကို မော့ကြည့်မိတယ်။
ဟုတ်တယ်ဗျို့။ ကညင်ပင်ကြီးတွေက အမြင့်ကြီးတွေဗျ။
အပင်တစ်ပင်မှာ နတ်ကွန်းလို စင်ကလေးတစ်စင်စီ ရှိတယ်။
ကညင်ပင်ကြီးတွေက အားလုံးကိုးပင်ဆိုတော့
စင်တွေကလည်း ကိုးစင်ပေါ့ဗျာ။ကညင်ကိုးပင်
စင်ကိုးစင်တဲ့။ ကျုပ်စိတ်ထဲက ရွတ်ကြည့်လိုက်မိတယ်။
နောက်တစ်ခါတွေ့မှ ဒီအကြောင်း ပြောပြဦးမယ်ဆိုပဲ။
ဒီကညင်ပင်ကြီးကိုးပင်မှာ ဘာအကြောင်းတွေများ
ရှိနေလို့လဲ၊ စင်ကိုးစင်ကို ဆောက်ပေးထားရတာကော
ဘာကြောင့်များလဲ။
"ဒီကညင်ပင်ကြီးတွှေဲ့အောက်မှာ သိုက်ကြီးရှိတယ်လို့
ပြောကြတာကွ၊ ကညင်ကိုးပင်သိုလ်ပေါ့။
အဲဒီသိုက်စောင့်တွေက မောင်နှမ ကိုးယောက်ရှိတယ်။
သူတို့ကို ကညင်ပင်မောင်နှမတွေလို့ ခေါ်ကြတယ်
ဒီနားက ရွာတွေမှာ ဘုရားပွဲတို့၊ ကထိန်တို့ရှိလို့
ပွဲလမ်းသဘင်ရှိရင် သူတို့မောင်နှမတွေ
လူစုခွဲပြီး သွားကြတယ် "
"ဟင် ဟုတ်လားဗျ၊ ဦးမောင်ရဲ့ "
လှည်းဆရာရဲ့ နာမည်ကို ကျုပ်တို့ သိသွားပြီဆိုတော့
သူ့ကို ရင်းရင်းနှီးနှီးပဲ နာမည်ခေါ်ပြီး ပြောလိုက်တာပေါ့ဗျာ။
" ဒီအနီးအနားရွာတွေက သူတို့ကို မတွေ့ဘူးတဲ့။။
လူမရှိသလောက်ပဲကွ၊ လူတွေကိုလည်း
အနှောက်အယှက် ဘယ်တော့မှ မလုပ်ဘူး။
အေး သူတို့နေရာမှာ မဟုတ်တာ သွားလုပ်ရင်လည်း
ဘယ်တော့မှ အရှင်မထားဘူးကွ၊ အသေလုပ်လိုက်တာချည်းပဲ"
"ဟင် သတ်ပစ်တယ် ဟုတ်လားဗျ ဦးမောင်"
လှည်းက ကညင်ပင်ကြီးတွေနဲ့ တော်တော်ကို
ဝေးလာပြီဗျ။ ဒါကြောင့်လည်း ကျုပ်က
မေးဝံ့တာပေါ့။
"နေဦးဗျ၊ ကျုပ်တို့က အခု ကွေ့ကြီးက
လေးကျွန်းမာရ်အောင်ဘုရားပွဲကို သွားကြမှာ၊
အဲဒီကိုရော ဒီကညင်ပင်မောင်နှမတွေ လာတတ်သလားဗျ"
"ဟာ အဲဒီဘုရားပွဲက ဒီအနီးအနားမှာ အစည်းကားဆုံး
လေကွာ။ ဒီမောင်နှမတွေက အဲဒီဘုရားပွဲကို
အဓိက သွားကြတာပေါ့ကွ"
'ဟင် ဟုတ်လား၊ ဒါဆိုရင် ကျုပ်တို့များ တွေ့နေဦးမလား
မသိဘူးနော် "
ကျုပ်စကားကိုကြားတော့ ဘထစ်က ကျုပ်ကို
တစ်ချက် လှည့်ကြည့်တယ်။ ပြီးတော့
အ,ထစ် အ,ထစ်နဲ့ ပြောတယ်ဗျ။
"မင်း ကံကောင်းရင်တော့ တွေ့ရမှာပေါ့ကွာ'တဲ့။
အင်းလေ တွေ့တော့ တွေ့ဖူးချင်သားဗျ။
ကညင်ပင်မောင်နှမကိုးယောက်တဲ့။
စိတ်ဝင်စားစရာတော့ တော်တော်ကောင်းတာပဲ။
ညနေ လေးနာရီလောက်မှာ စုန်းကွင်းကို
လှည်းရောက်တယ်။ ကျုပ်တို့နှစ်ယောက်
စုန်းကွင်းကနေ ကွေ့ကြီးကို ကုန်းကြောင်း
လျှောက်ခဲ့ကြတယ်။ မြေပဲခင်းတွေကိုဖြတ်ပြီး
ကျုပ်တို့ နှစ်ယောက် ခပ်သုတ်သုတ်
လျှောက်ခဲ့ကြတာ ငါးနာရီထိုးတော့
ကွေ့ကြီးကိုရောက်ပြီး ဘထစ်ကို မွေးစားခဲ့တဲ့
ဘဘုန်းရဲ့ ကျောင်းက ရွာတောင်ဘက်မှာဗျ။
ဘုရားပွဲက ရွာအရှေ့ပိုင်းမှာ ။ကျုပ်တို့
ဘုန်းကြီးကျောင်းရောက်တော့ လက်ရှိ
ကျောင်းထိုင် ဆရာတော်က ဘထစ်ကို
ဝမ်းသားအားရ ဆီးကြိုတယ်။ ဘထစ်ပြောတာ
ဟုတ်တယ်ဗျ။ ကျုပ်တို့ ရွာထဲကို ဖြတ်လျှောက်
လာတော့ ဒီကောင့်ကို တွေ့တဲ့လူတိုင်းက
နှုတ်ဆက်တာဗျ။
"ဟေ့ကောင် ဘထစ်၊ တစ်ရွာလုံး မင်းအသိတွေချည်း
ပါလားကြ"
"ငါ ဆွမ်းခံလိုက်ခဲ့ရတဲ့ အိမ်ချည်းပဲလေကွာ၊
ငါ့ကို မသိဘဲ ဘယ်နေပါမလဲ၊ ဟဲ ဟဲ ဟဲ "
ကျောင်းက ကိုရင်တွေ ဦးပဉ္ဇင်းတွေးကလည်း
ဘထစ်တော်တော်ခင်ကြတာဗျ။
ကျုပ်တို့နှစ်ယောက် ဆရာတော်ကို ဦးချကြတယ်
ပြီးတော့ ဘထစ်က ကျုပ်နာမည်ကို ပြောပြတယ်။
ဆရာတော်ကလည်း ကျုပ်ကို ခင်သွားပုံပဲဗျ။
"ကဲ ဘထစ်ရော မင်းသူငယ်ချင်း မောင်တာတေရော
ဒီကျောင်းမှာ လွတ်လွတ်လပ်လပ်သာနေကြ၊
ညရောက်တော့ ဘုရားပွဲမှာ လျှောက်လည်ကြ၊
ဒီညတော့ ပန်တျာကြည်လင်ဇာတ် ကမှကွ၊
ဒီညဆိုရင် ဘုရားပွဲက ငါးညမြောက်ပဲ။
လာလိုက်တဲ့လူတွေဆိုတာ မနည်းပါဘူးကွာ၊
ညရောက်တော့ တွေ့ကြမှာပါ"
"တင့်ပါဘုရား တပည့်တော်တို့ ပွဲတော့
မကြည့်ပါဘူး ဘုရား၊ လျှောက်ပြီး ကြည့်ရုံပဲ
ကြည့်မှာပါ "
"အေး အေး မင်းတို့သဘောပဲ၊
ဟေ့ ကျော်မောင်နဲ့ ကျော်အောင် ခဏလာကြဦး"
ဘုန်းကြီး ခေါ်လိုက်တော့ ကျောင်းသားနှစ်ယောက်
ရောက်လာတယ်ဗျ။ ဆရာတော်ရှေ့မှာ ဒူးကလေးတွေ
တုပ်ပြီး ထိုင်နေကြတယ်
"ကဲ ကျော်အောင်နဲ့ ကျော်မောင် ဒီက မင်းတို့
အစ်ကိုကြီးဘချစ်နဲ့ သူ့သူငယ်ချင်း ကိုကြီးတာတေတို့
ညစာစားဖို့ စီစဉ်လိုက်ကြကွယ်"
"တင့်ပါ ဘုရား၊ ကိုကြီးအုန်းညွန့်တို့ စီစဉ်နေပါပြီဘုရား"
"ဟေ အုန်းညွန့် ဟုတ်လား၊ အုန်းညွန့်က
သူ့ရွာပြန်မလို့ဆို"
"တင့်ပါ မပြန်ဖြစ်သေးဘူးဘုရား၊ မနက်ဖြန်မှပဲ
ပြန်တော့မယ် ပြောတယ်ဘုရား "
'သြော် အေး အေး မင်းတို့နှစ်ယောက်က
ဒီအစ်ကိုတွေလိုတာ လုပ်ပေးကြကွဲ့၊ ကဲ
ဘချစ်တို့ ရေမိုးချိုးချင်ရင် ရေတွင်းမှာ ချိုးကြလေကွယ်
ဘချစ်က ဒါ မင်းကျောင်းပဲဟာ၊မောင်တာတေကို
လိုတာလုပ်ပေးလိုက်ပေတော့ "
"တင်ပါ့ဘုရား၊ ဒါဆိုရင် တပည့်တော်တို့
သွားလိုက်ပါဦးမယ်ဘုရား "
"ကဲ မင်းတို့ အဝတ်အစားအိတ်တွေကို ဟိုမြောက်ဘက်
အခန်းထဲ ယူသွားကြ ၊ အဲဒီအခန်းမှာ ကုတင်
အလွတ်နှစ်လုံးရှိတယ်၊ အဲဒီမှာ ဒီည အိပ်ပေတော့
ဟုတ်လား ဘချစ် "
"တင့်ပါဘုရား "
ကျုပ်နဲ့ ဘထစ် မြောက်ဘက်ခန်းကို
လာခဲ့တယ်။ ရေတွင်းမှာ ရေတစ်ဝချိုးပြီး
ညစာ စားကြတယ်။ ကျောင်းသားတွေရော
ကိုရင်တွေကပါ ဧည့်ဝတ်တော်တော်ကောင်းကြပါတယ်
ကျုပ်ဖြင့် အားတောင်နာလာတယ်ဗျာ။
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment