ခေါင်းတလားတစ္ဆေ အပိုင်း(၁)
ခေါင်းတလားတစ္ဆေ
..........................
အခန်း၁။
တစ်နေ့သ၌ လန်ဒန်မြို့မှာရှိသော လက္ခဏာဆရာ ကြီး မာမိုမက် ဟောခန်းအတွင်းသို့ လူတစ်ယောက် ဝင်ရောက်လာလေသည်။ ထိုသူ၏အမည်မှာ မင်းကျော်စွာဖြစ်ပြီး အသက်အရွယ်အားဖြင့် နှစ်ဆယ်ကျော်ခန့်သာရှိသေး၏။ လူငယ်တစ်ယောက်ပင် ဖြစ်သော်လည်း သူ၏အမူအရာမှာ တစ်စုံတစ်ခုကို ထိတ်လန့်ကြောက်ရွံ့နေဟန်ရှိ
လေသည်။
မင်းကျော်စွာက စားပွဲရှေ့မှာချထားသော ကုလားထိုင်တွင် ဝင်ထိုင်ရင်းပြော၏။
“ကျွန်တော်နာမည် မင်းကျော်စွာလို့ခေါ်ပါတယ်၊ ကျွန်တော်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ခင်ဗျားတစ်ခု ခုပြောပြပေးနိုင်မလား”
မာမိုမက်က သူ၏လက်နှစ်ဖက်ကို စားပွဲပေါ်တင်ရန် ပြောလိုက်သည်။
“ဒီလက်နှစ်ဖက်က ခင်ဗျားဘယ်လက်ကိုရွေးမလဲ”
မင်းကျော်စွာကမေးသဖြင့် စားပွဲပေါ်တင်ပေးထားသော လက်နှစ်ဖက်ကို မာမိုမက်က ကိုင်ကြည့်လိုက်၏။ မျက်စိမှိတ်ထားလျက် ထိုကဲ့သို့ ကိုင်လိုက်စဥ်မှာပင် မာမိုမက်၏ အာရုံထဲမှာ မြင်ကွင်းအချို့ပေါ်လာ သည်။
ပထမဦးစွာတွေ့လိုက်ရသည်မှာ မံမီရုပ်အလောင်းကြီးဖြစ်၏။
မျက်စိဖွင့်ကြည့်လိုက်တော့ဘာမှ မတွေ့ရတော့ပေ။
နောက်တစ်ကြိမ်မျက်စိမှိတ်လိုက်သောအခါမှာတော့ ရွှေသားဖြင့်ပြုလုပ်ထားသော ခေါင်းတလားတစ်လုံးကိုတွေ့ရပြန်သည်။
ဒီတစ်ကြိမ်မှာတော့ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကိုပါ ထပ်မံတွေ့လိုက်ရ၏။ အခြားတော့မဟုတ်ပေ။
ရွှေအခေါင်းကြီးအတွင်းမှာရှိနေသော မံမီရုပ်အလောင်းကြီးက တဖြည်းဖြည်းထလာပြီး မင်းကျော်စွာ၏ လက်တစ်ဖက်ကို ဖျက်စီးပစ်လိုက်သည်ကို တွေ့ရ၏။
ထို့ကြောင့် ချက်ချင်းမှိတ်ထားသော မျက်စိကိုပြန်ဖွင့်လိုက်ကာ
ရှေ့မှာထိုင်နေသော မင်းကျော်စွာကိုကြည့်လိုက်သည်။
“ခင်ဗျား ဘာတွေမြင်တွေ့ရသလဲ”
“ခင်ဗျားအနေနဲ့ ရွှေနဲ့လုပ်ထားတဲ့ခေါင်းတလားတစ်လုံးရယ်၊
မံမီရုပ်အလောင်းတွေနဲ့ ပတ်သက်ခဲ့ဖူးတယ်ဆိုရင် မကြာခင်မှာ
ခင်ဗျားရဲ့ ညာဘက်လက်တစ်ဖက် ဆုံးရှုံးရလိမ့်မယ်”
“နောက်ထပ်ရော ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ တွေ့နိုင်ပါသေးလဲ”
“နောက်ဆက်တွဲ အန္တရာယ်တွေကတော့ အများကြီးပဲပေါ့ဗျာ၊
ခင်ဗျားအနေနဲ့ ဒါတွေကိုမယုံကြည်လို့ ထပ်ပြီးဇွတ်တိုးမယ်ဆိုရင်တော့ အသက်အန္တရာယ်ပါ တွေ့လာနိုင်တယ်”
မာမိုမက်က ထိုမျှလောက်သာပြောလိုက်၏။
လူတစ်ယောက်၏ အသက်သေဆုံးရမည့်အချိန်နှင့် မည်သို့မည်ပုံ ဖြစ်ပျက်လာမည်ကို သိသော်လည်း ပြောခွင့်မရှိပါချေ။
နောက်တော့ မင်းကျော်စွာ စိတ်မကြည်မသာနှင့်ပင် အိမ်သို့ပြန်လာခဲ့လေ၏။ မာမိုမက်ပြောပြလိုက် အရာများမှာ သူတို့ကြုံတွေ့ခဲ့ရသော အကြောင်းအရာများပင်ဖြစ်ပေသည်။
မင်းကျော်စွာသည် ရှေးဟောင်းပစ္စည်းများလိုက်လံရှာဖွေနေသော
ဦးထင်ကျော်၏ လက်ထောက်တစ်ဦးပင်ဖြစ်၏။
ဦးထင်ကျော်က မြန်မာသွေးပါသော ဥရောပနိုင်ငံသားတစ်ဦးဖြစ်၏။ အသက်အရွယ်အားဖြင့် (၅၀)ကျော်ခန့်သာရှိပေသည်။
ငွေကြေးချမ်းသားသူတစ်ဦးဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်၏။ ထိုလုပ်ငန်းများထဲမှ ရှေးဟောင်းပစ္စည်းများ
ရှာဖွေခြင်းလုပ်ငန်းက အဓိကပင်ဖြစ်သည်။
ဦးထင်ကျော်မှာ မင်းကျော်စွာကဲ့သို့ အရေးပါသော
အခြားတစ်ယောက်ရှိပေသေး၏။
'မာရီယာ' ဆိုသူဖြစ်ပြီး အသက်(၂၅)နှစ်ကျော်ကျော်လောက်သာရှိသေးသည်။ သူမက ဖျတ်လတ်သွက်ချာသူတစ်ဦးဖြစ်ပြီး
ဦးထင်ကျော်နှင့် သွေးသားတော်စပ်သူဖြစ်၏။ လက်ထောက်အဖြစ်လုပ်ကိုင် နေခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။
၎င်းတို့သုံးဦးသည် လွန်ခဲ့သောလပိုင်းလောက်က
ပီရူးနိုင်ငံ၏ ထူးခြားလျှို့ဝှက်ဆန်းကြယ်သော ဂမ္ဘီရနယ်မြေဟု
ကမ္ဘာ့သုတေသနပညာရှင်များက ယူဆထားသော 'တီတီကာကာရေအိုင်ကြီး' ရှိသော ဘုရင်မတောင်ကြားမှ ရွှေခေါင်းတလားကြီးတစ်လုံးရရှိခဲ့ကြသည်။ ထိုရွှေအခေါင်းကြီးအား နည်းအမျိုး
မျိုးဖြင့် လန်ဒန်သို့ရောက်အောင် သယ်ဆောင်လာခဲ့၏။
ထိုသို့သယ်ဆောင်လာစဥ်မှာပင် သူတို့အတွက် အန္တရာယ်မျိုးစုံနှင့် ကြုံတွေ့ခဲ့ရသေး၏။ သင်္ဘောပေါ်မှာပင် လူအချို့သေဆုံးသွားသဖြင့် ပင်လယ်ထဲသို့ပစ်ချထားခဲ့ရသည်။
ညအချိန်ရောက်လာလျှင် သင်္ဘောကုန်းပတ်ပေါ်မှာ သွားလာနေသော
မံမီရုပ်အလောင်းကြီးကို တွေ့ရပြီး ၎င်းတို့နှင့်ပါလာသော အလုပ်သမားအချို့မှာတစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။
တစ်ယောက်မှာ အခန်းထဲ၌အိပ်နေရင်း လည်ပင်းမှာ ကိုက်ဖြတ်ထားသော အစွယ်ရာများဖြင့် သေဆုံးသည်။ နောက်တစ်ယောက်ကတော့ ညဘက်အချိန်တွင် သင်္ဘောပေါ်မှာ ကြောက်လန့်တကြား အော်ဟစ်
ကာ ပြေးလွှားရင်း
“လုပ်ကြပါဦး ... ကယ်ကြပါ၊ နောက်က မံမီရုပ်အလောင်းကြီး
လိုက်သတ်နေတယ်၊ ကယ်ကြပါဦး...”
ထိုအသံကြောင့် အပြင်သို့ထွက်ကြည့်ကြသောအခါ
အော်ဟစ်ပြေးလွှားနေသော အလုပ်သမားမှာ ပင်လယ်တွင်းသို့ ခုန်ဆင်းသွားသည်ကို မြင်လိုက်ရ၏။
ဦးထင်ကျော်တို့အဖွဲ့တွင် လူ(၈)ယောက်ပါရာအလုပ်သမား(၅)ယောက်လုံး လန်ဒန်မရောက်ခင်
မှာပင် တစ်ယောက်ပြီးတစ်ယောက် သေသွားခဲ့ကြ
သည်။
သေဆုံးသူများမှာ သွေးရိုးသားရိုး သေကြခြင်းမျိုးမဟုတ်ပဲ
မံမီရုပ်အလောင်းကြီးက လိုက်လံသတ်ဖြတ်သဖြင့် သေဆုံးခဲ့ရခြင်းဖြစ်၏။
သို့သော်လည်း ဦးထင်ကျော်ကတော့ ခေတ်ကာလတန်ဖိုးနှင့်ကြည့်လျှင် တန်ဖိုးကြီးလှသော ရွှေခေါင်းတလားကြီးအား လန်ဒန်မြို့နေအိမ်သို့ ဆက်လက်သယ်ဆောင်လာခဲ့ပေသည်။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment