ကျောက်တစ်လုံးသိုက်၊ အပိုင်း(၄)
ပြီးတော့ ထွန်းပြီးသော
ဖယောင်းတိုင်ကို အင်းချပ်များ ပေါ်တင်၍
စိုက်ထွန်းလိုက်သည်။
"သိုက်ကို စည်းချလိုက်ပြီ"
ခေါင်းဆောင်လုပ်သူ ဆရာကြီးက လက်အတွင်းရှိ
အင်းကို ကိုင်မြှောက်၍ ဂါထာများ ၊ ရွတ်ဖတ်လိုက်ပြီး
ရှေ့လှမ်းလှမ်းသို့ ပစ်ပေါက်လိုက်သည်။
ဝေါ …ဝုန်း…ဝုန်း …
တဝေါဝေါ မြည်ဟီးလာသော အသံကြီးနှင့်အတူ
လေပြင်းကြီးကျလာပြီး၊ သိုက်အောင်ခြေမှ
ဖုန်များ ဝေါခနဲ ထလာသည်။
လေပြင်းကြီးက အနီးအနား သစ်ပင်များ
ယိမ်းယိုင်လောက်အထိ အဆက်မပြတ်
တိုက်ခတ်လျက်ပင် ရှိလေရာ…
အချိန်ကလည်း အမှောင်ဘက်သို့ သန်းလာပြီမို့
စိတ်ချောက်ချားစရာ ကောင်းလာသည်။
သိုက်အောက်ကမ်းပါးရှိ မြေမှုန်များ
လွင့်စင်ကျသော နေရာမှ ဝုန်း ဟူသော
အသံကြီးနှင့်အတူ မီးခိုးလုံးများ အူတက်လာသည်ကို
အားလုံးတွေ့ကြရသည်။
"ကဲ…သိုက်ရဲ့ အပြင်စည်းကို အုပ်ချုပ်တဲ့
အစောင့်ချုပ်၊ ဘီလူးမကျောက်ရုပ် ပေါ်လာပြီ
ကျောက်ရုပ်ပေါ် ချည်မန်းကွင်းပြေးပြီး
သွားစွပ်လိုက် …သွား အမြန်သွား "
တပည့်နှစ်ယောက်အနက် တစ်ယောက်က
ဆရာကြီးပေးထားသော ချည်မန်းကိုစွပ်ရန်
အနီးသို့ ကပ်သွားနေသည်။
XXXXX
"မောင်အေး အောက်လမ်းဆရာတွေတော့
သိုက်ကို ချုပ်နေပြီ"
"ဒီဆရာတွေ ဘယ်လောက်စွမ်းလဲ စောင့်ကြည့်အုံးမကွဲ့၊
သိုက်ကလည်း ဘယ်အထိတောင့်ခံပြီး ပြန်ခုခံမလဲ
စောင့်ကြည့်သေးတာပေါ့ "
"သူတို့က သာနေရင်တော့ ဆရာကြီး"
"သူတို့ သာမယ့်အခြေအနေဆိုရင် ဆရာကြီး
ဒီအတိုင်းမနေပါဘူး ခဏလေးသည်းခံ"
"ကဲ …အခြေအနေကို စောင့်ကြည့်ပါအုံး
မောင်အေးရဲ့ "
"ဟုတ်ကဲ့ ဆရာကြီး"
သို့ဖြင့် အထက်လမ်းဆရာနှင့် တပည့်မောင်အေးတို့က
အောက်လမ်းဆရာနှင့် မနီးမဝေးမှာ အခြေအနေကို
အကဲခတ် စောင့်ကြည့်နေကြသည်။
XXXXXX
"ဝေါ …ဝေါ …ဝေါ .…ဝုန်း …"
"ဝုန်း …ဝေါ…"
တစ်ခဲနက် ဆူညံ၍ လာသော နာနာဘာဝ၏
အော်ဟစ်သံများမှာလည်း ကြောက်မက်ဖွယ်ရာ
ပေါ်ထွက်လာရုံမျှမက။
"ဟေ့ကောင်လူယုတ်မာ ကျောက်ရုပ်နားမကပ်နဲ့
ဟီး …ဟီး …ဟီး …ဟီး …"
အစောင့်များက အစွယ်များ ဖွေးဖွေး မျက်လုံးများ
ပြူးထွက်ကာ ချည်မန်းကွင်းစွပ်ရန် သွားနေသူ
အောက်လမ်းဆရာ၏ တပည့်အား ခြောက်လှန့်ထုတ်နေသည်။
အသံဆိုး အသံနက်ကြီးများဖြင့် အော်ဟစ်ကာ
ချိန်းခြောက်နေသည့် အသံကြောင့် ၊
ချည်မန်းကွင်းစွပ်မည့် လူလည်း
အနားမကပ်ရဲပဲ ရှိနေသည်။
"ဟေ့ကောင် မကြောက်နဲ့ မကြောက်နဲ့
စွပ်လိုက်မြန်မြန် "
အောက်လမ်းဆရာ၏ အသံကြောင့်
တပည့်လည်း အားတက်သွားကာ
ကျောက်ဘီလူးမရုပ်ကို ချည်မန်ကွင်း
စွပ်လိုက်သည်။ ကျောက်ရုပ်ကို
ချည်မန်ကွင်းစွပ်မိသည်နှင့်
ဆူညံနေသော အသံများ ၊
လေပြင်းတိုက်ခတ်သည့်အသံများလည်း
ငြိမ်သက်၍ သွားလေသည်။
"အိမ်း …ဘီလူးမကျောက်ရုပ်ကို ချုပ်ပြီကွဲ့ "
ကျောက်ရုပ်ကို ချုပ်မိသည်နှင့် ခေါင်းဆောင်
လုပ်သူ ဆရာသည် ဒုတိယအင်းချပ်ကို
ဂူဝသို့ ပစ်သွင်းလိုက်လေသည်။
တဂျုံးဂျုံး၊ တဂျိုင်းဂျိုင်း မြည်ဟီး၍
သွားသော အသံကြီးနှင့်အတူ တောတောင်
တစ်ခုလုံးမှာလည်း ရုတ်ရုတ်
သဲသဲ ဖြစ်၍ လာလေတော့သည်။
လေတို့သည်လည်း ငြိမ်သက်နေရာမှ
ပြန်လည်၍ တဟီးဟီးနှင့် အဆက်မပြတ်
တိုက်ခတ်ပြန်လေသည်။
တိုက်ခတ်လာသော လေပြင်းနှင့်အတူ …
"ဝုန်း "
ဟူသော အသံကြီးနှင့် မရှေးမနှောင်းမှာပင်၊
ကျောက်တစ်လုံး အောက်ကမ်းပါးကြီးအလယ်မှ
ကျောက်ဂူကြီး တစ်ခု၏ သဏ္ဍာန်သည်
ရုတ်တရက် ပေါ်ပေါက်၍ လာခဲ့တော့သည်။
ထိုအခါ ခေါင်းဆောင်ဖြစ်သော အောက်လမ်းဆရာကြီးက
"ကိုင်းစည်းထဲက အပြင်မထွက်ကြနဲ့
လာသမျှရန် ကျုပ်ခုခံမယ် "
အောက်လမ်းဆရာကြီး၏ ခပ်မာမာ
ပြောလိုက်သံကြောင့် ကျန်တပည့်နှစ်ယောက်လည်း
ထိုဆရာနောက်မှနေ၍ ပတ်ဝန်းကျင်ကို
အကဲခတ်ကြည့်ရင်း ထိတ်လန့် နေပုံရသည်။
မကြာမီ လိုက်ခေါင်းကြီး အတွင်းဘက်မှ
အသံနက်၊ အသံသြကြီးများနှင့်အတူ
တဝီဝီ အော်မြည်လာသော ပိတုန်းကောင်ကြီးများကို
တွေ့လိုက်ရသည်။ ငှက်တစ်ကောင်နှယ်
ကြီးမားသော ပိတုန်းကြီးများ ဖြစ်သည်။
တစ်ချက် တုပ်မိလျှင်ပင် အသက်ပျောက်မည်မှာ
သေချာလှသည်။
ခေါင်းဆောင်ဆရာက မခိုးမခန့် ရယ်မောလိုက်သည်။
"ဟား …ဟား ဟား …ဒီလောက်နဲ့
လာခြောက်မနေစမ်းပါနဲ့ကွာ
မင်းတို့ ခေါင်ချုပ်ကိုယ်တိုင် လာတိုက်စမ်းပါ
ပြောနေကြာတယ်၊ ကဲ လာလေရော ဟယ် "
မည်သည့်အရာနှင့် ပစ်ပေါက်လိုက်သည်မသိ
ဝေါ ဟူ၍ မြည်ပြီး၊ မီးခိုးလုံးကြီး ထလာပြီးနောက်
ပိတုန်းကောင်များ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာ တင်းပုတ်ကြီးများ ကိုင်ထားသော
ဘီလူးကြီးလေးကောင် ရုတ်တရက်
ပေါ်လာပြီး လိုက်ဂူအထက်မှ အောက်သို့
ခုန်ချလိုက်တော့သည်။
"အုံး…"
ဟူသော အသံကြီးပေါ်ထွက်လာပြီး တောင်ကမ်းပါးကြီး
တစ်ခုလုံး သိမ့်ခနဲ ဖြစ်သွားလေသည်။
ထိုအချိန် ခေါင်းဆောင်ဆရာသာလျှင် တည်တည်ငြိမ်ငြိမ်
ရှိနေပြီး ကျန်တပည့်နှစ်ယောက်နှင့် အောက်လမ်း
ဆရာတို့က စိုးရိမ်နေကြသည်။
"ဆရာကြီး နိုင်ခြေရှိပါ့မလား "
"မစိုးရိမ်နဲ့ စည်းအပြင်ကိုသာ မထွက်ကြနဲ့ "
"ကျားရုပ်ဆိုတာရော "
"အဲဒါက သိုက်ရဲ့ အတွင်းဘက် စည်းကို
စောင့်နေတာ ၊ အစောင့်တွေကို နှိမ်နင်းနိုင်လို့
သိုက်ဖွင့်ရင် သံလျက်ကိုင်တဲ့ ဘီလူးကြီး
တစ်ကောင်ကို ထပ်ပြီး နှိမ်နင်းရအုံးမကွဲ့၊
ဘီလူးကြီးကို ကျော်တာနဲ့ ကျားရုပ်ကို
ချည်မန်းကွင်း စွပ်ရအုံးမယ်၊
သူ့ကို စွပ်နိုင်ရင် အားလုံးပြီးပြီး၊ သူက
အတွင်းစည်းကို စောင့်တဲ့ အဓိကကျားပဲ၊
အပိုင်း(၅)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments
Post a Comment