ကန်တော်ကဝေမ ၊ အပိုင်း(၇) ဇာတ်သိမ်းပိုင်း
"ကဲ တာတေ မင်းခါးမှာ ချည်ထားတဲ့ သနွပ်ကြိုးဖြုတ်လိုက်ကွ၊ ဆရာကြီးနောက်ကို လိုက်ကြဦးစို့ရဲ့"
ကျုပ်လည်း ခါးကသနွပ်ကြိုးကို ဖြုတ်တယ်။ သနွပ်ကိုတော့ လက်ကကိုင်လာတယ်ဗျ။ လိုကာမယ်ကာပေါ့ဗျာ။ ဆရာတပည့်နှစ်ယောက်စလုံးကတော့ ရေအရွှဲသားနဲ့ပေါ့ဗျာ။ ဟော တွေ့ပြီဗျို့။ ကန်ရဲ့အရှေ့ဘက်မှာ ကဝေမကြီးနဲ့ ဆရာကြီးနဲ့ အပြင်းအထန်ကို တိုက်နေကြတာဗျို့။
"ဟဲ့အကောင် ဆရာစုတ်၊ နင့်လူတွေငါ့ရဲ့မိချောင်းကို ကိစ္စတုံးလိုက်ကြပြီမို့လား၊ အေး နင့်ကိုငါ ကိစ္စတုံးပြီသာမှတ်တော့ ဆရာစုတ်"
"ငါက နင့်အသက် နင့်ကိုယ်ထဲဝင်လာအောင် တမင်စောင့်နေတာဟေ့ ကဝေမရဲ့၊ ဒါမှနင့်ကို ငါ ကိစ္စတုံးလို့ရမှာ"
"ဪ ဒီလိုလား၊ ရော့ ဟောဒီကဝေစက်က ငါ့ကိုယ်ပိုင်စက်ဟေ့၊ ရော့"
ကဝေမကြီးက မျက်လုံးကရော ပါးစပ်ကပါ တဝင်းဝင်းနဲ့ စက်တွေထုတ်လွှတ်လိုက်တာဗျို့။ ဆရာကြီးက လက်ဝါးကို ဖြန့်ကာလိုက်ပြီး ပြန်တွန်းပေးလိုက်တော့ ကဝေမကြီးရဲ့စက်တွေက ရှေ့ထက်မတိုးနိုင်ဘဲ ကဝေမကြီးပါဖင်ထိုင်ရက်လဲကျသွားရောဗျို့။ ကဝေမကြီးကား လဲနေရာကနေပြန်ထမယ်အလုပ်မှာ ဆရာကြီးကရှေ့ကို ပြေးဝင်သွားပြီးသူ့လက်ထဲကဆေးတောင့်နဲ့ တအားပေါက်ချလိုက်တယ်ဗျို့။
"ဝုန်း ဝုန်း"
ဟာ မီးတောက်ကြီးပါ ထသွားတာဗျို့။ ကဝေမကြီးလည်းမီးတောက်ထဲမှာ လှိမ့်နေရောဗျာ။
"အဲဒါ မီးမှော်လို့ခေါ်တယ် ကဝေမရေ၊ နင်ကရေထဲကလာတဲ့ ပညာသည်ဆိုတော့နင့်ကို မီးမှော်နဲ့တိုက်လိုက်တာလေ။ မီးများမီးနိုင်၊ ရေများရေနိုင်တဲ့၊ ကဲ နင်ရအောင် ငြိမ်းပေတော့"
ကဝေမကြီးက လက်တွေကကွေးကောက်ပြီး ပါးစပ်ကြီးဟပြီးရေတွေ မှုတ်ထုတ်တယ်ဗျ။ ဒါပေမယ့် သူ့ပါးစပ်ကထွက်လာတဲ့ ရေကမီးတောက်ကြီးကို လုံးဝမငြိမ်းနိုင်တော့ဘူးဗျို့။ မီးတောက်ကြီးကကြီးသတဲ့ကြီးလာပြီး။
"အား"
ကဝေမကြီး အသံနက်ကြီးနဲ့ အော်လိုက်တာ အနီးအနားက ကျီးကန်းတွေတောင်လန့်ပျံကုန်ကြတာဗျို့။
"အား အား အား အား"
ကျီးပျိုတဲ့အသံတွေက ပတ်ဝန်းကျင်တစ်ခုလုံးဆူညံသွားတော့တယ်ဗျာ။
"ဟင် ဟိုမှာမိန်းကလေးတစ်ယောက်၊ လဲနေပါလား ဆရာနွံဖ"
"ဟေ ဟုတ်သားပဲကွ အသာကြည့်နေ တာတေ"
နောက်ဆုံးတော့ မီးတောက်ကြီးက ကန်တော်ကဝေမကြီးကို ပြာဖြစ်အောင် လောင်မြိုက်သွားတော့တာပေါ့ဗျာ။
"ဟင် ဟိုကလေးမလေး ထလာပြီဗျ"
ကျုပ်ကြည့်နေတုန်းမှာပဲ လမ်းဘေးမှာလဲနေတဲ့မိန်းကလေးက သတိရသွားပြီး ငုတ်တုတ်ကလေး ထထိုင်လိုက်တယ်ဗျ။ ပြီးတော့ဟိုကြည့်ဒီကြည့်လုပ်နေတယ်။
"နွံဖနဲ့မောင်တာတေ လာကြကွဲ့၊ ဒီကလေးမကို ကျောင်းကိုခေါ်ခဲ့၊ ဘုန်းကြီးဦးဉာဏဆီ အပ်လိုက်ကြ"
ကျုပ်တို့ကျောင်းပြန်ရောက်တော့ ဘုန်းကြီးဦးဉာဏနဲ့ ဦးပဥ်ဇင်းတွေက ကျုပ်တို့ကိုဆီးကြိုနေကြတာဗျ။ သူတို့တွေ ကန်ထဲကတိုက်ပွဲကို လရောင်အောက်မှာမြင်နေရတာဆိုပဲ။ ဆရာကြီးရဲ့တိုက်ပွဲကိုတော့ မမြင်ရပေမယ့် ပြောဆိုကြိမ်းဝါးသံတွေကို အတိုင်းသားကြားနေကြရတယ်တဲ့ဗျ။
နောက်တစ်နေ့ရောက်တော့ ကဝေမကြီးစက်လွှတ်ပြီး ခေါ်လိုက်တဲ့ကလေးမကလေးကို သူ့အိမ်ပြန်ပို့ပေးကြတယ်။ ကန်တော်ကဝေမကြီးမရှိတော့တဲ့အကြောင်းကိုတော့ ဘုန်းကြီးဦးဉာဏကပြောပြလေရဲ့။ ကျုပ်တို့ဆရာတပည့်တွေကတော့ ရန်ကုန်ကိုပြန်ခဲ့ကြတာပေါ့ဗျာ။
ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment