မျောက်တစ်ရာရွာ ၊ အပိုင်း(၅) ဇာတ်သိမ်းပိုင်း
သူ ခိုးသွားခဲ့တဲ့ ရတနာတွေအားလုံးက သူ့အိမ်ရောက်တာနဲ့မီးသွေးမှုန့်တွေ ဖြစ်သွားတယ်တဲ့။ အဲ့ဒါနဲ့ သူခိုးလည်း လန့်ဖျပ်ပြီး ပြန်လာပို့တုန်း အဖမ်းခံရတာပါတဲ့။ ဒါပေမယ့် သူခိုးလာထားတဲ့ ရတနာတွေကို မောင်မှတ်တို့ အိမ်မှာ ပြန်ဖွင့်ကြည့်တော့ နဂို အကောင်းအတိုင်းပဲ ရှိနေခဲ့တယ်။
ဒါနဲ့ မယုံတဲ့သူတွေက စမ်းသပ်ကြည့်ကြတယ်။ မောင်မှတ်က သူ့ ခွင့်ပြုချက်နဲ့ တစ်ချို့ကို ငှါးခဲ့ပြီး တချို့ကို မသိအောင်ယူဖို့ စီစဉ်ကြတယ်။
သူခိုးပြောတဲ့အတိုင်း အမှန်ပဲ။ ယူသွားတဲ့သူတွေအထဲမှာမှ မောင်မှတ်ဆီက ခွင့်ပြုချက်မရတဲ့သူတွေဆီက ပစ္စည်းတွေ အကုန်လုံးက မီးသွေးတွေ ဖြစ်ကုန်ကြတယ်။ ခွင့်ပြုချက်နဲ့ ငှါးသူတွေက ဘာမှမဖြစ်ဘူး။
ဒီဖြစ်စဉ်ကြောင့်ပဲ မောင်မှတ်တို့ရဲ့အိမ်ကို ဘယ်သူခိုး၊ ဓားပြမှ ၀င်ဖို့ မစဉ်းစားရဲကြတော့ဘူး။
*
အချိန်တွေလည်း ကြာခဲ့ပါပြီ။ မောင်မှတ်ဟာလည်း ဦးဘိုးမှတ်ဖြစ်ခဲ့ပြီ။
ဦးဘိုးမှတ်ဟာ အသက်ငါးဆယ်အရွယ်မှာ သူသေရင် ရတနာတွေကို သုံးစွဲနိုင်သူ မရှိတော့မှာစိုးတဲ့အတွက် သုံးပုံပုံ၊ နှစ်ပုံကို ထုခွဲရောင်းချခဲ့ပြီး ရရှိတဲ့ ငွေကြေးနဲ့ ပဲခူးမြို့ပေါ်ကို အပြီးပြောင်းရွှေ့ခဲ့ပြီး တက်ပြီး သူ့ရဲ့ နောင်မျိုးတက်အတွက် နေရေးထိုင်ရေးတွေ စီစဉ်လို့ များပြားတဲ့ ရင်းနီးမြှုပ်နှံမှု လုပ်ငန်းတွေလုပ်ခဲ့တယ်။
ကျန်တဲ့ တစ်ပုံကိုတော့ မပြောင်းခင် မြယာတောရွာရဲ့ ဦးထိပ်ဆီမှာ ကိုးတောင်ပြည့်စေတီကလေးတစ်ဆူတည်ခဲ့ပြီး ဋ္ဌာပနာထည့်ခဲ့ပါတယ်။ ပြီးတော့...ဘုရားထီးတင်တဲ့ရက်မှာ ကပိပုဏ္ဏမျောက်အမျိုးအနွယ်များကို အမျှပေးဝြေပီး သာဓုအနုမောဓနာ ပေးဝေခဲ့ပါတယ်။
ဦးဘိုးမှတ်ရဲ့ နောက်ပိုင်း လူတချို့က မျောက်တစ်ရာရွာကို ရှာဖွေဖို့ ကြိုးစားခဲ့ဖူးကြပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ရွာကို တွေ့အောင် မရှာနိုင်ခဲ့ကြပါဘူး။
ထို့အပြင် ဦးဘိုးမှန်ကိုယ်တိုင် အသက်လေးဆယ်အရွယ်မှာ စမ်းသပ်တဲ့အနေနဲ့ နောက်ထပ် တစ်ကြိမ်ပြန်လည်ရှာဖွေရာတွင်လည်း တွေ့ရှိခြင်းမရှိခဲ့ရပါ။
ပြီးပါပြီ။
မူရင်းရေးသားသူအား လေးစားစွာcreditပေးပါသည်။

Comments
Post a Comment