လူသားစား ကဝေ အပိုင်း(၁)
ကပ္ပလီကဝေမကြီးကိစ္စ ပြီးသွားတော့ တာတေ ရွာပြန်ဖို့ ပြင်တယ်။
ဒါပေမဲ့ ပြန်မယ်ကိစ္စ ဆရာကြီးကို ပြောမယ့်ဆဲဆဲမှာပဲ ဆရာကြီးက
"မောင်တာတေရေ ဆရာကြီးတို့တော့ နောက်တစ်ပွဲ
နွှဲရဦးတော့မယ်ဟေ့"
တာတေလိုပဲ ရှမ်းပြည်ကို ပြန်တက်ဖို့ ပြင်နေတဲ့ ဆရာနွံဖလည်း
အံ့သြပြီး ဆရာကြီးကို လှမ်းကြည့်လိုက်တယ်ဗျ။
"အေး …နွံဖလည်း မပြန်နဲ့ဦး။ ဒါလည်း ပွဲကြီးပွဲကောင်းပဲ
ဖြစ်မှာကွဲ့"
"ဟုတ်ကဲ့ပါ ဆရာကြီး ။ ကိစ္စရှိသေးတယ်ဆိုရင်
ကျနော်မပြန်သေးပါဘူး"
"အေး ကိစ္စက ပေါ်လာပြန်ပြီ နွံဖရဲ့။ဒီတစ်ခါကတော့
ပဲခူးရိုးမဘက်မှာတဲ့ကွ။ လူသားစားတဲ့ ကဝေတစ်ကောင်
ရောက်နေတယ်ဆိုပဲ"
"ဗျာ လူသားစားတဲ့ကဝေ ဟုတ်လား ဆရာကြီး"
"အေး ဟုတ်တယ် ဒီကောင် ပေါရိသာရလမ်းစဉ်ကို
လိုက်တဲ့ ကဝေကွ။ ဒီကောင်တွေကလည်း
ကပ္ပလီကဝေမကြီးလိုပဲကွ။
လူသားကို မကြာမကြာ စားကြရတယ် ။ ဒါမှ
သူတို့ရဲ့ ပညာအဆင်တက်လို့ရတာတဲ့ကွ"
ဆရာကြီးရဲ့ အိမ်က ဧည့်ခန်းကြီးထဲမှာ ဆရာကြီးရယ်
ဆရာနွံဖရယ် ။ ကျုပ်ရယ် သုံးယောက်သား စကားပြောနေကြတာဗျ။
လူသားစားကဝေ ဆိုတဲ့ အကောင်ကြီးကို တွေးပြီး
ကြောက်ကို သွားတာဗျို့။ ဆရာကြီးရဲ့ ဧည့်ခန်းကြီးက
ကျယ်သလောက် ရှေးဟောင်းပန်းချီကားကြီးတွေရယ်
နိုင်ငံတကာက ဆရာကြီးယူလာတဲ့
အထူးအဆန်းပစ္စည်းကလေးတွေကို
မှန်ပုံးကလေးတွေနဲ့ ပြသထားတာတွေရယ် တော်တော်ကို
စုံပါတယ်ဗျာ။ အားတဲ့အခါတိုင်း ဆရာနွံဖက
ဆရာကြီးရဲ့ ဧည့်ခန်းကြီးထဲက ပစ္စည်းတွေကို
တစ်ခုချင်းပြပြီး ရှင်းပြလေ့ရှိတယ်ဗျ။
ကျုပ်တစ်ခုပြောရဦးမယ်။ ကျုပ် ဆရာကြီးဆီကို
စရောက်ကတည်းက အခုအချိန်အထိပေါ့ဗျာ။
ဆရာကြီး ဘောင်းဘီရှည်ဝတ်တာ။ ရှူးဖိနပ်စီးတာမျိုးတွေ
တစ်ခါမှ မတွေ့ဖူးဘူးဗျ။ ဆရာကြီးက ပုဆိုးကွက်တုံးကြီးနဲ့
ပိတ်အင်္ကျီကိုပဲ အမြဲဝတ်တာဗျ။ နိုင်ငံတကာလှည့်ပြီး
ပြန်လာတယ်ဆိုပေမယ့် ဆရာကြီးဟာ လုံးဝဗိုလ်မဆန်ဘဲ
မြန်မာတော်တော်ပီသတာဗျ။ စားတာသောက်တာကအစ
မြန်မာ့ရိုးရာ အစားအစာကိုပဲ စားတယ်။ နေတာ ။
ထိုင်တာ ။ ပြောတာကအစ လွှတ်ရိုးတဲ့ လူကြီးပါဗျာ။
"ကဝေတွေဟာ မာယာတော့ တော်တော်များတယ်နော်"
လို့ ဆရာနွံဖက ပြောလိုက်တယ်ဗျ။ဒီတော့ ဆရာကြီးက
ခန့်ငြားတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်တယ်။
"သြော် နွံဖရယ် ။ နာမည်ကိုက အောက်လမ်းလေကွာ။
အောက်ဆိုတာ နိမ့်ကျတာကို ပြောတာမို့လား။
ဘယ်မှာမြင့်မြတ်တဲ့အလုပ် ဖြောင့်မတ်တဲ့ အလုပ်ကို
လုပ်ပါမလဲကွာ"
ဆရာကြီးနဲ့ ဆရာနွံဖ ပြောတာကို နားထောင်ရင်း
ကျုပ်စိတ်ထဲမှာ ကျုပ်သိပ်သိချင်တာတစ်ခုကို
မေးကြည့်ချင်လိုက်တာဗျာ။ဆရာကြီးက
တော်တော်ကို ပါးနပ်တာဗျို့။ကျုပ်ကို တစ်ချက်ငဲ့ကြည့်ပြီး…
"ဟာ မောင်တာတေ စိတ်ထဲသိချင်တာရှိ မေးလေကွာ
မေးပါ ဒါမှ ဗဟုသုတ တိုးလာမှာပေါ့"
ဆရာကြီးက ပြောတော့ ကျုပ် အားတက်သွားပြီး…
"ဒီလိုပါ ဆရာကြီး။ ဟိုကပ္ပလီမကြီး ကိစ္စတုန်းက
ကပ္ပလီမကြီးက လက်ထဲမှာ တစ်ခုခုကို ဆုပ်ထားသလိုလုပ်ပြီး
ပါးစပ်က မန္တန်ရွတ်လိုက်တဲ့အခါ လက်ထဲမှာ
ဝင်းဝင်း ဝင်းဝင်း ဖြစ်သွားပြီး ဆရာကြီးကို လှမ်းပစ်လိုက်တယ်။
အဲဒီမှာတင် ကပ္ပလီမကြီးရဲ့ လက်ထဲကနေ
အလင်းလုံးကလေးတစ်ခု ထွက်လာတာကို
ကျုပ်တွေ့လိုက်တယ်။ ကွမ်းသီးလုံးလောက်တော့ ရှိမယ်ဗျ။
အဲဒါ ဆရာကြီး ပစ်လိုက်တဲ့အင်းနဲ့ တည့်တည့်ထိပြီး
လွင့်စင်ထွက်သွားတယ်ဗျ။ကဝေမကြီးတောင်
ဖင်ထိုင်ရက် လဲကျသွားသေးတယ်။
အဲဒီ အလင်းလုံးက ဘယ်က ထွက်လာတာတုံး
ဆရာကြီးရဲ့။ ပြီးတော့ အဲဒါ ဘာခေါ်သလဲဆိုတာ…"
ကျုပ် စကားမဆုံးခင် ဆရာကြီးက လက်ကာပြလိုက်တော့
ကျုပ်လည်း စကားကို အဲဒီမှာတင် ရပ်လိုက်ရတာပေါ့ဗျာ။
"အဲဒါ ကဝေစက်လို့ ခေါ်တယ် မောင်တာတေရဲ့။
ထိလိုက်လို့ကတော့ ပွဲချင်းပြီးသွားမှာပေါ့ကွယ်။
ဆရာကြီး ပစ်လိုက်တဲ့ အင်းက စက်ဖျက်အင်းလို့
ခေါ်တယ်ကွဲ့။ဆရာကြီးက အထက်လမ်း မှော်အတတ်ကို
တော်တော်ကလေး တတ်ထားတဲ့သူဆိုတော့
ဘယ်ကဝေကို ဘယ်အင်းနဲ့ နှိမ်နင်းရမယ်ဆိုတာ
အတတ်သိနေတာပေါ့ကွယ်"
"အော် ဒါက ကဝေစက်ကိုး"
ကျုပ်က တစ်ယောက်တည်းပြောရင်း မှတ်ထားလိုက်မိတယ်ဗျ။
"ဆရာကြီး အခု ဆရာကြီးသွားပြီး နှိမ်နင်းမယ့်
လူသားစားကဝေက ဘာတွေများ လုပ်ပါသလဲ"
လို့ ဆရာနွံဖက မေးတယ်ဗျ။ဒီတော့ ဆရာကြီးက
"အင်း ဒီကောင်ကလည်း တော်တော်တော့ ဆိုးသားကွ။
သူ့စားမယ်လူကို နေ့သားအလိုက် စားကြတယ်။
တနင်္ဂနွေသားသမီးကို စားမှာဆိုရင် ရွာစဉ်လှည့်ပြီး
တနင်္ဂနွေသားသမီးကို တွေ့အောင် ရှာရတာကွ။
တွေ့ပြီဆိုတာနဲ့ လူအလစ်မှာ တို့ဆေးနဲ့ တို့ပစ်ခဲ့တာ။
အဲဒီကဝေရဲ့ သားကောင်ဖြစ်သွားတဲ့သူက
ကဝေရှိတဲ့ တောထဲကို မရောက်,ရောက်အောင်
သွားတော့တာပဲကွ။ သတိမရှိတော့ဘူးပေါ့ကွာ။
အိပ်မွေ့ချထားတဲ့လူလိုကို ဖြစ်နေတော့တာ။
အဲဒီမှာတင် ဒီကောင်က သူစီရင်ထားတဲ့ ယစ်ခုံကို
ခေါ်သွားပြီး သူကိုးကွယ်တဲ့ မိစ္ဆာကောင်ကိုပင့်ဖိတ်ပြီး
ယစ်ကောင်ကို လည်ချောင်းသွေးဖောက်ပြီး သွေးကို
ငွေဖလားနဲ့ ခံတာကွ။ အဲဒီငွေဖလားကလည်း
သေသေချာချာအစီအရင်နဲ့ စီရင်ပြီး လုပ်ထားတဲ့
ဖလားကွ။ ပြီးရင် အဲဒီသွေးနဲ့ မိစ္ဆာကြီးကို ပူဇော်ရတယ်ကွ"
"ဟာ လူသတ်ပြီး ယစ်ပူဇော်တာပေါ့နော် ဆရာကြီး"
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment