လူသားစား က‌ဝေ အပိုင်း(၄)



လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ ကျားခုန်ချောင်းကလေး
အစပ်က ထူးထူးခြားခြား လူတစ်ယောက်ကို တွေ့လိုက်ရတယ်ဗျ။
အရပ်က ခြောက်ပေလောက် ရှိမယ်။ မျက်နှာက
ခပ်ပြားပြားဗျ။မုတ်ဆိတ်မွေး။ နှုတ်ခမ်းမွေးကလည်း
တော်တော်ရှည်တယ်ဗျာ။ ဆံပင်ကလည်း
ဖားလျားကြီးဗျ။ကျောအလယ်လောက်ရောက်တယ်။
ထူးခြားတာက သူ့မျက်လုံးဗျ။မျက်လုံးတွေက နီနီကြီး။
ကျုပ်လည်း ဒီလူကို ဒီတောထဲမှာ တစ်ခါမှ
 မတွေ့ဖူးပါဘူးဆိုပြီး ခြုံပုတ်ထဲက ချောင်းကြည့်နေတာဗျို့

အဲဒီလူက ဘာလုပ်တယ်ထင်သလဲ။ ကောင်းကင်ကို
မော့ကြည့်နေတယ်ဗျ။ကျုပ်ကလည်း သူ့ကြည့်သလို
လိုက်ကြည့်တာပေါ့။ အဲဒီမှာ သိန်းငှက်တစ်ကောင်
ဝဲနေတာဗျ။ ခဏနေတော့ ဒီလူက သစ်ပင်တွေမရှိတဲ့
မြေကွက်လပ်ကို  ထွက်သွားတယ်။

အဲ ပြောရဦးမယ် ဒီလူက ကရင်ပုဆိုးနဲ့ ကရင်သင်တိုင်းနီနီကို
ဝတ်ထားတယ်ဗျ။ဒါပေမဲ့ ဒီလူ ကရင်မဟုတ်မှန်း ကျုပ်
အတတ်သိပါတယ်။ အဲ အဲဒီလူ မြက်ခင်းကလေးမှာ
ခြေစုံရပ်ပြီး ကောင်းကင်မှာ ပျံနေတဲ့ သိန်းငှက်ကြီးကို
လက်ညှိုးနဲ့ ထိုးလိုက်တယ်ဗျို့။ ပြီးတော့ သူ့ဖနောင့်နဲ့
မြေကြီးကို ပေါက်လိုက်တာ ကောင်းကင်မှာ ပျံနေတဲ့
သိန်းငှက်ကြီး ဇောက်ထိုးပြုတ်ကျလာတာဗျို့

ဘုန်းခနဲ မြည်ပြီး မြက်ခင်းပေါ်မှာ ဆန့်ငင် ဆန့်ငင်
ဖြစ်နေရောဗျို့။ ဘာပြောကောင်းမလဲ ဆရာကြီးရာ။

အဲဒီလူက ငှက်ကြီးကို ဆတ်ခနဲ ကောက်ယူပြီး
လည်ပင်းကို ကိုက်တော့တာပဲဗျို့။ 
အိုး သွေတွေပန်းထွက်လာတော့စုပ်တော့တာပဲဗျာ။

ကျုပ်ဖြင့် ခြုံထဲမှာ လှုပ်ကို မလှုပ်နိုင်အောင် ကြောက်တာဗျို့။
လူဆိုတာ ခက်တော့ ခက်သားဗျ။ကြောက်သာကြောက်တာ
အဲဒီလူထွက်သွားတော့ ကျုပ် နောက်ယောင်ခံပြီး
လိုက်သွားခဲ့တယ်ဗျ။ ဒီလူက ဆင်ခေါင်းတောင်ဘက်ကို
သွားတာဗျို့။ဆင်ခေါင်းတောင် ဆိုတာက
အင်မတန်ကို တောနက်တာ။ လူတွေ သိပ်မလာကြဘူးလေ။
ကျုပ် သေသေချာချာ ကြည့်တော့ ဒီလူက
တောင်ခြေက တောအုပ်ထဲမှာ တဲကလေး
ဆောက်ထားတာဗျို့။

သူ့တဲနားမှာ မီးဖိုကြီးတစ်ခုနဲ့ အိုးတွေ ခွက်တွေ တွေ့တယ်။
တစ်ခု,ခု ချက်ပြုတ်ထားတဲ့ပုံပဲဗျ။ ပြီးတော့ တဲနားက
ကျောက်တုံးကြီးပေါ်မှာ ငွေဖလားကလေးတစ်လုံးနဲ့
ဓါးမြှောင်တစ်လက် ချထားတာ တွေ့တယ်ဗျ။

ဓါးမြှောင်ရဲ့ အရိုးကို ရွှေအစစ်နဲ့ လုပ်ထားတယ်လို့
ကျုပ်တော့ ထင်တာပဲဗျ။ကျုပ်လည်း သိပ်ကြာကြာ
မနေရဲတာနဲ့ အသာကလေး ပြန်ပြေးလာခဲ့ရတယ်
ဆရာကြီးရေ"

"မန်းအောင်ပွင့်ကို ကျုပ် မေးရဦးမယ် ။အဲဒီလူကို
ဘာလူမျိုးလို့ ထင်တုံး"

ဆရာကြီးအမေးကို ကရင်အဘိုးကြီးက စဉ်းစားပြီး
ဖြေတယ်ဗျ။

"ကျုပ်စိတ်ထင်တော့ ဒီလူဟာ ဗမာပဲ ထင်တယ်ဗျ။
ကရင်မဟုတ်တာတော့ သေချာတယ်"

"အင်း ဟုတ်လောက်ပါတယ်။ ဘယ်ခေတ်ကတည်းက
ရှိနေခဲ့တဲ့ ကဝေကြီးလည်းမှ မသိတာ"

မန်းအောင်ပွင့်က ဆရာကြီးပြောတာကို နားထောင်ပြီးတော့
ပြောတယ်ဗျ။

"ဘယ်ခေတ်ဆိုတာတော့ မသိဘူး ဆရာကြီးရေ ။ကျုပ်ဖြင့်
တောထဲကို နှစ်ရက်လောက်တောင် မဝင်ရဲဘူးဗျာ။
အခုလည်း ဆင်ခေါင်းတောင်တို့ ကျားခုန်ချောင်းတို့ဘက်ကို
ခြေဦးတောင် မလှည့်တော့ဘူးဗျို့"

"မန်းအောင်ပွင့် တွေ့ခဲ့တာက ဘယ်တုံးကလဲ"

လို့ ဆရာနွံဖက ဝင်မေးတယ်ဗျ။ဒီတော့ မန်းအောင်ပွင့်က…

"ခုနှစ်ရက် ရှစ်ရက်လောက်ပဲ ရှိဦးမှာဗျ"

လို့ ဖြေတော့ ဆရာကြီးက စောရေအေးကို မေးတယ်ဗျ။

"စောရေအေး သောကြာသမီးကိစ္စ ဖြစ်တာက 
ဘယ်လောက်ကြာပြီလဲ"

"တစ်လလောက်တော့ ရှိပြီ ဆရာကြီးရဲ့"

"အင်း သိပ်ဟုတ်တာပေါ့ ။အခုဆိုရင် တန်ဆောင်မုန်းလဆန်းပြီပဲ။
အခုလာမယ့်စနေဟာ တန်ဆောင်မုန်းလရဲ့ ပထမဆုံး
စနေပဲကွဲ့။ဒီစနေမှာ သူစနေသားကို စားမယ်နေ့ပဲ"

"ဗျာ စနေသားကို စားမှာ ဟုတ်လားဗျ"

မန်းအောင်ပွင့် လန့်ဖျပ်ပြီး ပျာပျာသလဲ မေးတယ်ဗျ။

"ဟုတ်တယ်ဗျ။မန်းအောင်ပွင့်ရဲ့ ။ ခင်ဗျား တွေ့ခဲ့တဲ့လူဟာ
လူသားစား ကဝေကြီးပဲ။အသက်လည်း နည်းမှမဟုတ်ဘူးဗျာ။
အနည်းဆုံး နှစ်ရာ သုံးရာတော့ ရှိလောက်တယ်"

"အလို ဘုရားရေ ကျုပ်ဖြင့် ကြောက်လိုက်တာ ဆရာကြီးရာ"

"မကြောက်နဲ့ မန်းအောင်ပွင့် ဒီကဝေကောင်ကို ကျုပ် နှိမ်နင်းမယ်။
ခင်ဗျားလည်း ကျုပ်ကို ကူညီပါ"

"ဟုတ်ကဲ့ ကူညီပါ့မယ် ဆရာကြီး ။ဘယ်လိုများ
ကူညီရမယ် ဆိုတာသာ ပြောပါဗျာ"

"ဒီလိုပါ မန်းအောင်ပွင့် ။အဲဒီလူသားစားကဝေကြီးနေတဲ့
နေရာကို သိတာက ခင်ဗျားတစ်ယောက်ပဲ ရှိတာမို့လား
အဲဒီတော့ ကျုပ်တို့ကို လမ်းပြလုပ်ပြီး ခင်ဗျားက ခေါ်သွားပါ"

"ဗျာ…လမ်းပြ။ ဟာ ဖြစ်ပါမလား ဆရာကြီးရာ"

မန်းအောင်ပွင့်က အထိတ်တလန့် ပြန်မေးလိုက်တယ်ဗျို့။
ကျုပ်ဖြင့် လန့်သွားတဲ့ မန်းအောင်ပွင့်ကြီးကို ကြည့်ပြီး
ရယ်ချင်လိုက်တာဗျာ မပြောပါနဲ့တော့။ မနည်းကို
ထိန်းထားလိုက်ရတယ်။

"စောရေအေးက မနက်ဖြန်မှာ သတင်းကို သေသေချာချာ
ထောက်ပေတော့ ။ ဒီကောင် ဒီနှစ်ရက်အတွင်း 
အလုပ်,လုပ်တော့မှာကွ။ဘယ်ရွာကို ရွေးတယ်ဆိုတာ
သိဖို့ လိုတယ်ကွ။သြော် နေဦးကွ။ ဒီတစ်ခါက စနေသားဆိုတော့
အနောက်တောင်ဘက်ကျတဲ့ စနေအရပ်ကရွာက
ဘယ်ရွာရှိတုံးကွဲ့"

စောရေအေးရော မန်းအောင်ပွင့်ပါ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး စဉ်းစားကြတယ်ဗျ။

"ဟာ အနောက်တောင်ဘက်ကျတဲ့ ရွာဆိုတော့
ကျုပ် ခုနက ပြောတဲ့ ဆင်ခေါင်းတောင်ဘက်ပေါ့ဗျ။
ကျောက်ထပ်ရွာက အနောက်တောင်ဘက်ကျတဲ့ရွာပေါ့"

အပိုင်း(၅)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)