မျက်ကွင်းဆေး ၊ အပိုင်း(၂)



"ရှိတယ် ရှိတယ် တာတေ။ဒီအတွက် မစိုးရိမ်နဲ့"

"အင်း တပည့်တော်ကလည်း အဲဒီလိုမျိုး
အထူးအဆန်းတွေဆိုရင် သိပ်စိတ်ဝင်စားတာဘုရား"

"အေး…ဘုန်းဘုန်း သိတယ်လေ တာတေရဲ့။
ဘုန်းဘုန်းမယ်တော်ကြီး ဖုတ်ဝင်တုန်းကလည်း
မင်းပဲ ဆရာကျော်နဲ့ တွဲလုပ်ခဲ့တာကို
ဘုန်းဘုန်းသိနေတာပဲ"

"မှန်ပါ့ဘုရား ဒါဆိုရင် တပည့်တော်ကို
အဲဒီရှမ်းဆရာကြီးနဲ့ တွေ့ပေးပါဘုရား"

"အေး ဟုတ်ပြီ ဒါဆိုလာကွာ။
သူ့ကို ဟိုဘက်ဆွမ်းစားကျောင်းမှာတည်းခိုဖို့
ဘုန်းဘုန်းက စီစဉ်ပေးထားတာ။
ဘုန်းကြီးနဲ့ မင်းနဲ့ ဟိုဘက်က
ကျောင်းကို သွားရအောင်"

ကျုပ်နဲ့ ဆရာတော် ဆွမ်းစားကျောင်းကို
ရောက်လာခဲ့ကြတယ်။ဆွမ်းစားကျောင်းက
နှစ်ထပ်ဗျ။ဆရာတော်က အပေါ်ထပ်ကို
တက်တော့ ကျုပ်လည်း အပေါ်ထပ်ကို
လိုက်ခဲ့ရတာပေါ့။

အပေါ်ထပ်က ဘုရားခန်းမှာ လူကြီးတစ်ယောက်
ထိုင်နေတာ တွေ့တယ်ဗျ။အသားဖြူဖြူ
နှုတ်ခမ်းမွေး ကားကားနဲ့ဗျ။
အရပ်ကလည်း ခပ်ရှည်ရှည်ပဲ။
ဒီလူကြီးရဲ့ မျက်လုံးတွေက
နက်ပြီးတောက်ပနေတာဗျ။
ဆရာတော်ကြွလာတာ မြင်တော့
ချက်ချင်းထပြီး အရိုအသေပြုတယ်။
ဆရာတော်ကို ဦးချတယ်။

"ကဲ ဆရာဦးနွံဖ။ ဒီသူငယ်က
ကျုပ်ပြောတဲ့ တာတေဆိုတာပဲ"

"အော် မောင်တာတေကိုး"

"ဟုတ်ပါတယ် ဆရာကြီး ကျုပ်တာတေပါ"

"အေး အေး မောင်တာတေ အကြောင်းကို
ဆရာတော်အမိန့်ထားလို့ ကျုပ်သိထားပြီးပါပြီ။
ကျုပ်နာမည်က စိုင်းနွံဖတဲ့။ဦးနွံဖပေါ့ကွာ။
ကျုပ်က ပရောဂကုတဲ့ဆရာပေါ့။
တခြားဆေးဝါးတွေလည်း ကိုင်ပါတယ်။
အဲ ကျုပ်ဝါသနာပါကတော့
ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားတာပဲကွ။
ဒီလောကမှာ လူတိုင်းမသိနိုင်တဲ့ ထူးဆန်းတဲ့
သဘောတရားတွေရှိနေတယ။
ကြုံကြိုက်တဲ့အခါမျိုးမှာ တွေ့ရမြင်ရတယ်
မောင်တာတေ"

"ကျုပ်လည်း အဲဒီလိုလူမျိုးဘဲ ဆရာကြီး"

"ဟား …ဟား…ဟား ဒါဆို ဟန်ကျတာပေါ့ကွာ။
ကျုပ်တို့ဆရာတပည့်နှစ်ယောက်တွဲလို့ရတာပေါ့။
နောက်များမှာလည်း မောင်တာတေပညာလိုချင်ရင်
ကျုပ်ပေးဖို့ ဝံ့မလေးပါဘူးဗျ"

"ကျုပ်က ဆရာတော့။ မလုပ်ချင်ဘူးဗျာ။
ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားရုံ သက်သက်ပါပဲ"

"အော် ဒီလိုလား အေးပါလေ ။ အခုစိတ်မဝင်စားပေမဲ့
တစ်နေ့စိတ်ဝင်စားလာတဲ့အခါ ကျုပ်သင်ပေးပါ့မယ်"

"အေး ကောင်းသားဗျား။ဆရာတပည့်နှစ်ယောက်
အခုမှဆုံကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်
ခင်ခင်မင်မင်ရှိက ဘဝရေစက်ကြောင့်ပဲဗျ။
လုပ်ရကိုင်ရမဲ့ ကိစ္စတွေကို ဆရာနွံဖက
မောင်တာတေကို ပြောပါ့ဗျာ။ကဲ ကဲ ဘုန်းကြီးသွားမယ်
ဟိုဘက်ကျောင်းမှာ ဘုန်းကြီးရှိနေတာပဲ။
ကိစ္စရှိရင် တက်သာလာခဲ့ ဟုတ်လား ဒကာကြီးနွံဖ"

"မှန်ပါ့ဘုရား"

ဆရာတော် ဟိုဘက်ကျောင်းကြီး ကြွသွားတော့မှ
ဆရာကြီးက ကျုပ်ကိုပြောတယ်ဗျ။

အခုလာမဲ့ လပြည့်ညမှာ သစ်စုန်းတွေမြူးလိမ့်မယ်တဲ့။
ဒုက္ခတွေ အားလုံးကြုံနေတာ။ဒီလိုထူးဆန်းတဲ့
မှော်ဝင် ။ သိုက်ဝင်အပင်တွေဟာ
အသက်ဝင်ကြလိမ့်မယ်တဲ့ဗျာ။

"ဆရာ သစ်စုန်းဆိုတာ ဘယ်လိုပုံစံရှိလဲဗျ"

"အဲဒါကျုပ်လည်း သေသေချာချာ မမြင်ဖူးပါဘူး။
သရဲစံပွင့် ကျုပ်ကို ပြောတာကတော့
အရွက်က ဝိုင်းဝိုင်းကလေးတွေတဲ့ကွ။
ပြီးတော့ အလုံးကထွာစိုင်လောက်ရှိပြီတဲ့။
အမြင့်ကတော့ လူရင်စို့လောက်ရှိနေပြီဆိုပဲ။
အသားကတော့ အင်မတန်မာတယ်တဲ့။
အနှစ်ကို ပြည့်နေတာတဲ့ကွ။တစ်နှစ်ကိုတစ်ခါ
နက္ခတ်စုံတဲ့ ညမှာ သစ်စုန်းမြူးတတ်တယ်တဲ့။
အမြစ်က ကျွတ်ထွက်ပြီး သင်္ချိုင်းထဲမှာ
လူလမ်းလျှောက်သလိုကို လျှောက်သွားတာတဲ့ကွ။
အဲဒါ သူ့နေရာကို ပြန်ဝင်ကာနီးအချိန်မှာ
ပြေးဖက်ပြီး သင်္ချိုင်းအပြင်ကို ရောက်အောင်
ထုတ်ယူနိုင်ရင် သစ်စုန်းရရောတဲ့ တာတေရေ"

"အော် အဲဒီသစ်စုန်းရရင် ဘာဖြစ်တုံး ဆရာကြီး"

"ပင်စည်ကို တောင်ဝှေးလုပ်ပြီး ဆရာတွေကိုင်ရတာကွ။
အရွက်တွေ အကိုင်း အမြစ်တွေကိုတော့
အခြောက်လှမ်း အမှုန့်ထောင်းပြီး
ဆေးတောင့်လုပ်ရတာပေါ့
အဲဒီဆေးတောင့်ကလေး ရေဖျော်တိုက်ရင်
ပရောဂ ပြေးတာပေါ့ကွာ။
ဒီဆေးတောင့်ရေကို အိမ်ဘေးပတ်ပြီး
ဖျန်းထားရင် ပရောဂ မကပ်နိုင်ဘူးပေါ့ကွ။
ဆေးတောင့်ဝှေးကတော့ ပရောဂကို
ရွယ်လိုက်တာနဲ့တင် ပရောဂတွေ
ဖိန့်ဖိန့်တုံအောင် ကြောက်ကြတယ်"

"ဟာ တော်တော်တော့ စွမ်းတဲ့ သစ်စုန်းနော် ဆရာကြီး"

"စွမ်းပါပြီလား တာတေရယ်"

"ဟုတ်ပြီ ကျုပ်လုပ်မယ်ဗျာ"

"အဲဒါမြင်ဖို့က မလွယ်ဖူးကွ။
အစွမ်းထက်တဲ့ မျက်ကွင်းဆေး ရှိဖို့လိုတယ်။
အဲဒီမျက်ကွင်းဆေးက ကျုပ်မှာရှိပြီးသားပါ။
ပြန်ဖျက်တဲ့ ဆေးလည်းကျုပ်မှာ
အဆင်သင့်ရှိတယ် တာတေရဲ့။
ဘာမှမစိုးရိမ်နဲ့"

"ဟာ…မစိုးရိမ်ပါဘူး ဆရာရယ်။
ဆရာကြီးကို မြင်လိုက်ကတည်းက ကျုပ်ယုံပြီးသားပါ"

"အေး ကောင်းပြီ တာတေ။ကျုပ်ဘက်အပိုင်းကို
စိတ်ချ။မောင်တာတေသာ သစ်စုန်းပင်ကိုတွေ့ရင်
အရအမိ ယူရဲရမယ်။ဘာကောင့်တွေပဲ တွေ့တွေ့။
မကြောက်ရဘူး။မောင်တာတေကို ဘယ်လိုကောင်မှ
မလုပ်ရဲအောင် ကျုပ်ကာကွယ်ထားမယ်။
သစ်စုန်းပင် သင်္ချိုင်းမြေကျော်သွားပြီ ဆိုတော့မှ
ဒီအပင်ကို လူတိုင်းမြင်ကြမှာ ကျုပ်လည်း
ဒီတော့မှ ဒီအပင်ကို မြင်ရမှာ မောင်တာတေရဲ့"

"ကျုပ်မသိလို့ မေးပါရစေဗျာ"

"မေးလေကွာ တာတေရာ မေးပါကွ"

"ဆရာကြီးလည်း မျက်ကွင်းဆေးလိမ်းထားရင်
ဒီအပင်ကို မြင်ရမှာ မဟုတ်လားဆရာကြီးက
ဘာလို့မလိမ်းတာတုံး"

အပိုင်း(၃)ဆက်ရန်..

မူရင်းရေးသားသူအားလေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)