မျက်ကွင်းဆေး ၊အပိုင်း(၄)
"ဘုရားတပည့်တော်နွံဖဟာ ဒီပညာတွေ
တတ်မြောက်တဲ့ အချိန်ကစပြီး
လူတွေရဲ့ ဒုက္ခကို ကယ်တင်ခဲ့တာပါပဲဘုရား။
အခုလည်း ဘုရားတပည့်တော် အလိုရှိတဲ့
ပစ္စည်းကိုရရင် သတ္တဝါတွေကို ကယ်တင်ဖို့ပဲ
စောင့်ရှောက်ဖို့ပဲ ရည်ရွယ်တာပါဘုရား။
ဤသစ္စာစကားမှန်ကန်ပါက ဘုရားတပည့်တော်တို့
ဆရာတပည့်နှစ်ယောက် ဒီညပြုလုပ်မဲ့
ကိစ္စကို အောင်မြင်ရပါလို၏ ဘုရား"
ကျုပ်ရော ဆရာကြီးပါ ဘုရားကို
ဦးသုံးကြိမ် ချလိုက်ကြတယ်။
"ကဲ…မောင်တာတေရေ သွားဖို့ အချိန်ကြပြီကွဲ့"
"ဟုတ်ကဲ့ အသင့်ပါပဲ ဆရာကြီး"
ကျုပ်နဲ့ ဆရာကြီး ရွာပြင်ကို ထွက်ခဲ့ကြတယ်။
ပြီးတော့ ရွာပြင်က ပတ်ပြီး လျှောက်ခဲ့ကြတယ်။
"ဒီအချိန်သွားမှ ဆရာမနိုင်ကို
သန်းခေါင်လောက်ရောက်မှာကွ။
ကြိုသွားလို့လဲ မရဘူးလေ။
မဖဲဝါက ကြိုသိနေရင် ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး
တာတေရ"
ကျုပ်နားထဲမှာ မဖဲဝါဆိုတဲ့ အသံကြားလိုက်ရတော့
နည်းနည်းတော့ လန့်သွားတာဗျို့။
ဒါပေမဲ့ ဆရာကြီးရဲ့ ပညာစွမ်းကို
ကျုပ်ယုံတယ်ဗျာ။ကျုပ်တို့ ဆရာတပည့်
ဘယ်ရွာကိုမှ မဝင်ဘဲ အပြင်ကချည်း
ပါတ်သွားကြတာ ဆရာမနိုင်ကို
ကျုပ်ကဖြတ်လမ်းသိတော့ အဲဒီလမ်းက
ဆရာကြီးကို ခေါ်လာတာ သန်းခေါင်မတိုင်ခင်
ဆရာမနိုင်သင်္ချိုင်းထဲကို
ကျုပ်တို့ဆရာတပည့်နှစ်ယောက်ရောက်လာတာဗျို့။
"ကဲ လာ မောင်တာတေ ဟိုဇရပ်ပေါ်ကို တက်ကြစို့"
ကျုပ်တို့ဆရာတပည့်နှစ်ယာက် နှစ်ဆောင်ပြုင်ရွာ
သင်္ချိုင်းကုန်းထဲက ဇရပ်ပေါ် တက်လာကြတယ်။
ဇရပ်ပေါ်မှာ ဆရာကြီးက အကျအနထိုင်လိုက်ပြီးတော့
သူ့လွယ်အိတ်ကြီးထဲက ကျောက်ပျဉ်သေးသေးလေးကို
ထုတ်တယ်။ပြီးတော့ မျက်စဉ်းပုလင်းလောက်ရှိတဲ့
ရေပုလင်းကလေးကို ထုတ်တယ်ဗျ။
နောက်တော့ ဆေးတောင့်တစ်တောင့်ကို
သွေးတော့တာပဲဗျာ။
ရေးရည်ညိုညိုကလေး ထွက်လာတော့မှ…
"ကဲလာ တာတေ။ မျက်စေ့ကို ကွင်းကြစို့"
ပြောပြောဆိုဆို ကျုပ်မျက်စေ့ နှစ်ဘက်မှာ
ဆေးကွင်းပေးတယ်ဗျ။ခင်ဗျားဒို့ ကျုပ်တို့
မျက်စေ့နာတဲ့အခါ မန်ကျည်းခေါက်သွေးပြီး
ကွင်းသလိုပေါ့ဗျာ။ခဏနေတော့
ဆေးခြောက်သွားတယ်ဗျ။
"လာ…ဒီရှေ့တိုး"
ဆိုလို့ ကျုပ်က ဆရာကြီးရှေ့ကို တိုးလိုက်ရတယ်။
ဆရာကြီးက ကျုပ်အိမ်ထဲကို ဆေးဥတစ်ဥ
ထည့်ပေးတယ်။
"ဒါဟာ 'ဝ'ကွင်း နန္ဒင်းဖြူကွ။
ဆေးစီရင်ပြီးသား မင်းဘာသာမင်းသွေးပြီး
မျက်စေ့ကို ကွင်းလိုက်ရင် အောက်က
မျက်ကွင်းဆေးအာနိသင် ပျက်သွားလိမ့်မယ်။
ဟောဒီမှာ မင်းအိတ်ထဲကို ထည့်ထားမယ်။
ပြီးတော့ အင်္ကျီစအိတ်ကို ကျုပ်ချိတ်အပ်နဲ့
ပိတ်လိုက်မယ်။ထွက်ကြပြီး မပျောက်အောင်ပေါ့ကွာ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
တော်တော်ကိုစေ့စပ်သေချာတဲ့ ဆရာကြီးပဲလို့
ကျုပ်စိတ်က တွေးလိုက်မိတယ်။
"ဒါမျိုးက မသေချာလို့မရဘူးလေ တာတေရဲ့။
ကဲ…မင်းဘာမှမကြောက်နဲ့နော် ။
သင်္ချိုင်းဘက်ကိုလှည့်ပြီး ကြည့်လိုက်ပေတော့
မင်းမြင်တာတွေ ကျုပ်ကို ပြောပြပေတော့"
ကျုပ် ခပ်ဖြေးဖြေးပဲ သင်္ချိုင်းကုန်းကြီးဘက်ကို
လှည့်လိုက်တယ်။
"ဟာ"
"မကြောက်နဲ့ မောင်တာတေ အဲဒါတွေက
အပါယ်လေးဘုံသားတွေပါ။ဒို့ဘုရားဟောခဲ့တဲ့
အပါယ်ဘုံသားတွေပေါ့။ကဲ မင်းမြင်တာ
ဆရာ့ကို ပြောပါဦး"
"ဆရာကြီး သင်္ချိုင်းထဲက အပင်ကြီးတွေပေါ်မှာ
အကောင်တွေ အပြည့်ပါပဲလားဗျ"
"အေး…ဟုတ်ပြီ ကြည့် ကြည့် မကြောက်နဲ့"
"ဟာ ဟိုဘန့်ဘွေးပင်ပေါ်မှာက
နှစ်ကောင်ဗျ။အို ကြည့်ပါဦး
တစ်ကောင်က နားရွက်အကြီးကြီးဗျ။
မျက်လုံးကြီးတွေကလည်း လင်ကွင်းလောက်ကို
ရှိပါလား"
"အော် ဟုတ်ပြီ ဒီကောင်တွေ ကျုပ်တို့ကို
ကြည့်နေကြသလား"
"ဟာ မကြည့်ဘူးဗျ ။ သူတို့ဖာသာနေနေကြတာပဲ"
"အေး ဟုတ်ပြီ သင်္ချိုင်းထဲကို လျှောက်ကြည့်ကွာ။
လသာလိုက်တာမှ ထိန်နေတာပဲ ။
အားလုံး မြင်ရပါတယ်"
"ဟာ ဆရာကြီး တောင်ဘက်က အုတ်ဂူကြီးပေါ်မှာ
ဆံပင်ဖားလျားကြီးနဲ့ မိန်းမတစ်ယောက်
ထိုင်နေတယ်ဗျ။သူ့ရှေ့မှာ ဆံပင်ဖားလျားနဲ့
သရဲမတွေ လေးငါးယောက်က ကြုံကြုံထိုင်နေကြတယ်"
"အော် မဖဲဝါလည်း ရောက်နေပြီးကိုး။
အေး အဲဒါ မင်းတွေ့ဖူးတယ်ဆိုတဲ့
မဖဲဝါပေါ့ကွာ။
ရှေ့ကဟာတွေက သူ့တပည့်တပန်းတွေပေါ့။
သူ့ကို ခစားနေကြတာ ဖြစ်မှာပေါ့။
သူကကော ကျုပ်တို့ကို ကြည့်သလားကွ"
"ဟာ ကြည့်တယ်ဗျ ။
မျက်လုံးကြီးကနည်းတဲ့ဟာမှ မဟုတ်ပဲဗျာ။
ကျုပ်အရင်တွေ့တုံးက ဖြူဖြူအရိပ်ကြီးဗျ"
"အေး အဲဒီတုံးက အရိပ်ပဲပြတာလေ။
အခုမင်းမြင်နေရတာက အကောင်ပေါ့ကွ တာတေရ။
အသာနေ သူတို့ကို သွားမကြည့်နဲ့
သစ်ပင်တွေလိုက်ကြည့်ကွာ။
ထူးခြားတဲ့ သစ်ပင်များတွေ့သလားလို့"
"သစ်ပင်တွေ အကုန်လုံးက ရောနေတာဗျ"
"ရင်စို့လောက်အရွက်ဝိုင်းဝိုင်းနဲ့ ထွာဆိုင်လောက်
အပင်လေကွာ"
"ဟာ…အဲဒီလိုအပင်တွေ အများချည်းဆရာကြီးရဲ့။
အော် နေပါဦး ။ မဖဲဝါကြီး စိုက်ကြည့်နေတဲ့
အပင်တစ်ပင် ရှိတယ်ဗျ"
"အေး…အေး ပြောစမ်း ဘယ်နားမှာလဲ"
"ဆရာကြီး အသာလှမ်းကြည့်လိုက်။
အုတ်ဂူအစိမ်းရောင်တွေ့လား"
"အေး…တွေ့တယ်လေ။
ဂူအစိမ်းက တစ်လုံးပဲရှိတာမို့လားကွ"
"အဲဒီ ဂူအစိမ်းရဲ့ ခေါင်းရင်းမှာ ရင်စို့လောက်
အပင်တစ်ပင်ရှိတယ်ဗျ။အရွက်ကလည်း
ခပ်ဝိုင်းဝိုင်းပဲ"
"ဟေ…အဲဒီအပင်ကို ငါမမြင်ရဘူးကွ။
ဟုတ်ပြီ မင်းက ဆေးကွင်းထားလို့
မြင်ရတာနေမှာပေါ့။ ကြည့်ထား
အဲဒီအပင်ပဲ ဖြစ်မယ်ကွ။
တာတေရေ အဲဒါသစ်စုန်းပဲကွ"
အပိုင်း (၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment